ဒီလ ၇ ရက်နေ့ကနေစပြီး ကျင်းပနေပြီဖြစ်တဲ့ ယူရို ၂၀၀၈ ပြိုင်ပွဲကြီးဟာ အားလုံးသိပြီးတဲ့အတိုင်း ပါဝင်ယှဉ်ပြိုင်တဲ့အသင်းတွေရဲ့ ခြေစွမ်းအဆင့်အတန်းအရရော၊ ဆုကြေးနဲ့ ဂုဏ်သိက္ခာ အရပါ ကမ္ဘာ့ဖလားပွဲပြီးရင် အမြင့်ဆုံးနိုင်ငံတကာပြိုင်ပွဲကြီးဖြစ်လို့ အသင်းတိုင်းဟာ တတ်နိုင်သလောက် ရည်မှန်းချက် မြင့်မြင့်ထားပြီး အစွမ်းကုန် ယှဉ်ပြိုင်နေတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။
ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အသင်းတွေရော၊ ဗိုလ်စွဲ နိုင်ခြေမရှိလောက်တဲ့ အသင်းတွေပါ အကောင်းဆုံးရလဒ်မျိုး ရအောင်တော့ ကြိုးစားကြမှာပဲ။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေ တဲ့ ဒီယူရိုပြိုင်ပွဲကြီးမှာ တစ်ပွဲချင်းအလိုက် ရရှိမယ့် ဆုကြေးကလည်း ပေါင်သိန်းချီနေတော့ အသင်းတိုင်း ဟာ ပွဲစဉ်တိုင်းကို ခြေကုန်ပညာကုန်ထုတ်ပြီး အသည်းပေါက်အောင် ကစားကြမှာလည်း သေချာတယ်။
ပြိုင်ပွဲဝင် ၁၆ သင်းစလုံးမှာပါတဲ့ ကစားသမားအားလုံးဟာလည်း ဘောလုံးနဲ့ အဓိက အသက်မွေး ၀မ်းကျောင်း ပြုနေတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေချည်းပဲဖြစ်ကြတော့ သူတို့ မိခင် နိုင်ငံအသင်းအတွက်သာမက သူတို့ရဲ့ဘောလုံးအနာဂတ် လမ်းကြောင်းအတွက်ပါ ဒီပြိုင်ပွဲကြီး မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ အပြိုင်ကြိုးစားကြမှာလည်း သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်က ဘောလုံးသမားကင်းထောက်တွေ၊ ဘောလုံးသမားအေးဂျင့်တွေ၊ ထိပ်တန်းကလပ်အသင်းနည်းပြတွေနဲ့ ကလပ်အသင်းတာဝန်ရှိသူတွေလည်း လာကြည့်ကြမှာဖြစ်လို့ ဒီ ပုဂ္ဂိုလ်တွေရဲ့ ချီးကျူးအသိအမှတ်ပြု စင်တော်ကောက်ခြင်းကို ခံ ရနိုင်ဖို့အတွက် ကစားသမားတွေ အပြိုင်ကြဲကြမှာ မဟုတ်လား။
ဒီပြိုင်ပွဲမှာ အထူးခြေစွမ်းပြနိုင်ပြီး ထိပ်တန်းဥရောပကလပ်အသင်း ကြီးတွေရဲ့ မျက်စိကျ စင်တော် ကောက်ခြင်းခံခဲ့ရရင် သာမန်ဘော လုံးသမားဘ၀ကနေ နေ့ချင်းညချင်း မီလျံနာသူဌေး တစ်ယောက် ဘ၀မျိုးပြောင်းသွားနိုင်တော့ ကစားသမားတိုင်းဟာ သူတို့နိုင်ငံဂုဏ်သိက္ခာ အတွက်ရော၊ သူတို့ဘောလုံး အနာဂတ်ဂုဏ်သိက္ခာ အတွက်ပါ ခြေစွမ်းပြနိုင် အောင် ကြိုးစားပြမှာပဲ၊ ကိုယ့်အသင်း အခြေအနေအရ ရလဒ်မကောင်းခဲ့ရင်တော့ ကိုယ့်ကို ကမ္ဘာ့ဘော လုံးကင်းထောက်တွေနဲ့ ထိပ်တန်းဥရောပနည်းပြတွေ မျက်စိကျ အောင် ကြိုးစားရမှာ မဟုတ်ပါလား။
