ဆွီဒင်အသင်းခေါင်းဆောင် ဖက်ဒရစ် လွန်းဘတ်က လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။
အသက် (၃၁)နှစ်အရွယ် အာစင်နယ်ကွင်းလယ်သမားဟောင်းက လက်ရွေးစင်အသင်းရော ၀က်စ်ဟမ်းမှာပါ ကစားရတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာအရ ကစားရတာပိုပြီး ခက်လာကြောင်း ပြောပါတယ်။
လွန်းဘတ်ဟာ ဆွီဒင်အသင်းအတွက် ၁၉၉၈ မှာ ပွဲဦးထွက် ကစားခွင့် ရခဲ့ပါတယ်။
“၀က်စ်ဟမ်းအတွက် ကျနော် အာရုံအပြည့်စိုက်ပြီး ကစားပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါက လောလောဆယ် ကျနော့်ရဲ့ ဦးစားပေးမှုပါပဲ” လို့ ကွင်းလယ်လူက ပြောပါတယ်။
သူဟာ ဆွီဒင်အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲ (၃)ကြိမ်၊ ကမ္ဘာ့ဖလား (၂)ကြိမ် ကစားခွင့် ရထားပြီး ၂၀၀၆ ကမ္ဘာ့ဖလားအပြီးမှာ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံရပါတယ်။
၎င်းက ဆက်လက်ပြီး “အခုအချိန်က တခြားကစားသမားတွေကို နံပါတ် (၉)ဂျာစီ ပေးဝတ်ဖို့ အချိန်တန်ပါပြီ။ ဆွီဒင်မှာ ပါရမီရှိတဲ့ ကစားသမားတွေ အများကြီးပါ။ ကျနော့်နေရာကို တခြားတယောက်က သေချာပေါက် အစာထိုး ယူနိုင်မှာပါ” လို့ ပြောပါတယ်။
ဆွီဒင်ကွင်းလယ်လူဟာ ၁၉၉၈က ၂၀၀၇ အထိ အာစင်နယ်မှာ ပွဲပေါင်း (၂၁၆)ပွဲနဲ့ ဂိုးပေါင်း (၄၆)ဂိုး သွင်းထားပြီး လက်ရွေးစင်အသင်းအတွက် (၇၅)ပွဲမှာ (၁၄)ဂိုး သွင်းထားပါတယ်။
|

ဆွီဒင်အသင်းကနေ အနားယူလိုက်တဲ့ အသင်းခေါင်းဆောင် လွန်းဘတ်
|