ဒီရာသီကုန်ရင် အာစင်နယ်ကနေ ဂိုးသမား လေမန်း ထွက်ခွာတော့မှာ ဖြစ်တယ်လို့ နည်းပြ အာစင်ဝင်းဂါးက အတည်ပြု လိုက်ပါတယ်။
အသက် (၃၈)နှစ်အရွယ် လေမန်းဟာ အာစင်နယ်က အဲဗာတန်ကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ တနင်္ဂနွေနေ့ကပွဲ နောက်ဆုံး မိနစ် (၂၀)မှာ ၀င်ရောက် ကစားခဲ့ပြီး ပရိတ်သတ်တွေကို နူတ် ဆက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
“ဒီနှစ်ရာသီအစကတည်းက ပုံမှန် ကစားခွင့် ဆုံးရှုံးခဲ့ရတဲ့ လေမန်းနဲ့ ပက်သက်လို့ အာစင် ၀င်းဂါးက သူက ချီးကျုး ဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်တဲ့ သူ တစ်ယောက်ပါ” လို့ ပြောပါတယ်။
“ကျနော်တို့ သူ့အပေါ်မှာ ကြီးမားတဲ့ လေးစားမှုတွေ ရှိပါတယ်။ အကြောင်းကတော့ သူက ဒီမှာရှိနေတဲ့ (၅)နှစ်အတွင်းမှာ ရာနူန်းပြည့် ပရော်ဖက်ရှင်နယ်ပီသ ခဲ့ပါတယ်” လို့ ၀င်းဂါးက ပြောပါတယ်။
“အားလုံးခြုံပြောရရင် သူက ကျနော်တို့အသင်းကို အောင်မြင်အောင် အများကြီး ကူညီမှုတွေ ပေးခဲ့ပါတယ်။ ကျနော်တို့ သူ့ကို လွမ်းနေမှာပါ။ သူက ကွင်းထဲမှာရော ကွင်းပြင်မှာပါ အရေးပါတဲ့ လူတစ်ယောက် ဖြစ်ပါတယ်”
ဂျာမန်ဂိုးသမားကြီး လေမန်းဟာ ၂၀၀၃မှာ ဘိုရှောရှား ဒေါ့မန်ကနေ အာစင်နယ်ကို ပြောင်း ရွေ့ခဲ့ပြီး ပထမရာသီမှာပဲ အီမာရိတ်ကလပ်ကို ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားရှစ် ချန်ပီယံ ဖြစ်စေ ခဲ့ပါတယ်။
သူဟာ နောက်ရာသီမှာပဲ အာစင်နယ်နဲ့အတူ အက်ဖ်အေဖလားကိုလည်း ရရှိခဲ့ပါတယ်။
ယူရို ၂၀၀၈ ပြိုင်ပွဲဝင် ဂျာမန်အသင်းသားဖြစ်တဲ့ လေမန်းဟာ သူ့အနာဂတ်အတွက် ဆုံးဖြတ် ရခြင်း မရှိသေးပါဘူး။
လေမန်းက “ဘာလုပ်ရမယ်ဆိုတာ မသိသေးပါဘူး။ ကျနော် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားမှာပါ။ အဲဒီမှာ ကစားခွင့်ရချင်တာ အခုလောလောဆယ် ကျနော့်ရဲ့ ခံစားချက်ပါ။ ယူရို ၂၀၀၈ ပြီးတဲ့ ဇွန်လကျရင်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။
|

အာစင်နယ်ပရိတ်သတ်တွေကို နူတ်ဆက်နေတဲ့ လေမန်း
|