DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မကြာခဏ မှားနေရင် …….
ကိုစိုးမိုး - ဇူလိုင် ၁၅၊ ၂၀၀၈

ဘောလုံးအားကစားနည်းဟာ ကမ္ဘာမှာ ပရိသတ်ကြိုက်နှစ် သက်ဆုံးဖြစ်သလို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့ကိုပါ အပြောင်း အလဲများစွာ ဖြစ်စေနိုင်လောက်အောင် လွှမ်းမိုးမှုမျိုးရှိနေလို့ ဘောလုံးနဲ့ကင်းတဲ့ နိုင်ငံရယ်လို့တောင် မရှိဘူးလို့ ဆိုရမယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)ရဲ့ လက်ရှိအဖွဲ့ဝင် နိုင်ငံစာရင်းဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအရေအတွက်ထက် တောင်များနေတာကို ကြည့်ရင် ဘောလုံးရဲ့ သြဇာလွှမ်းမိုးမှုကို ခန့်မှန်းလို့ ရပါတယ်။ ဒါကြောင့်လည်း ဖီဖာဟာ အားကစားနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေထဲမှာသာမက အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း တွေထဲမှာတောင် လူသိအများဆုံးနဲ့ သြဇာအရှိန်အ၀ါ အကြီးမားဆုံး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီး ဖြစ်တာ တွေ့ရပါလိမ့်မယ်။


ဖီဖာဥက္ကဌ ဆပ်ဘတ္တလာ

ဖီဖာဟာ သူတို့ချမှတ်ထားတဲ့ ဘောလုံးစည်းမျဉ်း၊စည်းကမ်း၊ ဥပဒေပြဌာန်းချက်တွေနဲ့ ငြိစွန်းမှုရှိတဲ့ ဘောလုံး နိုင်ငံတွေ၊ သူတို့ စည်းမျဉ်း၊ စည်းကမ်းကို မလိုက်နာတဲ့ ဘောလုံးနိုင်ငံတွေကို မည်သူ့မျက်နှာမှ မထောက်ပဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက် လျက်ရှိနေတာကိုလည်း မကြာခဏ တွေ့မြင်ရပါလိမ့်မယ်။

ဒီလိုသြဇာတိက္ကမ အလွန်ကြီးတဲ့ဖီဖာကို ဦးဆောင်တာဝန် ယူနေတဲ့ ပုဂ္ဂိုလ်ကြီးတွေကလည်း ဘောလုံးနဲ့ပတ်သက်ရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ အလွန်ဝင်ဆံ့ နေရာပေး ခံရတတ်ပါတယ်။ ဖီဖာဥက္ကဋ္ဌဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေကပါ လေးစားမှုပေးကြတာ တွေ့ရပါ တယ်။ ပြောမယ်ဆိုရင် ဖီဖာဥက္ကဋ္ဌဟာ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထက်တောင် အရှိန်အ၀ါကြီးတဲ့ သဘောတောင် ရှိပါတယ်။ ဖီဖာဥက္ကဋ္ဌအနေနဲ့ ဘောလုံးနဲ့ပတ်သက်ပြီး သူတို့နိုင်ငံတွေ ကိုလာရင် အဲ့ဒီ နိုင်ငံတွေရဲ့ အကြီးအကဲတွေကိုယ်တိုင်က အထူးဂုဏ်ထူးဆောင် အရေးကြီးဧည့်သည်တော်ကြီးအဖြစ် သတ်မှတ်သဘောထားပြီး ကြိုဆို လက်ခံတွေ့ဆုံ လေ့ရှိတာက သက်သေပဲ။

တစ်ကမ္ဘာလုံးကို ဘောလုံးနဲ့နှီးနွှယ်ပြီး သြဇာလွှမ်းမိုးမှုရှိနေတဲ့ ဖီဖာလို ကမ္ဘာကျော် နိုင်ငံတကာအဖွဲ့စည်းကြီးမှာ အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာလည်း ဘောလုံးနဲ့ ပတ်သက်တဲ့ စွမ်းဆောင်ရည်ပိုင်းမှာ သာမက အခြားသော အရည်အချင်းကောင်းတွေနဲ့လည်း ပြည့်စုံနေမယ့် သူတွေဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒီလိုအဖွဲ့ကြီးမှာ အကြီးအကဲအဖြစ် တာဝန်ယူထားရတဲ့ ဆပ်ဘလတ္တာဟာလည်း ဒီရာထူးနဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ၊ အစဉ်အလာနဲ့ အတွေ့အကြုံတွေ ရှိနေမှာ သံသယရှိစရာ မလိုပါဘူး။