အထူးသဖြင့် ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ် မရောက်လာသေးဘဲ အခုမှ နိုင်ငံတကာပြိုင်ပွဲကြီး စကစားခွင့်ရတဲ့ မျက်နှာသစ် ကစားသမားတွေ၊ နာမည်တက်ကာစ ကစားသမားတွေ၊ ကလပ်အသင်း မှာ နာမည်ကြီးသလောက် ခြေစွမ်းမပြနိုင်ခဲ့ရင် ကစားသမားတွေ နာမည်လည်းကြီး ကလပ် အသင်းမှာ ခြေစွမ်းလည်းပြပြီး နာမည်လည်း ကြီးခဲ့တဲ့ ကစားသမားတွေအနေနဲ့လည်း ဒီလက်ရွေးစင်အဆင့်ပြိုင်ပွဲကြီးမှာထပ်မံခြေစွမ်းပြပြီး ဥရောပအကောင်းဆုံးဆုနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေရဖို့ မျော်လင့်ချက်အတွက် အစွမ်းကုန် ခြေစွမ်းပြနိုင်အောင် ကြိုးစားရမှာဖြစ် သလို အသင်းရဲ့ အဓိက ဦးဆောင်ကစားသမားတွေအနေနဲ့လည်း သူတို့ အသင်းအတွက် အမြင့်ဆုံးစွမ်းဆောင်ပေးနိုင်အောင် ကြိုးစားပေးရ မှာလည်း သေချာတယ်။
ဒါကြောင့် ဒီယူရို ၂၀၀၈ ပြိုင်ပွဲကြီးမှာ အထူးခြေစွမ်းပြဖို့ လိုအပ်တဲ့ ကစားသမားပေါင်းများ စွာထဲက အဓိကကျပြီး ခြေစွမ်းပြဖို့ ပိုလိုအပ်နေတဲ့ ကစားသမားတချို့ကို ပရိသတ်တွေပိုသတိ ထားမိအောင် ထုတ်နုတ်သုံးသပ်တင်ပြပေးပါမယ်။
အကောင်းဆုံးဆုနဲ့ ထိုက်တန်ကြောင်း ပြသရမယ့် သူ
ဒီခေါင်းစဉ်ခွဲလေး ဖတ်လိုက်တာနဲ့ ဘယ်သူ့အကြောင်း ပြောတော့မယ်ဆိုတာ ၀ါရင့်ပရိ သတ်တွေ သိနေပါလိမ့်မယ်။ မှန်ပါတယ်။ စီရော်နာဒိုပါ။ ဒီရာသီမှာ မန်ယူအသင်းကို ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလား ၂ လုံးရအောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ စီရော်နာဒိုအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံးဆုနဲ့ အကောင်းဆုံးဆုတွေကို တစ်ဦးတည်း သိမ်းကျုံး ယူထားနိုင်သူဖြစ်လို့ မန်ယူပရိသတ်အများစုနဲ့ ဘောလုံးအကဲခတ် အချို့က သူ့ကိုလက်ရှိ ဥရောပအကောင်းဆုံး ဘောလုံးသမားသာမက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်နေပြီလို့ ချီးကျူး ဂုဏ်ပြုနေကြတယ်။ ဒါပေမယ့် ဒီအချက်ကို လက်မခံသေးတဲ့ လူတွေလည်း တော်တော်များများရှိနေသေးတယ်။
