နယ်သာလန်နည်းပြ မာကို ဗန်ဘတ်စတန်က အုပ်စု (စီ)မှာ ကမ္ဘာ့ချန်ပီယံ အီတလီကို (၃)ဂိုးပြတ်နဲ့ အနိုင်ရတဲ့ သမိုင်းဝင်အောင်ပွဲအတွက် ကစားသမားတွေကို ချီးကျုး လိုက်ပါတယ်။
“ဒီပွဲအောင်ပွဲက သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ။ ဒါက ကမ္ဘာ့ချန်ပီယံ အီတလီကို အနိုင်ရတာ ဖြစ်ပါတယ်” လို့ ဗန် ဘတ်စတန်က ပြောပါတယ်။
“အတွေ့အကြုံတွေအများကြီးနဲ့ ခြေစွမ်းမြင့်တဲ့ ကစားသမားတွေရှိနေတဲ့ အီတလီကို (၃)ဂိုးပြတ်နဲ့ အနိုင်ရတာဟာ ကျနော်တို့ မမျှော်လင့်ထားတဲ့ ရလဒ်ပါ။ ဒါဟာ လူတိုင်းအတွက် အမှန်တကယ် အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ပွဲပါပဲ”
“အဲဒီအတွက် ကျနော် ပျော်လည်း ပျော်ပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဒါပေမယ့် ဒါက ပထမ ခြေလှမ်းပါ”
ဒတ်ခ်ျအသင်းဟာ တိုက်စစ်မှူး ဗန်နစ္စတယ်ရွိင်း အငြင်းပွားဖွယ် ဂိုးကနေ (၂၆)မိနစ်မှာ ဦးဆောင်ဂိုး ရပြီးနောက် ၀က်စလေ စနိုက်ဒါက (၃၁ )မိနစ်မှာ ဒုတိယဂိုး သွင်းယူပါတယ်။
တတိယဂိုးကိုတော့ မိနစ် (၈၀)မှာ အီတလီအသင်းက တက်ဖိထားတုန်း တန်ပြန်တိုက်စစ်ကနေ ဗန်ဘရွန်ကွတ်က ခေါင်းတိုက်ပြီး သွင်းယူပါတယ်။
ဒီပွဲမှာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်သာလန်အသင်းက ကစားရှိန်မြှင့်ပြီး ခပ်မြန်မြန် ကစားသွား နိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေက ဂိုးတွေ အရယူ သွားနိုင်ခဲ့ပါတယ်။
အီတလီ ရှေ့တန်းက နယ်သာလန်ဖက်ကို ထိထိရောက်ရောက် မထိုးဖောက်နိုင်လို့ ဒုတိယပိုင်းမှာ တိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ ဒယ်ပီယာရိုနဲ့ ကာဆာနိုတို့ကို ထပ်ထည့်ပြီး တိုနီနဲ့တွဲဖက် ကစားခိုင်း ခဲ့ပါတယ်။
အခုလို မထင်မှတ်ထားတဲ့ ရလဒ်က အသင်းကို အုပ်စုအဆင့်ကနေ ကျွတ်ဖို့အတွက် ယုံကြည်မှုတွေပိုပြီး ရလိမ့်မယ်လို့ နည်းပြ ဘတ်စတန်က မျှော်လင့်ထားပါတယ်။
၁၉၉၈ တုန်းက နယ်သာလန် လက်ရွေးစင်ဖြစ်ခဲ့ဖူးတဲ့ ဗန်ဘတ်စတန်က “ကျနော်တို့ တခါမှ အီတလီကို (၃)ဂိုးပြတ်နဲ့ မနိုင်ဖူးပါဘူး” လို့ ထပ်ပြောပါတယ်။
“ဒီပွဲအတွက် ကျနော်တို့ မယုံကြည်နိုင်လောက်အောင် ဂုဏ်ယူရပါတယ်” လို့ အသက် (၂၄)နှစ်ပြည့် မွေးနေ့မှာ အမှတ်တရ ဂိုးသွင်းနိုင်တဲ့ ရီရဲလ်ကစားသမား စနိုက်ဒါက ပြောပါတယ်။
အီတလီဂိုးသမား ဘတ်ဖွန်က “အသင်းအနေနဲ့ ဒီလိုရလဒ်မျိုး မျှော်လင့်မထားတဲ့အတွက် အသင်း ဖော်တွေ ကိုယ်စား ပရိတ်သတ်တွေကို တောင်းပန်ချင်ပါတယ်” လို့ ပြောပါတယ်။
နယ်သာလန်အတွက် ဒုတိယဂိုးနဲ့ တတိယဂိုးတွေကို လီဗာပူးတိုက်စစ်မှူး ကောက်တ်က ဖန်တီးပေးခဲ့ခြင်း ဖြစ်ပါတယ်။
အီတလီဟာ ပွဲဦးထွက် ရှုံးသွားလို့ အုပ်စု (C)ရဲ့ ဇယားအောက်ခြေမှာ ရှိနေပြီး နယ်သာလန်က (၃)မှတ်နဲ့ အုပ်စု ပထမ၊ ပြင်သစ်က (၁)မှတ်နဲ့ ဒုတိယ၊ ရိုမေးနီးယားက (၁)မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။
အုပ်စု ဒုတိယပွဲစဉ်တွေကို (၁၃)ရက်နေ့မှာ ကစားရမှာဖြစ်ပြီး အီတလီက ရိုမေးနီးယား၊ နယ်သာလန်က ပြင်သစ်နဲ့ ဆုံရမှာ ဖြစ်ပါတယ်။
|

ပထမဂိုးသွင်းအပြီး နယ်သာလန် ကစားသမားတွေ အောင်ပွဲခံနေစဉ်
|