ဆပ်ဘလတ္တာဟာ နိုင်ငံတကာဘောလုံးနဲ့ ပတ်သက်တဲ့ အတွေးအမြင် ဗဟုသုတ၊ အစဉ်အလာနဲ့ သမိုင်းကြောင်း တွေများစွာရှိပြီး ဖီဖာကို ကမ္ဘာက လေးစားရတဲ့ အဖွဲ့အစည်းကြီး ဖြစ်လာအောင် ဦးစီးဆောင်ရွက်ခဲ့တဲ့ မှတ်တမ်း ကောင်းတွေကိုလည်း ရှိသူဆိုတာ သူ့ကိုယ်ရေးမှတ်တမ်းက သက်သေခံ နေပါတယ်။ ဒါကြောင့်လည်း သူ့ကိုမနှစ်သက်၊ ကန့်ကွက်သူ အချို့ရှိနေတဲ့ကြားက ဖီဖာဥက္ကဋ္ဌ ရာထူးကို နှစ်ရှည်ကြာစွာ တာဝန်ယူခွင့်ရနေခဲ့ တာ မဟုတ်ပါလား။

ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက လေးစားအသိအမှတ်ပြု ရတဲ့ ဖီဖာလိုအဖွဲ့အစည်းကြီးရဲ့ ဥက္ကဋ္ဌတာဝန်ယူထားရတဲ့ ဆပ်ဘ လတ္တာအနေနဲ့ တာဝန်ပိုင်း အလွန်ကြီးမားပြီး ဖိအားတချို့လည်းရှိနေမှာ သေချာပါတယ်။ တစ်ကမ္ဘာလုံးကသိတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့လဲ သူ့အနေနဲ့ အနေအထိုင် အပြောအဆို အများကြီး သတိထားဖို့လိုပြီး အမှားယွင်းမရှိအောင် နေထိုင်ပြောဆို ဆင်ခြင်ဖို့လည်း လိုအပ်မှာ ဖြစ်တယ်။ ဒါပေမယ့် လူသားတစ်ယောက်ဖြစ်တဲ့ ဆပ်ဘလတ္တာအနေနဲ့ တစ်ကြိမ်တစ်ခါမှ အမှားမလုပ်ခဲ့ဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဆပ်ဘလတ္တာအနေနဲ့ လူသား ပီပီ အမှားအယွင်း အချို့ ရှိခဲ့တာ အပြစ်မဆို သာပေမယ့် သူလိုလူမျိုးက မကြာခဏအပြော အဆိုအယူအဆမှား တာမျိုးတော့ မဖြစ်သင့်ပါဘူး။

ဒါပေမယ့် အခုနောက်ပိုင်းမှာ ဆပ်ဘလတ္တာဟာ ဘာကြောင့်မှန်းမသိ အငြင်းပွားဖွယ် အပြောအဆို၊ အယူအဆ အမှားတွေ အတော်လုပ်လာတာကို စိတ်ပျက်ဖွယ်ရာ တွေ့ရပါတယ်။ သာမန် ဘောလုံး အကြီးအကဲ တစ်ယောက်အနေနဲ့ ဒီလိုအမှားမျိုးရှိနေတာ လူသိပ်မသိနိုင်ပေမယ့် ဘလတ္တာလို ကမ္ဘာသိ ဖီဖာဥက္ကဋ္ဌကြီးက မကြာ ခဏ အမှားတွေ လုပ်ရင်တော့ သတင်းမုဆိုးတွေရဲ့ သားကောင် ဖြစ်သွားနိုင်သလို သူ့ကို ယုံကြည်လေးစားနေတဲ့ ကမ္ဘာ့ဘောလုံးနိုင်ငံတွေနဲ့ ဘောလုံး အဖွဲ့အစည်းတွေကပါ လေးစားထောက်ခံမှု လျော့ပါးနိုင်တာကိုတော့ သတိမူသင့်တယ် မဟုတ်ပါလား။

