ချဲလ်ဆီးက ဘယ်နောက်ခံလူ ၀ိန်းဘရစ်ခ်ျကို (၄)နှစ်စာချုပ်သက်တမ်း တိုးလိုက်ပြီး အသင်းမှာပဲ ဆက်ထိန်းထား လိုက်ပါတယ်။
အသက် (၂၇)နှစ်အရွယ် နောက်ခံလူဟာ စတန်းဖို့ဘရစ်ခ်ျကို ၂၀၀၃ မှာ ရောက်ရှိလာပြီး ကစားခွင့်ရတဲ့ ပွဲပေါင်း (၁၃၀) မှာ (၄)ဂိုး သွင်းထားပါတယ်။
ဝိန်းဘရစ်ခ်ျရဲ့ စာချုပ်ကို နည်းပြသစ် စကိုလာရီ မရောက်ခင် ပြီးခဲ့တဲ့လမှာ စာချုပ်သက်တမ်း တိုးလိုက်ခြင်း ဖြစ်ပေမယ့် စကိုလာရီကတော့ ကျေနပ် နေပါတယ်။
“သူ့ရဲ့ အနာဂတ်ကို ချဲလ်ဆီးမှာပဲ မြှပ်နှံဖို့ရှိတဲ့အတွက် ကျနော့်အနေနဲ့ ၀မ်းသာပါတယ်” လို့ ဘရာဇီးသားနည်းပြ စကိုလာရီက ပြောပါတယ်။
“ကျနော် ဒီကိုရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူက အသင်းရဲ့ အကောင်းဆုံး ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်တယ်ဆိုတာကို မြင်ပြီးပါပြီ။ သူ့ရဲ့ ကစားပုံကို ကျနော် အရမ်းကြိုက်ပါတယ်”
ချဲလ်ဆီးအမှုဆောင် ပီတာကင်ယွန်က “ချဲလ်ဆီးမှာပဲ နောက်ထပ် (၄)နှစ်လောက် ဆက်နေချင်တဲ့ သူ့ရဲ့ ဆန္ဒအတွက် ကျနော်တို့ ၀မ်းသာပါတယ်။ သူက အသင်းရဲ့ အဓိကျတဲ့ ကစားသမား တစ်ဦးပါ။ နောက်ပြီး နည်းပြသစ်အတွက်လည်း ရွေးချယ်မှုအတွက် စိန်ခေါ်မှုတွေကို ဖြစ်စေပါတယ်” လို့ ထပ်ပြောပါတယ်။
“ကျနော်တို့အသင်းမှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဘယ်သန်နှစ်ယောက် ရှိပါတယ်။ အဲဒီအတွက် ကျနော်တို့ ဂုဏ်ယူပါတယ်”
အင်္ဂလန်လက်ရွေးစင်ဟာ ချဲလ်ဆီးမှာ ဦးစားပေးနေရာအတွက် အက်ရှ်လေ ကိုးလ်နဲ့ ယှဉ်ပြိုင်နေ ရလို့ ပြီးခဲ့တဲ့ရာသီမှာ (၁၉)ပွဲပဲ ကစားခွင့် ရပါတယ်။
|

ဘယ်နောက်ခံလူ ၀ိန်း ဘရစ်ခ်ျ
|