အာစင်နယ် ကွင်းလယ်လူ အလက်ဆန်ဒါ ဟတ်တ်ဟာ ဆေးစစ်မှု ခံယူဖို့နဲ့ အပြီးသတ် စာချုပ်ဖို့အတွက် ဘာစီလိုနာကို ဒီကနေ့ ရောက်ရှိလာပြီလို့ စပိန်လာလီဂါကလပ်က ပြောဆိုလိုက်ပါတယ်။
စပိန်ထိပ်သီး ဘာစီလိုနာက အာစင်နယ် ကွင်းလယ်လူ ဟတ်တ်အတွက် ပြောင်းရွေ့ကြေး ပေါင် (၁၁.၉)သန်း ပေးခဲ့ရကြောင်း အတည်ပြု ထုတ်ပြန်ပါတယ်။
အသက် (၂၇)နှစ်အရွယ် ဘေလာရုခ် လက်ရွေးစင်ကို ဘာစီလိုနာက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ကြာပြီဖြစ်ပြီး ရော်နယ်ဒင်ဟိုကို အေစီမီလန်ဆီ ရောင်းချအပြီးမှာ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
ကွင်းလယ်လူ ဟတ်တ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာစင်နယ်ရဲ့ ကွင်းလယ်မှာ ဖာဘရီဂတ်စ်နဲ့ တွဲဖက်ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ နည်းပြ အာစင်ဝင်းဂါးရဲ့ အားကိုးရတဲ့ ကစားသမား ဖြစ်လာပါတယ်။
သူဟာ ၂၀၀၅ မှာ ပေါင် (၁၁.၂)သန်းနဲ့ ဂျာမန်ကလပ် စတူဂတ်ကနေ အာစင်နယ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ဘေလာရုခ် လက်ရွေးစင်ဟာ ဘာကာက ဒီနှစ်နွေရာသီအတွင်းမှာ ဂျရတ် ပီကွက်၊ ဒယ်နီရယ် အဲဗက်စ်နဲ့ ကီရာတာတို့ပြီးရင် ပဉ္စမမြောက် ခေါ်ယူခံရတဲ့ ကစားသမား ဖြစ်ပါတယ်။
နည်းပြ အာစင်ဝင်းဂါးအနေနဲ့ ကွင်းလယ်လူ မက်သယူး ဖလာမီနီကို လက်လွတ်ခဲ့ရပြီး ဖြစ်သလို အခုတစ်ကြိမ်မှာလည်း နောက်ထပ် ကွင်းလယ်သမား ဟတ်တ်ကိုပါ လက်လွှတ်လိုက်ရလို့ လာမဲ့ရာသီအတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။
အာစင်နယ်ရဲ့ ကွင်းလယ်က ၀ါရင့် ဘရာဇီး ကွင်းလယ်လူ ဂျီဘာတို ဆေးဗားကလည်း ဂရိကလပ် ပနာသီယာကို့စ်ကို ပေါင် (၁)သန်းနဲ့ ပြောင်းရွေ့သွားပြီ ဖြစ်သလို တိုက်စစ်မှူး အဒီဘာယာကလည်း အသင်းပြောင်းဖို့ စီစဉ်နေပါတယ်။
ကစားသမားသစ် ၀ယ်ယူဖို့ ပိုက်ဆံမဖြုန်းနိုင်တဲ့အတွက် အသင်းမှာ အားကိုးရတဲ့ ကစားသမားတွေ တဖွဲဖွဲနဲ့ ထွက်သွားနေတဲ့အတွက် အာစင်နယ်အနေနဲ့ လက်ရှိ ကစားသမားတွေကို ဆက်ထိန်းထားနိုင်မှသာ လာမဲ့ရာသီအတွက် အခြေအနေကောင်းမှာ ဖြစ်ပါတယ်။
|

ချန်ပီယံလိဂ်ပွဲတုန်းက ဟတ်တ်နဲ့ မီလန်က ပီယာလို (ရှေ့)တို့ ဘောလုံး ယှဉ်လုနေစဉ်
|