ခက်တာက ဒီအချက်ကို ဘလတ္တာကိုယ်တိုင် သတိလက် လွှတ်ဖြစ်နေပုံရတယ်။ ဒါကြောင့်လည်း ဖီဖာဥက္ကဋ္ဌတစ်ယောက် အနေနဲ့ မလုပ်သင့်တဲ့ အပြောအဆို အယူအဆမျိုး ဘလတ္တာမကြာ ခဏလုပ်မိနေတာ ဖြစ်နိုင်တယ်။ အနီးစပ်ဆုံး သူ့ရဲ့အမှားတစ်ခုကို ထောက်ပြရမယ်ဆိုရင် ပြီးခဲ့တဲ့ ယူရို ၂၀၀၈ အုပ်စု(ဘီ)နောက် ဆုံးပွဲစဉ်အဖြစ် ဂျာမနီ-သြစတြီးယားပွဲစဉ်မှာ ကွင်းလယ်ဒိုင်က နှစ်ဘက်နည်းပြနှစ်ဦးစလုံးကို ကွင်းထဲက မောင်းထုတ်ခဲ့တာမှားတယ် လို့ ဝေဖန်သုံးသပ်ခဲ့တာ ဖြစ်တယ်။ အဲ့ဒီပွဲမှာ မှတ်တမ်းဒိုင်ကို မချေ မငံပြန်ပြောပြီး သူ့ကို ဂရုမစိုက် မလေးမစားတဲ့သဘောနဲ့ ပွဲကို အနှောက်အယှက် တစ်စုံတစ်ရာဖြစ်စေနိုင်တဲ့ ဂျာမနီအသင်းနည်းပြနဲ့ သြစတြီးယား အသင်းနည်းပြတို့ နှစ်ယောက် အချေအတင် စကားများရန်ဖြစ်နေတာကို မှတ်တမ်းဒိုင်က ကွင်းလယ်ဒိုင်ကို သတင်း ပို့ခဲ့တာကို ကွင်းလယ်ဒိုင်က ဘောလုံးဥပဒေနဲ့အညီ အရေးယူခဲ့တာ ဖြစ်တယ်။ ဒီလုပ် ဆောင်ချက်ဟာ အပြည့်အ၀မမှန်ဘူးဆို ရင်တောင် မှားတယ်လို့တော့ မပြောနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ယူရိုမှာ တာဝန်ယူခဲ့တဲ့ ဒိုင်လူကြီးတွေ အားလုံးဟာ ဖီဖာအသိအမှတ်ပြု ထိပ်တန်း ဒိုင်လူကြီး တွေဖြစ်ပြီး ပွဲတွေကို ဖီဖာရဲ့ကိုယ်စား ကြီးကြပ်တာဝန်ယူပေး နေရသူတွေဖြစ်တော့ သူတို့ကို ဝေဖန်သူ ရှိလာမယ် ဆိုရင်တောင် ဖီဖာကသူတို့ကို တတ်နိုင်သမျ ကာကွယ်မှု ပေးဖို့လိုတယ် မဟုတ်လား။ ဒိုင်လူကြီးဆိုတာ လူသားတွေဖြစ်လို့ အမြဲတမ်း မမှန်နိုင်ပေမယ့် ပွဲတစ်ပွဲမှာ ဒိုင်လူကြီးအနေနဲ့ လုပ်ပိုင်ခွင့်သြဇာ အပြည့်ရှိနေမှသာ ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာ မဟုတ်လား။ ဖီဖာရဲ့ဘောလုံး ဥပဒေမှာလည်း ဘယ်ပွဲမဆို ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်သာ အတည်ဖြစ်တယ်လို့ သေချာပြဋ္ဌာန်းထားပြီး သားဖြစ်လို့ ဒိုင်လူကြီး ဆုံးဖြတ်ချက် သိပ်မှားသွားရင်တောင် ပွဲပြီးချိန်မှာ သူ့ကိုသက်ဆိုင်ရာ အဖွဲ့အစည်းက သီးခြား အရေးယူမှုမျိုး လုပ်လေ့ရှိပါ တယ်။ ဒါကြောင့် ဖီဖာဥက္ကဋ္ဌဘလတ္တာအနေနဲ့ အထက်ပါ စကားမျိုးပြောသင့်သလားလို့ မေးစရာရှိလာပါမယ်။

