အေစီမီလန်က မက်သယူး ဖလာမီနီကို အာစင်နယ်ကနေ (၄)နှစ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူနိုင်လိုက်ပါတယ်။
ဒီနွေရာသီမှာ အာစင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် ဖလာမီနီဟာ ဆေးစစ်တာ အောင်မြင်ပြီးနောက် မီလန်ရဲ့ ဆန်စီရိုမှာ ၂၀၁၂ အထိ ရှိနေတော့မှာ ဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်ဟာ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်တာကြောင့် အခုနှစ် ရာသီအတွင်းမှာ အာစင်နယ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာပြီး (၃၉)ပွဲနဲ့ (၃)ဂိုး သွင်းထားပါတယ်။
မီလန်ဒုဥက္ကဌ အက်ဒီယာနို ဂယ်လီယာနီကတော့ ဖလာမီနီကို ခေါ်ယူတာဟာ ပရိတ်သတ် တွေ စိုးရိမ်သလို ဂတ်တူဆိုရဲ့ နေရာမှာ အစားထိုးဖို့ မဟုတ်ကြောင်း ရှင်းပါတယ်။
ဖလာမီနီဟာ အာစင်နယ်မှာ ပုံမှန် ကစားခွင့်ရဖို့ (၃)ရာသီလောက် စောင့်ဆိုင်းခဲ့ရပြီးနောက် ဒီရာသီအတွင်း ကွင်းလယ်မှာ ဖာဘရီဂတ်စ် တွဲဖက်ပြီး ခြေစွမ်းပြနိုင်လို့ ဂျီဘာတို ဆေးဗားရဲ့ နေရာကို ၀င်ယူနိုင် ခဲ့ပါတယ်။
မီလန်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ဖလာမီနီဟာ ပြင်သစ် လက်ရွေးစင် အသင်းမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက မော်ရိုကိုနဲ့ပွဲမှာ ပွဲထွက် ကစားခွင့် ရထားပါတယ်။
အသက် (၂၄)နှစ်အရွယ် ကွင်းလယ်လူက “အပြောင်းအရွေ့ ဖြစ်မြောက်တဲ့အတွက် အရမ်း ပျော်ပါတယ်။ အားလုံးကိုလည်း ကျေးဇူး အရမ်းတင်ပါတယ်” လို့ ပြောပါတယ်။
သူဟာ ၂၀၀၄ မှာ ပြင်သစ်ကလပ် မာဆေးကနေ အာစင်နယ်ကို ရောက်ရှိခဲ့ပါတယ်။
ပြင်သစ်ကွင်းလယ်လူဟာ မီလန်ရဲ့ ကွင်းလယ်မှာ ပုံမှန် ကစားခွင့်ရဖို့အတွက် ကာကာ၊ ပီယာလို၊ ဂတ်တူဆို၊ အမ်ဘရိုစီနီတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
|

အေစီမီလန်ရောက် ကွင်းလယ်လူ ဖလာမီနီ
|