ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ အပြောင်းအရွေ့ဇာတ်လမ်း တခန်းရပ်သွားပြီး အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ မန်ယူနည်းပြ ဖာဂူဆန်က ပြောဆို လိုက်ပါတယ်။
တချိန်တည်းမှာပဲ ရီရဲလ်မက်ဒရစ် ဥက္ကဌ ရေမွန် ကယ်ဒါရွန်က ဒီရာသီအတွင်း မန်ယူရဲ့ တောင်ပံသမား ခေါ်နိုင်ရေး ကြိုးစားချက်တွေကို အဆုံးသတ်ကောင်း သတ်တော့မယ်လို့ အရိပ်အမြွက် ပြောပါတယ်။
ရီရဲလ်ဟာ ဒီနှစ်နွေရာသီ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ ရော်နယ်ဒိုကို ခေါ်နိုင်ရေး အတွက် အမျိုးမျိုး လုံးပန်းရင်း အချိန်ကုန်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဟမ်းဘတ်က ကွင်းလယ်သမား ဗန်ဒါဘတ်ကိုပဲ ခေါ်ယူနိုင် ခဲ့ပါတယ်။
“ဗန်ဒါဘတ်က ဒီနွေရာသီအတွင်းမှာ ရီရဲလ်အတွက် ပထမဆုံး ခေါ်ယူတဲ့ ကစားသမား ဖြစ်လာမှာပါ” လို့ ကယ်ဒါရွန်က ပြောပါတယ်။
ကာယကံရှင် ရော်နယ်ဒိုအနေနဲ့ နည်းပြ ဖာဂူဆန်ကို ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်ပြီး ရီရဲလ်ကို ပြောင်းနိုင်ဖို့ ကြိုးစားသွားလိမ့်မယ်လို့ မကြာသေးမီက သတင်းတွေ ထွက်ခဲ့ပါတယ်။
ပေါ်တူဂီ တောင်ပံသမားဟာ လောလောဆယ်မှာ ခွဲစိတ်မှု ခံယူထားတဲ့ ခြေကျင်းဝတ် ဒဏ်ရာ ကနေ အမြန်ဆုံး ပြန်ကောင်းလာဖို့အတွက် လစ္စဘွန်းမှာ နေထိုင်ရင်း လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
သူ့အနေနဲ့ ဒဏ်ရာကနေ လုံးလုံးပျောက်ကင်းဖို့အတွက် အချိန်ယူရမှာဖြစ်လို့ မန်ယူအသင်းရဲ့ ရာသီအစ ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ်နဲ့ စာချုပ်သက်တမ်းက ၂၀၁၂ အထိ ရှိနေပါတယ်။
နည်းပြ ဖာဂူဆန်က “မပြီးဆုံးနိုင်တဲ့ အပြောင်းအရွေ့ဇာတ်လမ်းတွေ အဆုံးသတ်သွားပြီဖြစ်လို့ ရော်နယ်ဒိုအနေနဲ့ မန်ယူမှာပဲ ဆက်ရှိနေတော့မယ်” လို့ ပြောပါတယ်။
“ကိစ္စတွေအားလုံး ပြီးဆုံးဖို့ နီးကပ်လာပါပြီ။ နောက်ဆုံးမှာတော့ သူက မန်ယူ ကစားသမားပါပဲ။ နောက်ရာသီမှာ သူ ဒီမှာ ရှိနေလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်”
ယူနိုက်တက်ဟာ ပရီးမီးယားရှစ်အကြို ကွင်းဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အက်ဖ်အေ ဖလား ချန်ပီယံ ပို့စ်မောက်နဲ့ ရှေ့အပတ်ထဲမှာ ကစားရမှာ ဖြစ်ပါတယ်။
|