မကြာမီရက်ပိုင်းကလည်း မန်ယူ-စီရော်နာဒို-ရီးယဲလ်တို့ သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ စီရော်နာဒိုကို ထုတ်မရောင်းချင်လို့ တရားဝင်ငြင်းထားတဲ့ ဖာဂူဆန်နဲ့ မန်ယူကို ဘလတ္တာက အလွန် အကျူး ဝေဖန်မှုတစ်ခု လုပ်ခဲ့ပါတယ်။ စီရော်နာဒိုကို ကျေးကျွန် တစ်ယောက်လို သဘောထားပြီး အသင်းပြောင်းချင်နေတာကို ပိတ်ပင်ထားတယ်လို့ ဖာဂူဆန်နဲ့ မန်ယူကို ဘလတ္တာက ကမ္ဘာသိအောင် ဝေဖန်ခဲ့တယ်။ ဒီဇာတ်လမ်းမှာ ရီးယဲလ်ကလည်း စီရော်နာဒိုကို လိုချင်နေ၊ စီရော်နာဒိုကလည်း အသင်းပြောင်းချင်နေတာ မှန်တယ်။ ဒါပေမယ့် သူ့ကို တရားဝင် ပိုင်ဆိုင်ထားတဲ့ မန်ယူက မရောင်းချင်လို့ ပြန်ငြင်းထားတာဟာ ဘယ်သူမှ အပြစ်မရှိဘူး။ ရီးယဲလ်မှာရော စီရော်နာဒိုမှာပါ အပြစ် မရှိဘူး။ ကိုယ့်ပစ္စည်းတန်ဖိုးထားပြီး ဘယ်လောက်ပေးပေး မရောင်းပါဘူးလို့ ဆိုထားတဲ့ ဖာဂူဆန်မှာလည်း အပြစ်မရှိဘူး မဟုတ်လား။ လွယ်လွယ်လေး တွေးရင် စီရော်နာဒိုကို ပေါင်သန်း ၇၀ လောက်နဲ့ မရောင်းချင်တာ ဖာဂူဆန်မှားသလို ရှိနိုင်ပေမယ့် မရောင်းချင်တဲ့ အကြောင်းပြချက်လည်း သူ့မှာ ခိုင်ခိုင်လုံလုံရှိနေမှာဆိုတော့ အပြစ်ပြောဖို့ ခက်တယ်။ (စာရေးသူဆိုရင်တော့ ရောင်းလိုက်ပြီ) စီရော်နာဒို ရီးယဲလ်ကို ပြောင်းချင်နေတယ်ဆိုတာလည်း သူ့အတွေး နဲ့သူဖြစ်လို့ ဝေဖန်စရာမရှိသလို ဒီလိုကစားသမားမျိုးကို လိုချင်တဲ့ ရီးယဲလ်အသင်းကိုလည်း ဝေဖန်စရာမရှိဘူး။ သတင်းအချို့မှာ ဖော်ပြခဲ့သလို အသင်းသိပ်ပြောင်းချင်နေတဲ့ ရော်နာဒိုကို ပြောင်းခွင့်မပြုဘဲ ဖာဂူဆန်က အရန်ခုံမှာဘဲ ထိုင်ခိုင်းထားမယ်လို့ တကယ် ပြောခဲ့တာ ဆိုရင်တော့ ဘလတ္တာစကားက သိပ်ဝေဖန်စရာမရှိဘူး။

