ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် တူရကီအသင်းဟာ ဂျာမန်အသင်းရဲ့ စိတ်ဓါတ်မျိုး ရှိနေတဲ့ အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခုဖြစ်လိမ့်မယ်လို့ ဂျာမဏီအသင်းခေါင်းဆောင် မိုက်ကယ် ဘာလက်က ပြောပါတယ်။
နည်းပြ ဂျိုချင်လိုးရဲ့ ဂျာမဏီအသင်းဟာ ပွဲပယ်ခံရတဲ့သူနဲ့ ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ တူရကီအသင်းကို အနိုင်ရဖို့ အလားအလာ များနေတယ်လို့ ယုံကြည်ရပါတယ်။
အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူ ဘာလက်က “တူရကီအသင်း စိတ်ဓါတ်က ဂျာမန် အသင်းလိုပါပဲ။ သူတို့က ယှဉ်ပြိုင်ရခက်တဲ့ ရန်သူ ဖြစ်လာပါလိမ့်မယ်။ သူတို့ ဆီမီးဖိုင်နယ်ကို ရောက်လာတာဟာ အောင်မြင်လို့ ရောက်လာတာပါ” လို့ ပြောပါတယ်။
“သူတို့မှာ ပြင်းထန်တဲ့ ယုံကြည်ချက်ရှိကြောင်း ပြသပြီးပါပြီ။ နောက်ပြီး သူတို့ ကစားတဲ့ ပွဲတွေမှာ ပွဲပြီးကာနီးမှ ကပ်ပြီး ဂိုးတွေ သွင်းပါတယ်။ ဒါက ဂျာမန်အသင်းရဲ့ ဖြစ်နေကျ ဖြစ်ရပ်တစ်ခုလိုပါပဲ”
နည်းပြ လိုးကလည်း ဘာလက်ရဲ့ ပြောဆိုချက်ကို ထောက်ခံ သဘောတူပါတယ်။
“သူတို့မှာ မှတ်သားလောက်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာမျိုးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေ ပါတယ်။ နောက်ပြီး အချိန်မရွေးပြန်ပြီး တိုက်စစ်ဆင် နိုင်ပါတယ်”
တူရကီအသင်းဟာ အုပ်စု အဆင့်မှာတုန်းက ချက်အသင်းရဲ့ ဦးဆောင်ဂိုး (၂)ဂိုး သွင်းတာ ခံရပြီးမှ နောက်ကနေ လိုက်ကစားပြီး (၃ - ၂)နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို အုပ်စု ဒုတိယနဲ့ တက်လာခြင်း ဖြစ်ပါတယ်။
မနက်ဖြန်ညမှာ ဂျာမဏီနဲ့ ရင်ဆိုင်ရမယ့် တူရကီအသင်းမှာ ဒဏ်ရာရတဲ့သူနဲ့ ပွဲပယ်ခံရသူ များနေလို့ အဓိက ကစားသမား (၆)ယောက်လောက် မပါဘဲနဲ့ ပွဲထွက်ရဖွယ် ရှိနေပါတယ်။
ကွာတားအဆင့်မှာလည်း တူရကီဟာ ခရိုအေးရှားရဲ့ ဦးဆောင်ဂိုး သွင်းတာ ခံရပြီးနောက် ပွဲပြီးကာနီးကျမှ ချေပဂိုး ပြန်သွင်းပြီး သရေကျသွားလို့ ပင်နယ်တီ အဆုံးအဖြတ်မှာ (၃ - ၁)နဲ့ အနိုင်ရ ခဲ့ပါတယ်။
ဂျာမန်အသင်းကတော့ ခရိုအေးရှားရဲ့ နောက်မှာ အုပ်စုဒုတိယနဲ့ တက်လာပြီး ကွာတားမှာ နာမည်ကြီး ပေါ်တူဂီကို (၃ - ၂)နဲ့ အနိုင်ယူ ခဲ့ပါတယ်။
|

ဂျာမန်အသင်းခေါင်းဆောင် မိုက်ကယ် ဘာလက်
|