ခရစ်စတီယာနို ရော်နယ်ဒိုဟာ ရီရဲလ်ကို ပြောင်းရွေ့ခွင့်ရရေးအတွက် နည်းပြ ဖာဂူဆန်ကို ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်ပြီး တောင်းဆိုသွားလိမ့်မယ်လို့ မီဒီယာတွေက ခန့်မှန်းပါတယ်။
ရီရဲလ်ကလည်း ရော်နယ်ဒိုကို ခေါ်ယူနိုင်ရေး မျှော်လင့်ချက်ကို မစွန့်လွှတ်နိုင်သေးဘဲ အခြေအနေတွေကို အမြဲတမ်း နားစွင့် နေပါတယ်။
လာလီဂါချန်ပီယံအသင်းရဲ့ ဥက္ကဌ ရေမွန် ကယ်ဒါရွန်က “ရော်နယ်ဒိုအနေနဲ့ သူ့အနာဂတ်ကို ရှေ့တစ်ပတ်အတွင်းမှာ ဆုံးဖြတ်သွားလိမ့်မယ်” လို့ ပြောပါတယ်။
ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်တဲ့ မန်ဒက်စ်က “ကာယကံရှင်က မန်ချက်စတာကိုသွားပြီး ရီရဲလ်မှာ ကစားပေးချင်တဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် သွားပါလိမ့်မယ်။ အဲဒီဆုံးဖြတ်ချက်ကိုတော့ ပြင်လို့ ရမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
အသက် (၂၃)နှစ်အရွယ် ရော်နယ်ဒိုဟာ ခွဲစိတ်ကုသမှု ခံယူထားတဲ့ ခြေကျင်းဝတ် ဒဏ်ရာကနေ အမြန်ဆုံး ပြန်လည်သက်သာဖို့ လစ္စဘွန်းမှာ လေ့ကျင့်ခန်း ယူနေပါတယ်။
ပေါ်တူဂီစတားအနေနဲ့ ရှေ့အပတ် အစောပိုင်းမှာ မန်ယူရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လာနိုင်ဖွယ် ရှိနေပါတယ်။
တောင်ပံလူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်ယူအတွက် ဂိုးပေါင်း (၄၂)ဂိုးသွင်းပြီး ပရီးမီးယားရှစ် (၂)ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
မန်ယူနည်းပြ ဖာဂူဆန်ကတော့ ဘယ်ဈေးပေးပေး မရောင်းနိုင်ဘူးလို့ ပြောဆိုထားတဲ့အပြင် ရော်နယ်ဒိုအနေနဲ့လည်း ရီရဲလ်ကို ပြောင်းသွားရင် အမှားကြီးတစ်ခုကို ကျူးလွန်မိသလို ဖြစ်သွားလိမ့်မယ်လို့ သတိပေး ထားပါတယ်။
|