ဒီစကားမျိုး ဖာဂူဆန် တကယ်ပြောခဲ့တာလည်း ဟုတ်မဟုတ် မသေချာနိုင်ဘူး။ ပြောခဲ့တယ် ဆိုရင်ပဲ သူပြောသလိုတော့ တကယ်လုပ်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ စီရော်နာဒိုဟာ မန်ယူနိုင်ပွဲတွေ ရဖို့အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ အားလုံးထက် ဖာဂူဆန်က ပိုသိနေနိုင်လို့ပဲ။ ဘောလုံး ပညာသာ ကောင်းပြီး အတွေ့အကြုံမရှိသေးတဲ့ စီရော်နာဒိုလို ဆယ်ကျော်သက် ကစားသမားလေးကို ဒီလိုအဆင့်မျိုးထိ ရောက်လာအောင် ဖာဂူဆန်ကပဲ လေ့ကျင့် မောင်းနှင်ပေးခဲ့တာ မဟုတ်လား။ စီရော်နာဒိုအပေါ် ဖာဂူဆန် ဘယ်လောက် ကောင်းခဲ့သလဲဆိုတာ ၂၀၀၆ ကမ္ဘာ့ဖလားပွဲ ပြဿနာကို ပြန်တွေးကြည့်ရင် သိနိုင်တယ်။ စီရော်နာဒိုကို ဘယ်လောက် ပေးပေး မရောင်းဘူးလို့ ဖာဂူဆန်ပြောခဲ့ တယ်ဆိုရင်လည်း ဒါဟာ သူ့ကို တန်ဖိုးထား အားကိုးလွန်းတာကြောင့် ပြောခဲ့တာ ဖြစ်မယ်။

သေချာပြန်စဉ်းစားကြည့်ရင် မန်ယူဟာ ဥရောပ အဆင့်မှာ ရီးယဲလ်ရဲ့အောင်မြင်မှုကို မယှဉ်နိုင် သေးဘူးဆိုရင်တောင် ကမ္ဘာ့ပရိသတ်အားပေးမှု အရှိန်အ၀ါနဲ့ လတ်တလော အောင်မြင်မှုတွေမှာ ရီးယဲလ်ထက် ပိုမြင့်တဲ့ ကမ္ဘာကျော် အသင်းကြီး ဆိုတာ ဘလတ္တာ ကိုယ်တိုင်သိမှာပါ။ မန်ယူဟာ သာမန်ပရီးမီးယားလိဂ် အသင်းလေးဖြစ်ပြီး စီရော်နာဒိုဟာလည်း တခြားကစားသမားတွေထက် အခွင့်အရေးနဲ့ လုပ်ခလစာနည်းနေတယ် ဆိုရင်တော့ ဘလတ္တာပြောခဲ့တဲ့ စကားဟာ သိပ်မလွန်ပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင် တာဝန်ယူထားရတဲ့ ဘလတ္တာအနေနဲ့ ကိုယ်နဲ့တိုက်ရိုက် မပတ်သက်တဲ့ ကိစ္စတစ်ခုကို လက်လွတ် စပယ်တော့ မပြောသင့်တာ အမှန်ပဲ။

ဒီလိုပဲ ဘလတ္တာ အပြောမှား၊ အယူအဆမှား နေတဲ့ တခြားအကြောင်းအရာတွေ ရှိနေပါသေးတယ်။ ဒီလိုလုပ်ပါများလာရင် သူ့အပေါ်လေးစားမှု လျော့ပါးလာနိုင်သလို ဖီဖာအပေါ်မှာလည်း ယုံကြည် အားကိုးမှု တဖြည်းဖြည်း လျော့ကျလာနိုင်တယ်။ အချိန်တန်ရင် ဘလတ္တာအနေနဲ့ ဖီဖာဥက္ကဋ္ဌ ရာထူးကို စွန့်လွှတ်ပေးရမှာ ဖြစ်ပေမယ့် သူ့ရာထူး သက်တမ်းအတွင်းမှာ ဒီလိုအပြောအဆို အယူအဆ အမှားတွေ၊ အငြင်းပွား ဖွယ်အစီအစဉ်တွေကို တတ်နိုင်သမျ ရှောင်ရှားပြီး နေသွားနိုင်ရင်တော့ သူ့အတွက် ရော ဖီဖာအတွက်ပါ ကောင်းကျိုးပိုရှိမယ်လို့ ထင်မိပါကြောင်း...