ဒီထဲမှာ ကမ္ဘာကျော်နည်းပြကြီးတွေ၊ ထိပ်တန်းဘောလုံး သမားဟောင်းကြီးတွေ နဲ့ နာမည်ကြီး မီဒီယာအချို့လည်း ပါနေတော့ စီရော်နာဒိုနဲ့ သူ ကိုယ်တိုင်ရချင်တာ တစ်ပိုင်းသေနေတဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေကို လက်ဝယ်ပိုင်ပိုင် ရရှိဖို့ အခုယူရိုပြိုင်ပွဲကြီးမှာ အထူးခြေစွမ်းပြပြီး သူ့ရဲ့ပေါ်တူဂီလက်ရွေးစင်အသင်းကို မြင့်မားတဲ့အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်ပေးနိုင်ဖို့ မဖြစ်မနေ လိုအပ်နေတယ်မဟုတ် ပါလား။ ယူရိုပြိုင်ပွဲမှာ သူလည်းခြေစွမ်းပြပြီး ပေါ်တူဂီအသင်းလည်း အနည်းဆုံး ဆီမီးအဆင့်လောက် ရောက်ရင်တော့ လူအချို့ က ကန့်ကွက်မှုတွေ ရှိနေမယ်ဆိုရင်တောင် သူ့ကို ဒီ ၂၀၀၈ ခုနှစ် အတွက် ဥရောပနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေ ပေးသင့်လိုက်ပြီ မဟုတ်ပါလား။ ဒါဆိုရင် လက်ရှိပေါင်သန်း ၁၀၀ လောက်တန်နေပါတယ်ဆိုတဲ့ သူ့ရဲ့ခြေနှစ်ချောင်းဈေးကွက်ဟာလည်း တန်ကြေးပိုမြင့်သထက်မြင့်လာနိုင်သလို ဖီဖာရဲ့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုရတဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားနိုင်တယ်။ စီရော်နာဒိုဟာ မသိစိတ်ထဲက သူ့ကိုယ်သူ လက်ရှိကမ္ဘာ့အကောင်းဆုံးလို့ ခံယူထားတဲ့သူဖြစ်သလို လက်ရှိပေါ်တူဂီ အသင်းရဲ့ ဦးဆောင်ကစား သမားလည်းဖြစ်နေတယ်မဟုတ်ပါလား။
လက်ရွေးစင်အတွက်လည်း တာဝန်ကျေသူဖြစ်အောင်
ပြီးခဲ့တဲ့ ၂၀၀၇-၀၈ ရာသီက လီဗာပူးအသင်းဖလားလက်မဲ့ ဖြစ်ခဲ့ပေမယ့် ဘင်နီတက်ဇ် ဈေးကြီးခေါ်ထားတဲ့ တောရက်စ်ကရော အံ့သြလောက်အောင် ဂိုးသွင်းခြေစွမ်းပြခဲ့တာ အားလုံး အသိပါ။ ပရီးမီးယားလိဂ်အသင်းသစ်တစ်ခုမှာ ပထမဆုံးခြေချ ကစားခဲ့ပြီး ဂိုးအများဆုံး သွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းသစ်ရေး ထိုးနိုင်ခဲ့တဲ့အတွက် တောရက်စ်ကို မျက်စိကျနေတဲ့ အသင်းကြီး တွေ ဒုနဲ့ဒေးပါ။ ဒီထဲမှာ ရီးယဲလ်နဲ့ ချယ်လ်ဆီးလိုအသင်းကြီးတွေတောင် ပါနေလို့ တောရက်စ်က