တော့တင်ဟမ် တိုက်စစ်မှူး ရော်ဘီ ကီးန်ကို ပေါင်သန်း (၂၀)လောက်နဲ့ ၀ယ်ယူထားတဲ့ လီဗာပူးအနေနဲ့ ဗီလာကွင်းလယ်လူ ဘာရီကို ၀ယ်ယူနိုင်ဖို့အတွက် ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။
လီဗာပူးနည်းပြ ရာဖယ် ဘင်နီတတ်ဇ်က အပြောင်းအရွေ့ဈေးကွက် ဆုံးချိန်မှာ အက်စတွန်ဗီလာ ကွင်းလယ်လူ ဘာရီနဲ့ ဇာတ်လမ်းကို အဆုံးသတ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောပါတယ်။
“ကီးန်းကို ၀ယ်လိုက်လို့ ကျနော်တို့မှာ လက်ကျန်ငွေ အများကြီး မရှိတော့ပါဘူး။ ဒါကြောင့် ဘာရီကို ၀ယ်နိုင်ဖို့အတွက် ကစားသမားတချို့ကို ရောင်းရပါလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်ကို ရောင်းနိုင်ရင်တော့ အဆင်ပြေပါလိမ့်မယ်” လို့ စပိန်သား နည်းပြက ပြောပါတယ်။
“တကယ်လို့ ဈေးကွက်မပိတ်ခင်မှာ ဘာရီရဲ့ အပြောင်းအရွေ့အတွက် ဆွေးနွေးနိုင်ရင် ကျနော်တို့ ထပ်ကြိုးစားသွားမှာပါ။ အသင်းကို အမြဲတမ်း တိုးတက်နေဖို့ ကျနော်တို့ လိုလားပါတယ်”
လီဗာပူးကနေ ရောင်းထုတ်မဲ့ လူစာရင်းမှာ ဂျာမိန်း ပီနန့်၊ ဘိုရိုနင်နဲ့ နောက်ခံလူ စတိ ဖင်နန်တို့က ထိပ်ဆုံးကနေ ပါဝင် နေပါတယ်။
နည်းပြ ဘင်နီတတ်ဇ်အနေနဲ့ ကွင်းလယ်လူ ဇာဘီ အလွန်ဆိုအတွက် ပြောင်းရွေ့ကြေး ပေါင် (၁၅)သန်းလောက်ရရင် စပိန်ကွင်းလယ်လူကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။
|

လီဗာပူးက ခေါ်ယူဖို့ ကြိုးစားနေတဲ့ အက်စတွန်ဗီလာ ကွင်းလယ်လူ ဂါရေ့ ဘာရီ
|