ဒီရာသီမှာ အဆင့်မြင့်ဆုံး ဖလား ၂ လုံး မှန်းနိုင်တဲ့ အသင်းဟာ မန်ယူတစ်သင်းပဲ ရှိ တော့တယ်။ တစ်လုံးက ချန်ပီယံလိဂ်၊ နောက်တစ်လုံးက ပရီးမီးယားလိဂ်ပါ။ လက်ကျန် ပွဲစဉ် အနေ အထားအရကြည့်ရင်လည်း ဒီဖလား ၂ လုံးစလုံးဟာ မန်ယူရဲ့ လက်တစ်ကမ်းမှာ ရောက်နေပြီဆိုတော့ ဖာဂူဆန်တို့အဖွဲ့နဲ့ မန်ယူ အသည်းစွဲ ပရိသတ်တွေအတွက် ရင်ခုန်အရဆုံး အချိန်ကို ရောက်နေပြီလို့ ဆိုရမယ်။

မန်ယူနဲ့ ချဲလ်ဆီးအသင်း အမှတ်တံဆိပ်
၅ ပွဲရလဒ်ကောင်းရုံနဲ့ ဖလား ၂ လုံးရမယ်
ဘာစီလိုနာနဲ့ ကစားရမယ့်ချန်ပီယံလိဂ် ဆီမီးနှစ်ကျော့မှာ ရလဒ်ကောင်းပြီး ဗိုလ်လုပွဲမှာပါ နောက်ဆုံးညှစ်အား အပြည့်သုံးနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဖလား ရပြီဖြစ်သလို ပရီးမီးယားလိဂ်မှာပဲ ဒီတစ်ပတ်ပွဲစဉ် ၃၆ မှာ အနီးကပ်ဆုံးပြိုင်ဘက် ချယ်လ်ဆီးကို အနိမ့်ဆုံး သရေကစားနိုင်ပြီး ပွဲစဉ် ၃၇ ကို နိုင်လိုက်ရုံနဲ့ မန်ယူ ဗိုလ်စွဲပြီဆိုတော့ ဖာဂူဆန်တို့အဖွဲ့အနေနဲ့ ချန်ပီယံလိဂ်မှာ ၃ ပွဲ၊ ပရီးမီးယားလိဂ်မှာ ၂ ပွဲ စုစုပေါင်း ဒီ ၅ ပွဲကို ရလဒ်ကောင်းအောင် သေချာပြင် ဆင်ကစားနိုင်တာနဲ့ ဒီရာသီကို လှလှပပ ပွဲသိမ်းနိုင်ပြီ ဆိုတာ တခြားလူတွေ ထက် ဖာဂူ ဆန်တို့က ပိုသိမှာပါ။
၂ ပွဲစလုံး အလွန်ခက်
ဒါပေမယ့် ဒီပွဲ ၂ ခုစလုံးက စိတ်ကူးနဲ့ ရလဒ်ကောင်းအောင် ကစားလို့မရဘဲ အလွန်ခက်ခဲတဲ့ ပွဲတွေဖြစ်နေတယ်။ ချန်ပီယံလိဂ်မှာ တွေ့ရမယ့် ဘာစီလိုနာဟာ ကစားသမားအင် အားအရရော ချန်ပီယံလိဂ်အောင်မြင်မှု အတွေ့အကြုံအရပါ မန်ယူထက် မနိမ့်သလို သူတို့အသင်းအတွက် ချန်ပီယံလိဂ်ဖလားဟာ အဓိက ပစ်မှတ်ဖြစ်လာတော့ ပရီးမီးယား လိဂ်ကိုပါ အာရုံစိုက် ထားရတဲ့ မန်ယူအတွက် သိပ်ခက်ခဲတဲ့ ပွဲဖြစ်လာမှာပါ။ လာလီဂါမှာ ရလဒ် ဆက်တိုက်ညံ့ပြီး ချန်ပီယံမျော်လင့်ချက်သိပ်နည်းလာလို့ ဖိအားတွေအများ ကြီးရှိနေတဲ့ ဘာစီလိုနာဟာ အခုညမှာ ကစားရမယ့် မန်ယူနဲ့ ချန်ပီယံလိဂ် ဆီမီးပထမအကျော့ကို ရလဒ်ကောင်းအောင် အထူးပြင်ဆင်ထားမှာ သေချာတယ်။