သူ့ကို တစ်နှစ်ပေါင် ၄ သန်းကျော်၊ လုပ်ခလစာပေးပြီး စာချုပ်သစ်ချုပ်ဖို့ လီဗာပူးကို တောင်းဆိုလာ ခဲ့တယ်။ သူဒီလောက်တန်တယ်ဆိုတာ လီဗာပူးအသင်းတာဝန်ရှိ သူတွေ လက်ခံ သဘောပေါက်လာဖို့အတွက် ဒီယူရိုပြိုင်ပွဲကြီးမှာ သူ့ဂိုးသွင်းစွမ်းရည်ကို ထပ်ပြဖို့လို သေးတဲ့အပြင် လက်ရွေးစင် အဆင့်နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုဝေးနေတဲ့ ရာဇ၀င် ကိုလည်း သူက ဖျောက်ဖျက်နိုင်အောင် အစွမ်းကုန် ကြိုးစားပေးဖို့ တာဝန်ရှိနေတယ်လေ။ ဘာကြောင့်လဲဆိုတော့ သူဟာနည်းပြ အရာဂိုးနက်စ်ရဲ့ ဦးစားပေးတိုက်စစ်မြှား ဖြစ်နေတယ် မဟုတ်လား။
ဈေးကိုင်နိုင်ဖို့
၂၀၀၇-၀၈ ရာသီမှာ လီယွန်အသင်း ဖလား ၂ လုံးရဖို့ ခြေ စွမ်းပြ ဂိုးတွေသွင်းခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို မန်ယူ၊ ရီးယဲလ်၊ အာဆင်နယ်တို့အပါအ၀င် ဥရောပထိပ် တန်းအသင်းကြီးတွေက ဈေးကြီးပေးခေါ်ဖို့ အပြိုင်ကြိုးစားနေတာ အားလုံးအသိပါ။ လီယွန်ဥက္ကဋ္ဌကလည်း ဘန်ဇီမာကို လုံးဝမရောင်းချင်ပေမယ့် မငြင်းနိုင်တဲ့ကြေးဆိုရင်တော့ လက်လွတ်ရမယ်လို့ ဆိုထားတာကြောင့် သူ့ခြေစွမ်းကို အားကိုးတကြီးနဲ့ ယူရို ပြိုင်ပွဲကြီးအတွက် ရွေးထား တဲ့ ပြင်သစ်နည်းပြ ဒိုမီနစ်ခ်ျလုပ်ရပ် မမှားဘူးဆိုတာနဲ့ သူဟာ အွန်နရီတို့ရဲ့ခြေရာကို နင်းနေနိုင်ပြီဆိုတာ သက်သေပြဖို့ ဒီပြိုင်ပွဲကြီးမှာ အစွမ်းကုန် ကြိုးစားရပါတော့မယ်။ ဒီပြိုင်ပွဲမှာ သူခြေစွမ်းပြပြီး ပြင်သစ်လည်း ကာလာကောင်းကောင်းဝင်ခဲ့ရင် သူ့ရဲ့ဂုဏ်သိက္ခာနဲ့တန်ကြေးက အဆမတန်မြင့်တက်သွားနိုင်ပြီး အပြောင်းအရွှေ့ ဈေးကွက်နောက်ဆုံးရက်ထိ ကြိုက်တဲ့အ သင်းကြီးကိုပြောင်းဖို့ ဈေးကိုင်လို့ ရပါတယ်။ ဒါဆို သူ့အတွက်လည်း အဆင်ပြေ၊ လီယွန် အတွက်လည်း အလွန်အိုကေပေါ့။ ဇင်းနစ်အသင်းကို ယူအီးအက်ဖ် အေဖလားရအောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ရုရှားတိုက်စစ်မှူး ပိုဂရက်ညက်၊ ဟော်လန်တိုက်စစ်မှူး ဟန်တယ်လာတို့အုပ်စု ဆိုရင် လည်း သူတို့ရဲ့ မြင့်မားလာတဲ့ခြေနှစ်ချောင်းဈေးကွက်ကို ပိုမြင့်နိုင်အောင် ဒီပွဲမှာ ခြေစွမ်းထပ်ပြနိုင်ဖို့ လိုပါတယ်။
