မထင်မှတ်တဲ့ပွဲရလဒ်တွေ လိုတာထက် ပိုရှိခဲ့တဲ့ ဒီနှစ်ယူရိုပြိုင်ပွဲကြီးဟာ အဆုံးသတ်မှာတော့ ပြိုင်ပွဲမစတင်က ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ဂျာမနီနဲ့ စပိန်အသင်းကြီးနှစ်သင်းပဲ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့တော့မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ယူရိုပွဲစဉ် အများစုမှာ အာရုံနောက် စိတ်ညစ်ခဲ့တဲ့ ၀ါသနာရှင် ပရိသတ်တွေအတွက်တော့ ကောင်းတဲ့အချက်လို့ ပြောရမယ်။ ရေပန်းအစားဆုံး အသင်းကြီးနှစ်သင်း တွေ့မယ့် ပွဲလည်းဖြစ်တော့ အကြိတ်အနယ်ရှိပြီး ဘောလုံးရသလည်း ပိုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်။
လက်ရှိခြေစွမ်းမှာ စပိန်သာ
ဒီနှစ်သင်းရဲ့ ဗိုလ်လုပွဲတက်လာတဲ့လမ်းကြောင်းကို ပြန်ကြည့်ရင် ဂျာမနီဟာ အုပ်စုတွင်းမှာ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့သလို ကွာတားနဲ့ ဆီမီးအဆင့်မှာလည်း ပေါ်တူဂီနဲ့ တူရကီတို့ကို ခြေမသာဘဲ အနိုင်ရခဲ့တာဖြစ်တယ်။ စပိန်ကတော့ အခုအချိန်ထိ ရှုံးပွဲမရှိသေးဘဲ တစ်ဦးချင်းရော အသင်းလိုက် ကစားပုံပါ လက်ရှိအနေအထားမှာ အကောင်းဆုံးဖြစ်နေတာ တွေ့ရတယ်။ အထူးသဖြင့် စပိန်အသင်းရဲ့ ကစားပုံ ကစားဟန်ဟာ လှပညက်ညောပြီး ဘောလုံးကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းကစားသွားခဲ့တဲ့ ပုံစံက ဘရာဇီးအသင်း ကစားဟန်နဲ့တောင် ဆင်နေတာ တွေ့ရတယ်။ ဟော်လန်လိုအသင်းကို ကွာတားမှာအနိုင်ယူပြီး တက်လာလို့ အများစုရဲ့အထင်ကြီးမှုကို ခံခဲ့ရတဲ့ ဟစ်ဒင့်ရဲ့ ရုရှားအသင်းကို ဆီမီးမှာ စပိန်အသင်းဟာ ကြွက်ကိုကြောင်က ကစားသလို အသာစီးကစားပြီး ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ခြေစွမ်းဟာ ဒီနှစ်ယူရိုပြိုင်ပွဲဝင် အသင်းတွေထဲမှာ ချီးကျူးစရာ အကောင်းဆုံးပဲ။ ဂျာမနီကို အစဉ်အ လာနဲ့ အရှိန်အ၀ါအရ တော်တော်ကြိုက်တဲ့သူတွေ ရှိနေသေးပေမယ့် အမှန်တိုင်းသုံးသပ်ရရင် ဂျာမနီဟာ ဗိုလ်လုပွဲသာ တက်လာတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ ကစားပုံကစားဟန်မျိုး အခုအချိန်ထိ မရှိခဲ့သေးဘူးဆိုတာ ကြည့်တတ်ရင် သိသာပါတယ်။
အစဉ်အလာမှာတော့ ဂျာမနီအများကြီးသာ