သူတို့အပေါ်ကျ ရောက်နေတဲ့ ဖိအားတွေကို ဒီပွဲမှာ ရလဒ်ကောင်းအောင် လုပ်ပြီး ချေဖျက်ဖို့ ကြိုးစားမှာသေချာလို့ မန်ယူအမှားတစ်ခု လုပ်မိတာနဲ့ ရလဒ်ဆိုး သွားနိုင်ပါတယ်။ မန်ယူဟာ ဒီပွဲပြီးရင် ပရီးမီးယားလိဂ်မှာ အခက်အခဲဆုံး ဖလားလုဘက်ချယ်လ်ဆီးနဲ့ ဆက်လက် ရင်ဆိုင်ရဖို့ ရှိနေတော့ အဓိကကစားသမားတချို့ ထိခိုက်ဒဏ်ရာရမှု တစုံတရာရှိ လာခဲ့ရင် မန်ယူအတွက် ဖိအားတွေ ပိုဝင်သွားနိုင်တယ်။
ဒီလိုပဲ ပရီးမီးယားလိဂ်မှာလည်း ချယ်လ်ဆီးနဲ့ ၃ မှတ်ပဲ ကွာတော့လို့ မန်ယူသေချာပေါက် ဗိုလ်စွဲပြီလို့ ပြောဖို့ ခက်လာတယ်။ ဒီအချိန်မှာ ချယ်လ်ဆီး အသင်းကလည်း ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း ပြန်တက်လာလို့ မန်ယူနောက် ထပ်ခြေချော်တာနဲ့ လက်တစ်ကမ်း အလိုက ပရီးမီးယားလိဂ်ဖလားကို လက်လွှတ် ရမယ့်ကိန်း ဆိုက်သွားနိုင်တယ်။
မျော်လင့်ချက်တော့ များစွာရှိသေး
အထက်မှာပြောခဲ့သလို ချန်ပီယံလိဂ်ရော ပရီးမီးယားလိဂ်မှာပါ မန်ယူအတွက် အခက် အခဲတွေ အများကြီးရှိနိုင်ပေမယ့် ပွဲစဉ်လမ်းကြောင်း အနေအထားအရကြည့်ရင်တော့ ဒီပြိုင်ပွဲ ၂ ခုစလုံးမှာ မန်ယူအတွက် မျော်လင့်ချက်များစွာ ရှိနေသေးတယ်လို့တော့ ပြောနိုင်ပါ သေးတယ်။ ဘာစီလိုနာလို ၂၀၀၆ ခုနှစ်မှာ ပူပူနွေးနွေး ချန်ပီယံလိဂ်ဖလား ရထား ဖူးတဲ့အသင်းမျိုးနဲ့ ဆီမီးမှာ လာတွေ့ရတာ မန်ယူအတွက် လွယ်ကူတဲ့ပွဲ မဟုတ်သလို အထူး သဖြင့် လာလီဂါမှာ အခြေအနေမကောင်းတော့တဲ့ ဘာစီလိုနာ အနေနဲ့ ချန်ပီယံလိဂ်ကိုပဲ အဓိကပစ်မှတ်ထားကစားနိုင်လို့ မန်ယူအတွက် သိပ်ခက်ခဲမယ့်ပွဲဆိုတာ သံသယရှိစရာ မလိုပါဘူး။
ဒါပေမယ့်ဒီပွဲဟာလက်ရှိ အခြေအနေအရဘာစီလိုနာ အတွက်လည်း အများကြီးခက်ခဲတဲ့ ပွဲဖြစ်လာနိုင်ပါ တယ်။ လက်ရှိခြေစွမ်းပိုင်း အရကြည့်ရင်လည်း ဘာစီလိုနာရဲ့အနေအထားက အတက်ဘက်မှာမရှိဘဲ အကျဘက်ကို ယိုင်နေတဲ့အပြင် လက်ရှိမန်ယူအသင်းရဲ့ ကစားသမား အင်အား၊ တစ်ဦးချင်းခြေစွမ်းနဲ့ကစားအားအပြင် နည်းပြရဲ့အတွေ့ အကြုံရင့်ကျက်မှုကလည်း ဘာစီလိုနာကို အများကြီး ဒုက္ခပေး နိုင်စွမ်းရှိပါတယ်။ ပြိုင်ပွဲသဘောအရ နှစ်ကျော့ ကစား ရတဲ့ပွဲမှာ ပထမအကျော့ကို အဝေးကွင်းမှာ ကစားရတဲ့ အနေအထားကလည်း မန်ယူကို အသာစီးရဖို့ အခွင့်အရေးကောင်း ဖြစ်လာစေနိုင်ပါတယ်။
