မန်ယူနိုက်တက်အနေနဲ့ လက်ကျန်ပွဲ (၂)ပွဲစလုံးမှာ အသဲအသန် ရုန်းကန်ရလိမ့်မယ်လို့ ချဲလ် ဆီးနည်းပြ အေဘရန် ဂရန့်က ယုံကြည် နေပါတယ်။
ဂရန့်ရဲ့ ချဲလ်ဆီးအသင်းဟာ စနေနေ့က အိမ်ကွင်း စတန်းဖို့ဘရစ်ခ်ျမှာ မန်ယူကို (၂ - ၁)နဲ့ အနိုင်ယူပြီး ဇယာထိပ်မှာ အမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။
လက်ကျန်ပွဲ (၂)ပွဲ ကစားဖို့ ကျန်နေတဲ့ ယူနိုက်တက်ဟာ ပထမပွဲကို အိမ်ကွင်းမှာ ၀က်စ် ဟမ်းနဲ့ ကစားရမှာဖြစ်ပြီး ဒုတိယပွဲကိုတော့ ၀ီဂန်နဲ့ အဝေးကွင်းပွဲနွဲရမှာ ဖြစ်ပါတယ်။
အေဘရန် ဂရန့်က “ဖိအားတွေ များနေတဲ့ မန်ယူအနေနဲ့ လက်ကျန် (၂)ပွဲစလုံးကို အနိုင်ရဖို့ မလွယ်ပါဘူး။ ရာသီအကုန်မှာ ကျနော်တို့တတွေ ပျော်ရွှင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြော ပါတယ်။
ချဲလ်ဆီးဟာ ပွဲပြီးကာနီး (၅)မိနစ်အလိုမှာ ရတဲ့ ပင်နယ်တီကို မိုက်ကယ်ဘာလက်က ကန် သွင်းပြီး မန်ယူကို အနိုင်ရသွားခြင်း ဖြစ်ပါတယ်။
“ကျနော်တို့အသင်း ကစားတာ အရမ်းကောင်းပါတယ်။ ကျနော်တို့ စတန်းဖို့ဘရစ်ခ်ျမှာ အာစင် နယ်ရော မန်ယူကိုပါ အနိုင်ရ ပြီးပါပြီ။ လက်ကျန် (၂)ပွဲစလုံးမှာ ကျနော်တို့ သေချာပေါက် အနိုင်ရအောင်ပဲ လုပ်ဖို့ပဲ လိုပါတော့တယ်” လို့ ဂရန့်က ထပ်ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “ဒီအောင်ပွဲက လမ်းပတ်အတွက် ဂုဏ်ပြုတဲ့ အောင်ပွဲပါ။ ကျနော်တို့ ကစားသမားတွေ အောင်ပွဲခံတုန်းက လမ်းပတ်အမေ နာမည်ပါတဲ့ တီရှပ်နဲ့ အောင်ပွဲခံတာကို ခင်များတို့ မြင်မှာပါ” လို့ ပြောပါတယ်။
|