အီတလီအသင်းက ၂၀၀၆ ကမ္ဘာ့ဖလားမှာတုန်းက ချန်ပီယံဖြစ်အောင် လုပ်ပေးထားတဲ့ နည်းပြ မာဆယ်လို လစ်ပစ်ကို လက်ရှိနည်းပြ ရော်ဘတ်တို ဒိုနာဒိုနီရဲ့ နေရာမှာ အစားထိုး ခန့်အပ်လိုက်ပါတယ်။
ကွာတားဖိုင်နယ်မှာ အီတလီဟာ စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်သွားရလို့ နည်းပြ ဒိုနာဒိုနီ အထုတ်ခံရခြင်း ဖြစ်ပါတယ်။
အသက် (၆၀)အရွယ် လစ်ပီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်းကို အီတလီဘောလုံးအဖွဲ့ချုပ်က လာမယ့် အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန်ဖို့ ရှိပါတယ်။
သူဟာ ဂျာမဏီမှာ ကျင်းပတဲ့၂၀၀၆ ကမ္ဘာ့ဖလားအပြီး အီတလီအသင်းကနေ နူတ်ထွက်ပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။
အထုတ်ခံရတဲ့ အသက် (၄၄)နှစ်အရွယ် ဒိုနာဒိုနီဟာ ယူရို ၂၀၀၈ ပြိုင်ပွဲမတိုင်မီမှာ (၂)နှစ်စာချုပ်သက်တမ်း အတိုးခံထား ရပါတယ်။
အေစီမီလန်ကစားသမားဟောင်း ဒိုနာဒိုနီဟာ အီတလီအသင်းကို ၂၀၀၆မှာ လစ်ပီ နူတ်ထွက်ပြီးနောက် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
|

တကျော့ပြန် အီတလီနည်းပြသစ် မာဆယ်လို လစ်ပီ
|