ဘလက်ဘန်းကို သရေကျခဲ့တဲ့မခံချင် စိတ်တွန်းအားက ဘာစီလိုနာနဲ့ပွဲမှာ ခြေစွမ်းပြဖို့ ကြီးမား တဲ့တွန်းအား ဖြစ်လာနိုင်သလို လက်ရှိမန်ယူရဲ့ တိုက်စစ်စုဖွဲ့မှုအရလည်း အဖိုးတန် အဝေးဂိုးပြန်ရဖို့ မခက်လို့ ဘာစီလိုနာအတွက်လည်း ဒီပွဲဟာ အမှားလုံးဝ လုပ်လို့မရတဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် အခုအချိန်ထိ မန်ယူအတွက် ချန်ပီယံလိဂ်ဖလားရဖို့ မျော်လင့်ချက်များစွာရှိနေသေးတယ်လို့ ဆိုရပါမယ်။
ပရီးမီးယားလိဂ်မှာဆိုရင် အခွင့်အလမ်းပိုတောင် ရှိနေပါသေးတယ်။ ပွဲစဉ် ၃၅ မှာ ဘလက် ဘန်းကို တစ်ဂိုးစီသရေကျ လိုက်လို့ ချယ်လ်ဆီးကို အခွင့်အရေး နည်းနည်းပေးမိသလို ဖြစ် သွားစေပေမယ့် ၃ မှတ်ဆိုတဲ့ ကွာခြားမှုဟာ လက်ကျန် ၃ ပွဲသာ ရှိတော့တဲ့ အခြေအနေမှာ အများကြီး တစ်ပန်းသာစေပါတယ်။ အခုလာမယ့်ပွဲစဉ် ၃၆ ချယ်လ်ဆီးနဲ့ပွဲမှာ အနိမ့်ဆုံး သရေလောက် ကစားနိုင်ရင် မန်ယူအတွက် ထပ်ဆင့် ဗိုလ်စွဲဖို့ အလားအလာ ပို ကောင်း သွားမှာပါ။ တကယ်လို့ ဒီပွဲမှာ ခြေချော်ပြီး ချယ်လ်ဆီး ကို ရှုံးခဲ့ရင်တောင် အမှတ်တူ ရုံပဲရှိပါသေးတယ်။
ချယ်လ်ဆီး အနေနဲ့ မော်ရင်ညိုလက်ထက်ကစပြီး အခုအချိန်ထိ အိမ်ကွင်း ရှုံးပွဲလုံးဝမ ရှိသေးတဲ့ အစဉ်အလာကောင်းအရ မန်ယူအတွက် ဒီပွဲဟာ သိပ်ခက်မှာ သေချာပေမယ့် ချယ်လ်ဆီးကလည်းဒီအချိန်မှာ ချန်ပီယံလိဂ်စစ်မျက်နှာပါ တစ်ပြိုင်နက် ဖွင့်ထားရလို့ အင်အား အတောင့်တင်းဆုံး အနေအထား ရှိမနေနိုင်ပါဘူး။ မန်ယူက စပိန်မြေမှာ သွားကစားထားရလို့ အင်္ဂလန်ပြည် တွင်းက အဝေးကွင်း အန်ဖီးလ်မှာသာ လီဗာပူးနဲ့ တစ်ရက်ကြို ကစားထားရတဲ့ ချယ်လ်ဆီးထက် ပွဲပန်းခရီးပန်းဖို့တော့ ပိုရှိနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ပွဲစဉ် ၃၆ မှာ ချယ်လ်ဆီး တစ်ပန်းသာနိုင်မယ် ထင်စရာတော့ ရှိနိုင်ပါတယ်။
ဒီလိုဖြစ်လာခဲ့ရင်လည်း မန်ယူအနေနဲ့ လက်ကျန် ၂ ပွဲစလုံး ကိုနိုင်အောင် ဆက်ကစားနိုင်ရင် ဂိုးကွာခြားချက်အသာနဲ့ ချယ်လ်ဆီးကိုကျော်ပြီး ဗိုလ်စွဲနိုင် ခွင့်ရှိနိုင်ပါသေးတယ်။ အခုအချိန်မှာ ချယ်လ်ဆီးထက် ၃ မှတ်သာနေသေးပြီး ဂိုးကွာခြားချက်လည်း +၁၈ သာ နေသေးလို့ ပွဲစဉ် ၃၆ မှာ ချယ်လ်ဆီး နိုင်သွားရင်တောင် ချယ်လ် ဆီးအနေနဲ့ လက်ကျန် ၂ ပွဲစလုံးကို အနည်းဆုံး ၈ဂိုး အထက်စီလောက်နိုင်မှသာ မန်ယူကိုကျော်ပြီး ဗိုလ်စွဲ ခွင့်ရှိနိုင် မှာပါ။
မန်ယူကလက်ကျန် ၂ ပွဲမှာ ခြေထပ်ချော်ပြီး အမှတ်ပြည့် မရခဲ့ဘဲချယ်လ်ဆီးက လက်ကျန် ၂ ပွဲစလုံးကို အမှတ်ပြည့် ရအောင် ဆက်ကစားနိုင်မှသာ မန်ယူဖလား လက်လွှတ် လိုက်ရ မှာပါ။ ဒါအပြင် ပြီးခဲ့တဲ့ ၅ ရာသီလောက်ကို ပြန်လေ့လာရင် လည်း ပွဲစဉ် ၃၄/၃၅ လောက် ပြီးချိန်မှာ အဆင့် ၁ နေရာရနေတဲ့ အသင်းဟာ ရာသီကုန်ချိန်မှာလည်း ဆက်လက်ဗိုလ်စွဲသွားတဲ့ အစဉ်အလာ ရှိပါတယ်။ ဒီတော့ လက်ရှိအနေအထားတွေနဲ့ ပြိုင်ပွဲ အစဉ်အလာအရ ဒီရာသီမှာ လည်း မန်ယူကိုကျော်ပြီး ချယ်လ်ဆီးဗိုလ်စွဲဖို့ ရာခိုင်နှုန်း အတော်နည်းတယ်လို့ ဆိုရပါမယ်။
ကိုယ့်အပေါ်တွင်ပဲ မူတည်နေ
ဒီတော့ မန်ယူအနေနဲ့ ဒီဖလား ၂ လုံးထဲက လက်ရှိအခြေ အနေအရ အနိမ့်ဆုံး တစ်လုံးတော့ မှန်းလို့ရတဲ့ အနေအထား ရှိပါတယ်။ အကောင်းဆုံးအခြေအနေကို ဖန်တီးနိုင်ရင် ဖလား ၂ လုံးစလုံးကိုတောင် ရနိုင်ပြီး အလွန့်အလွန် အခြေအနေဆိုးမှသာ ဖလား ၂ လုံးစလုံး လက်လွှတ်ရမှာပါ။ လက်ရှိအနေအထားအရ ဒီဖလား ၂ လုံးစလုံးရဖို့ဟာ ပြိုင်ဘက်အသင်း တွေ အနေအထားထက် မန်ယူရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ အဓိကတည်မီနေတယ် လို့ ပြောရပါမယ်။
ဒီအားနည်းချက်တွေကို ပြင်နိုင်ရင်
