ကစားသမားတွေဖြစ်တဲ့ ရီယို ဖာဒီနန်၊ မိုက်ကယ် ကာရစ်နဲ့ ၀က်စ်ဘရောင်းတို့က မန်ယူနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီ ဖြစ်တယ်လို့ နည်းပြ ဖာဂူဆန်က အတည်ပြုပါတယ်။
စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့သတင်းကို အမှုဆောင်အရာရှိ ဒေးဗစ်ဂေးလ်က ဖာဂူဆန်ကို အကြောင်းကြားခဲ့ခြင်း ဖြစ်ပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ခြင်း မရှိပါဘူး။
သူတို့တတွေ စာချုပ်သစ်အတွက် သဘောတူညီချက် ရသွားပါပြီ လို့ ဖာဂူဆန်က ပြောပါတယ်။
အခုလို ချန်ပီယံဖြစ်ဖို့ အရေးကြီးနေတဲ့အချိန်မှာ ကစားသမားတွေကို စာချုပ်သက်တမ်းတိုးတဲ့ ကျနော်တို့ရဲ့ မူဝါဒကို ဆက်ပြီး အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်
ဖာဂူဆန်က လာမယ့် ရာသီမှာ လူသစ်တွေထပ်ပြီး အားဖြည့်သွားမယ်လို့လည်း ထပ်ပြောပါတယ်။
ကျနော်တို့အသင်းက တောင့်တင်းနေပြီးသားပဲ။ ဒီအခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်ဖို့ပဲ ကြိုးစားရမှာပါ။ ဒါပေမယ့် ကစားသမားသစ် ထပ်ပြီး ခေါ်နိုင်ချေတော့ ရှိပါတယ်။
ဖာဒီနန်ရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားကို တစ်ပတ်ကို လုပ်ခလစာ ပေါင် (၁၃၀,၀၀၀)နဲ့ (၅)နှစ်စာချုပ်သက်တမ်း တိုးခဲ့တယ်လို့ ထုတ်ဖော်ထားပါတယ်။
အသက် (၂၈)နှစ်အရွယ် ဘရောင်းနဲ့ အသက် (၂၆)နှစ်အရွယ် ကာရစ်တို့ကိုလည်း မန်ယူက (၅)နှစ်စာချုပ်စီနဲ့ သက်တမ်းတိုးခဲ့တယ်လို့ ယူဆ ရပါတယ်။
ဘရောင်းရဲ့ လက်ရှိစာချုပ်သက်တမ်းက လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ဖာဒီနန်ရဲ့ သက်တမ်းကတော့ (၂)နှစ် ကျန်ပါသေးတယ်။
ကွင်းလယ်လူ ကာရစ်က ပေါင် (၁၈.၆)သန်းနဲ့ တော့တင်ဟမ်ကနေ ၂၀၀၆မှာ မန်ယူကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
|

ဘောလုံးရှင်းထုတ်ဖို့ ကြိုးစားနေတဲ့ မန်ယူနောက်ခံလူ ဖာဒီနန် (၀ဲ)နဲ့ ဘရောင်း (ယာအစွန်)
|