နာမည်နဲ့ ဂုဏ်သိက္ခာ ပြန်ထိန်းနိုင်အောင်
တစ်ချိန်က အကောင်းဆုံးခြေစွမ်းပြပြီး လျမ်းလျမ်းတောက် ကျော်ကြားခဲ့ကာ သူတို့ကို သက်ဆိုင်ရာကလပ်အသင်းတွေက ယုံကြည်အားကိုးစွာ ရင်းနှီးမြှုပ်နှံမှုများစွာနဲ့ ဖူးဖူးမှုတ် ထားခဲ့ကြပေမယ့် နာမည်အရှိန်အ၀ါနဲ့ မလိုက်ဖက်တဲ့ သာမန်ခြေစွမ်းမျိုးလောက်သာ ရှိခဲ့လို့ နာမည်ကျ ဝေဖန်ခံခဲ့ရတဲ့ ထိပ်တန်းကစားသမားတွေထဲမှာ အွန်နရီ၊ အနယ်လ်ကာ၊ ဒေးဗစ်ဗီလာ (စပိန်)၊ နာနီ၊ ဒေကို၊ ဘားရို့စ်၊ အမ်မရီ(တူရကီ)၊ ဖိလစ်လမ်း(ဂျာမနီ)တို့ အုပ်စုက ထိပ်ဆုံးက ပါနေတယ်။ ဒါကြောင့် ကလပ်အသင်းမှာ နာမည်အရှိန်အ၀ါနဲ့ သိက္ခာကျဆင်းခဲ့တဲ့ ဒီကစား သမားတွေအနေနဲ့ ဒီယူရိုပြိုင်ပွဲကြီးမှာ သူတို့ရဲ့နာမည်နဲ့ တန်ဖိုးပြန်မြင့်တက်လာအောင် ကြိုးစားရပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ခဲ့ရင် သူတို့ဂုဏ်သိက္ခာလည်း ပြန်တက်လာနိုင်ပြီး သူတို့ရဲ့ လက်ရွေးစင်အသင်းတွေလည်း ရလဒ်ကောင်းဖို့ ကြီးမား တဲ့တွန်းအားတွေ ဖြစ်စေလာနိုင်တယ် မဟုတ်ပါလား။

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဟင်နရီ
နောက်ဆုံးဂုဏ်သိက္ခာ
ဒီပြိုင်ပွဲကြီးမှာ အထူးခြေစွမ်းပြဖို့လိုတဲ့ ကစားသမားတွေထဲမှာ လက်ရွေးစင်ကစား သမားဘ၀က အနားယူရတော့မယ့် ၀ါရင့်နာမည်ကြီး ကစားသမားတွေပဲ ဖြစ်တယ်။ သူတို့ရဲ့ ခြေစွမ်းနဲ့ အတွေ့အကြုံကို ဆိုင်ရာနည်းပြတွေက ယုံကြည်အားကိုးစွာနဲ့ အငြင်းပွား ကန့်ကွက် ဝေဖန်မှု တွေကြားက ဒီပြိုင်ပွဲအတွက် အရဲစွန့် ရွေးချယ်ခဲ့တာဖြစ်လို့ ၀ါရင့်ကစားသမားကြီးတွေ အနေနဲ့ သူတို့ကို အသိ အမှတ်ပြုတဲ့ နည်းပြဆရာတွေရဲ့ ကျေးဇူးကိုပြန်ဆပ်နိုင်ဖို့နဲ့ သူတို့ရဲ့ ကစားသမားဘ၀နောက်ဆုံးအချိန်မှာ မြင့်မားတဲ့ဂုဏ်သိက္ခာနဲ့ အောင် မြင်မှုတွေရနိုင်ဖို့အတွက် ခြေကုန်ပညာကုန်ထုတ်ပြီး ကြိုးစားကစား ပြဖို့ လိုပါလိမ့်မယ်။ ဒီကစားသမားတွေကတော့ ဒယ်ပီယာရို၊ ကာဆာနို၊ ယန်ခိုလာ(ချက်)၊ နူနိုဂိုမက်ဇ် (ပေါ်တူဂီ)၊ ဖရိုင်း(ဆွစ် ဇာလန်)၊၊ ရက်စတူရက်ဘာ (တူရကီ)၊ သူရမ်၊ မက်ခီလီလီ၊ နစ္စတယ်ရွိုင်း၊ ပါနူချီ၊ မာတာရာဇီ၊ လာဆင်(ဆွီဒင်)၊ ဟရစ္စတီး ယား(ဂရိ) တို့ အုပ်စုပါပဲ။
|