လက်ရှိမန်ယူအသင်းရဲ့ ကစားသမားစုဖွဲ့မှုဟာ အသင်း သမိုင်းတစ် လျောက် အတောင့် တင်းဆုံးအနေအထားမှာ မရှိဘူး ဆိုရင်တောင် တွေ့ရမယ့် ပြိုင်ဘက်တွေထက်တော့ နှာတစ် ဖျား နီးပါးလောက် သာပါသေးတယ်။ တကယ့် ခြေမှန်ပေါ်ရင်လည်း အသင်းတိုင်းကို ကျော်ဖြတ်နိုင်မယ့် စွမ်းရည်မျိုး ရှိပါတယ်။ ဒါပေမယ့် မန်ယူရဲ့ အားနည်းချက်တွေထဲမှာ အဓိကခံစစ် သမားနဲ့ အဆုံးသတ်တာဝန်ယူရတဲ့ တိုက်စစ်မှူးတွေ နောက်ပိုင်းပွဲတွေမှာ ပွဲတိုင်း အကောင်းဆုံးပုံစံနဲ့ မကစားနိုင်တာနွှဲ ဆရာကြီးဖာဂူဆန်ကလည်း တစ်ခါတစ်ရံမှာ လူထုတ်ပုံ၊ နည်းဗျူဟာချမှတ်ပုံနဲ့ ကစားကွက်နဲ့ လူအပြောင်း အလဲလုပ်ရာမှာ ချွတ်ချော်မှု လေးတွေ ရှိနေတာ အပါအ၀င် အသင်းစိတ်ဓာတ်ပိုင်းမှာလည်း ၁၉၉၉ ခုနှစ်လောက် က စိတ်ဓာတ် မျိုးကို မမီတော့တာတွေက တချို့ပွဲတွေမှာ ရလဒ်ပိုင်းကို ထိခိုက်စေတဲ့ အချက်တွေပါပဲ။
အထူးသဖြင့် ဖာဂူဆန်ဟာ ပုံမှန်ခြေစွမ်းနဲ့ ကစားအားမရှိတော့တဲ့ ဂစ်ကို ဘောဘီချာလ်တန်ရဲ့ ပွဲအများဆုံးစံချိန် မြန်မြန်မီစေချင်တဲ့သဘောနဲ့ အရေးကြီးတဲ့ပွဲတွေမှာ တာထွက်ကစားသမား အဖြစ်ကစားစေတာနဲ့ တစ်ဖက်အသင်းရဲ့ကစားပုံကိုကြည့်ပြီး သူ့ကစားသမားတွေရဲ့ ကစားပုံ ကစားဟန်ကို အချိန်ကိုက်ပြောင်း ကစားနိုင်မှု ပိုင်းအားနည်းချက်တွေရှိခဲ့လို့ အမှတ်မဆုံး သင့်တဲ့ပွဲတွေမှာ အမှတ်တွေ ဆုံးရှုံးခဲ့တာ တွေ့ရတယ်။ မန်ယူရဲ့ အသိသာဆုံးအား နည်းချက်ကတော့ ကိုယ့်ထက်အင်အား နည်းတဲ့ အသင်းတွေနဲ့တွေ့ရင် မသိစိတ်က အထင် သေးလျော့တွက်ပြီး ကစားအားကို တင်သင့်တဲ့အချိန်မှာ တင်မကစားတတ် ခြင်းပါပဲ။
ဒါကြောင့် ဒီအားနည်းချက်တွေကိုသာ အချိန်မီပြုပြင်နိုင်ခဲ့ရင် မန်ယူအသင်း မျော်မှန်းနေတဲ့ ဖလား ၂ လုံးစလုံးရဖို့ အခွင့်အရေးတွေ ရှိလာလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ဖာဂူဆန်လို နည်းပြမျိုးရဲ့ မန်ယူအသင်းမှာ စီရော်နာဒို၊ ရူနီ၊ တဲဗက်ဇ်၊ စခိုးလ်၊ ဖာဒီနန်၊အဲဗရာ၊ ဗန်ဒါဆားတို့လို ကစားသမားတွေရှိနေလို့ မန်ယူအသင်းကို ဘာစီလိုနာနဲ့ ချယ်လ်ဆီး အပါအ၀င် ဘယ်အသင်းမှ လျော့တွက်ထားရမှာမဟုတ်လို့ မန်ယူသာ ကိုယ့်တာကိုယ်လုံ အောင် လုပ်နိုင်ရင် လိုချင်တာတွေ ရလာဖို့ သိပ်ခက်မှာ မဟုတ်ပါကြောင်း။
|