မန်ယူနိုက်တက်ရဲ့ ၀ါရင့်တောင်ပံလူ ရိုင်ယန်ဂစ်စ်ဟာ လာမယ့် (၂၁)ရက်နေ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကစားခွင့်ရရင် ဘော်ဘီ ချာလ်တန်ရဲ့ ပွဲအများဆုံး ကစားထားတဲ့ စံချိန်ကို ချိုးနိုင်တော့မှာ ဖြစ်ပါတယ်။
လောလောဆယ် ပွဲပေါင်း (၇၅၈)ပွဲ ကစားထားတဲ့ ဂစ်စ်ဟာ ချဲလ်ဆီးနဲ့ ကစားမယ့် မော်စကို ဗိုလ်လုပွဲမှာ ပါဝင်ခွင့်ရရင် အင်္ဂလန် ဘောလုံးသူရဲကောင်း ဘော်ဘီချာလ်တန်ရဲ့ ပွဲအများဆုံး စံချိန်ကို ကျော်လွန်တော့မှာ ဖြစ်ပါတယ်။
နည်းပြ ဖာဂူဆန်က “ဒီလို ဖြစ်လာဖို့အတွက် ဂစ်စ်မှာ အထူးအခွင့်အရေး ရှိနေပါတယ်” လို့ ပြောပါတယ်။
အသက် (၃၄)နှစ်အရွယ် ဂစ်စ်ဟာ မန်ယူက ၀က်စ်ဟမ်းကို (၄ - ၁)နဲ့ အနိုင်ရတဲ့ပွဲ ဒုတိယ ပိုင်းမှာ လူစားနဲ့ ၀င်ရောက်ကစားခဲ့ပြီး စံချိန်ချိုးနိုင်ဖို့ဆိုရင် နောက်အပတ် ၀ီဂန်နဲ့ပွဲမှာ ကစား ခွင့်ရဖို့တော့ လိုပါသေးတယ်။
မန်ယူရဲ့ ဒါရိုက်တာအဖြစ် လောလောဆယ် တာဝန်ထမ်းထောင်နေတဲ့ ချာလ်တန်ဟာ အိုး ထရက်ဖို့ဒ်အတွက် ပွဲပေါင်း (၇၅၉)ပွဲ ကစားပေးပြီး ၁၉၇၃မှာ အနားယူ ခဲ့ပါတယ်။
ဂစ်စ်က “ကျနော် စံချိန်တင်နိုင်ဖို့ထက် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်” လို့ ပြောပါတယ်။
“ပုဂ္ဂိုလ်ရေး စံချိန်တွေက ကစားသမားဘ၀ ပြီးဆုံးလို့ နောက်ကြောင်း ပြန်ကြည့်တဲ့အခါမှာ ကျေနပ်စရာ မှတ်တမ်း တစ်ခုပဲ ဖြစ်ပါတယ်”
ဝေးလ်လက်ရွေးစင်ဟောင်း ဂစ်စ်ဟာ ၁၉၉၁၊ မတ်လတုန်းက အဲဗာတန်နဲ့ ကစားတဲ့ပွဲမှာ မန် ယူအတွက် ပွဲဦးထွက် ကစားခွင့်ရခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားရှစ် (၉)ကြိမ်၊ အက်ဖ်အေ ဖလား (၄)ကြိမ်၊ ကားလင်းဖလား (၂)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ် ရရှိခဲ့ ဖူးပါတယ်။
|