ယူရိုပြိုင်ပွဲမှာ အခုအကြိမ်အပါအ၀င် ဗိုလ်လုပွဲ ၆ ကြိမ်တက်နိုင်ခဲ့ပြီး ၃ ကြိမ်ဗိုလ်စွဲထားတဲ့ ဂျာမနီကို ၁၉၆၄ ခုနှစ်မှာ တစ်ကြိမ်သာဗိုလ်စွဲပြီး ၁၉၈၄ ခုနှစ်မှာ ဗိုလ်လုပွဲ နောက်ဆုံးတက်ခဲ့ဖူးတဲ့ စပိန်အနေနဲ့ အောင်မြင်မှုအစဉ်အလာ ပိုင်းမှာတော့ မယှဉ်သာပါဘူး။ ဒီအချက်ကြောင့်လည်း ဂျာမနီဟာ ပြိုင်ပွဲမစတင်ခင်ကတည်းက စပိန်အထက်မှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တာ ဖြစ်နိုင်တယ်။
ကစားသမားအင်အား
လက်ရှိကစားသမားအင်အားမှာ နာမည်အရှိန်အ၀ါနဲ့ အတွေ့အကြုံအရ ဂျာမနီက နည်းနည်းသာပေမယ့် လက်ရှိ ခြေစွမ်းပိုင်းနဲ့ ကစားပုံအရတော့ စပိန်ကစားသမားတွေက အများကြီးသာ နေပါတယ်။ စပိန်ဂိုးသမား ကာဆီးလက်စ်ဟာ လေးမန်းထက် သာသလို လက်ရှိစပိန်နောက်တန်းလူ တွေဖြစ်တဲ့ ရာမို့စ်၊ ပူယိုလ်၊ မာချီနာ၊ ကက်ဒီဗီလာတို့ အုပ်စုဟာ မက်ဇဲဒါ ဦးဆောင်တဲ့ ဂျာမန်နောက် တန်းအုပ်စုထက် ပိုကောင်းပြီး ပိုငြိမ်တယ်ဆိုတာ ဒီနှစ်သင်းရဲ့ ပေးဂိုးအရေအတွက်နဲ့ ကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် ပေါ်လွင်ပါတယ်။
အလယ်တန်းမှာဆိုရင်လည်း စပိန်က အင်နီယေစတာ၊ ဇာဗီ၊ ဆန်နာ၊ ဒေးဗစ်းဆေးလ်ဗား၊ ဖာဘရီဂတ်စ်၊ အလွန်ဆိုတို့အုပ်စုဟာ ဘားလပ်ခ်တို့ အလယ်တန်း အတွဲထက် ခြေပိုကောင်းနေတာ တွေ့ရတယ်။ လက်ရှိ အနေအထားအရ ဘားလပ်ခ်နဲ့ ဖရင်းတို့ ကြံ့ခိုင်မှု မကောင်းရင်၊ ဒါမှမဟုတ် ပုံမှန်ခြေစွမ်းမပေါ်ရင် ဂျာမနီ အလယ်တန်းဟာ အသက်မဲ့ သွားသလိုရှိနေပေမယ့် စပိန်မှာတော့ ဇာဗီတို့ အုပ်စုထွက်သွားလည်း သူတို့နေရာမှာ ဖာဘရီဂတ်စ်၊ အလွန်ဆိုတို့အုပ်စုက အကောင်းဆုံး ပုံစံမပျက်အောင် ကစားနိုင်တယ်ဆိုတာ ရုရှားနဲ့ ဆီမီးပွဲမှာ ပေါ် လွင်ပါတယ်။ တိုက်စစ်မှာဆိုရင်လည်း တောရက်စ်၊ ဂွီဇာ၊ ဗီလာတို့ဟာ ပိုဒေါစကီး၊ ကလိုဆေးတို့ ထက် နည်းနည်းပိုကောင်းပြီး စပိန်ကွင်းလယ်က ဂျာမန်ထက် ဂိုးသွင်းခြေပိုရှိနေတာကလည်း စပိန်အသင်းကို အသာစီး ရစေနိုင်ပါတယ်။
နည်းပြအနေအထား
နည်းပြနှစ်ဦးစလုံး တစ်မျိုးစီတော်ပေမယ့် ဂျာမနီနည်းပြ ဂျိုအာချင်လိုအနေဖြင့် သူအဓိက တည်ကစားတဲ့ ဘားလပ်ခ်၊ ဖရင်း၊ ပိုဒေါစကီး၊ ကလိုဆေးတို့အုပ်စု ခြေမမှန်ရင် အစားထိုးနိုင်မယ့် ကစားသမားနဲ့ နည်းဗျူဟာမျိုး အဆင် သင့် သိပ်မရှိပါဘူး။ အထူးသဖြင့် နောက်တန်းမှာ ဖီးလစ်လမ်းက တိုက်စစ်ကိုသာ ပိုလိုက်ပါ ကစားချင်စိတ်များပြီး ခံစစ်အတွင်းလူတွေကလည်း လျင်မြန်တဲ့ တိုက်စစ်မှူးတွေကို မထိန်းချုပ်နိုင်ခဲ့ဘူးဆိုတာ ရှေ့ပွဲတွေမှာ ပေါ်လွင်ခဲ့ပါတယ်။ စပိန်နည်းပြ အရာဂိုးနက်စ်အနေနဲ့ လူနဲ့ကစားကွက်ကို အံဝင်အောင် ကစားနိုင်စွမ်းရှိတာနဲ့ သူ့ရဲ့နည်းစနစ်ကို လိုက်ကစားနိုင်တဲ့ကစား သမားတွေရှိနေတာကလည်း ဂျာမနီထက် သာတဲ့အချက်ပါ။ လိုအပ်ရင် စပိန်အသင်းဟာ အနှေးအမြန်ကစားကွက် အမျိုးမျိုးကို ပုံဖော် ကစားတတ်တာကလည်း ဂျာမနီထက် သာတဲ့ အချက်လို့ ပြောရ မယ်။
ထိပ်တိုက်တွေ့ဆုံမှုအစဉ်အလာ
ဒီနှစ်သင်းဟာ ဘောလုံးသမိုင်းတစ်လျှောက်မှာ မကြာခဏ တွေ့ခဲ့ဖူးသလို ဂျာမနီအသင်းက အသာစီး နည်း နည်းပိုရခဲ့တာက အခုပွဲမှာ စိတ်ဓာတ်ပိုင်းအသာစီးရစေနိုင်တယ်။ ဒါပေမယ့် နောက်ဆုံး တွေ့ခဲ့တဲ့ ၂၀၀၃ ခုနှစ် ခြေစမ်းပွဲမှာတော့ စပိန်က ၃-၁ နဲ့ နိုင်ထားတာ တွေ့ရတယ်။
ခြုံငုံသုံးသပ်ချက်
ပွဲစဉ်တစ်လျှောက် ကစားခဲ့တဲ့ ခြေစွမ်းပိုင်းအရရော ရလဒ်ပိုင်းအရပါ စပိန်က ဂျာမနီထက် သာတယ်ဆိုတာ ငြင်းမ ရတဲ့အချက်ပဲ။ သူတို့အတွက် ၁၉၆၄ ခုနှစ်နောက်ပိုင်း အဓိကပြိုင်ပွဲကြီးတွေမှာ ချန်ပီယံ တစ်ကြိမ်မှ မဖြစ်ခဲ့သေးတော့ စပိန်အသင်းသားအားလုံးအနေနဲ့ ဒီနှစ်ယူရိုဖလားကြီးကို ရယူပြ ချင်တဲ့စိတ်တွေလည်း များပြားနေလိမ့်မယ်။ ဒါပေမယ့် တစ်ခုရှိတာက ဂျာမနီအသင်းဟာ အကောင်းဆုံး ခြေစွမ်းမရသေးပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတွေကို နောက်ဆုံးမိနစ်တွေမှာ သွင်းယူနိုင်စွမ်းရှိတာနဲ့ ပြိုင်ပွဲကြီးတွေမှာဆိုရင် ချန်ပီယံ ကံကောင်းလေ့ရှိပြီး စိတ်ဓာတ် မာကျောမှုမှာလည်း တခြားအသင်း တွေထက်သာလို့ စပိန်အသင်း စိတ်ကြီးဝင်ပြီး ပေါ့သွားလို့တော့ မရဘူး။ လက်ရှိ အခြေအနေနဲ့ ခြေစွမ်းအရတော့ စပိန်ဖလားပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် စပိန် ၅၀% ကြေးရှုံးမယ်
ဝီလျံဟေးလ် - စပိန်ကိုပဲ အပေါ်ကြေးပေးထား
ရန်ကုန်ဒိုင်များ - Asian Bookie ကြေးကိုပဲ အခြေခံပြီး ပေးထား
အင်တာနက်ခန့်မှန်း - ၁ - ၁ သို့မဟုတ် ၂ - ၁
ရန်ကုန်ဂျာနယ်များ - ခြေစွမ်းအရ စပိန်ကိုပိုကြိုက်ပေမယ့် အစဉ်အလာအရ
ဂျာမန်ကို အားပေးချင်တဲ့ သူကပိုများ
စာရေးသူအမြင် - ဘယ်လိုပဲဖြစ်ဖြစ် စပိန်ကိုပဲ အားပေးချင်တယ်
|