အာစင်နယ်ကွင်းလယ်လူ မက်သယူး ဖလာမီနီဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် (၃)ပတ် လောက် ကစားနိုင်တော့မှာ မဟုတ်ပါဘူး။
အသက် (၂၄)နှစ်အရွယ် ဖလာမီနီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လီဗာပူးကို ရှုံးတဲ့ ချန်ပီယံလိဂ်ပွဲ ပထမပိုင်းမှာတင် ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့ခြင်း ဖြစ်ပါတယ်။
အာစင်နယ်အနေနဲ့ လာမယ့် တနင်္ဂနွေနေ့ မန်ယူနဲ့ အိုးထရက်ဖို့ဒ်ပွဲမှာ ဘရာဇီးကွင်းလယ် သမား ဂျီဘာတိုကို ဖလာမီနီရဲ့ နေရာမှာ အစားထိုး ၀င်ရောက်ကစားခိုင်းမှာ ဖြစ်ပါတယ်။
“ဂျီဘာတိုလည်း ခြေစွမ်းကောင်းပြီး အတွေ့အကြုံ ရှိပေမယ့် ဖလာမီနီ မကစားနိုင်တာကတော့ ကျနော်တို့အတွက် အကြီးအကျယ် ထိုးနှက်မှု တစ်ခုပါပဲ” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။
ဝင်းဂါးက “ဂျီဘာတိုက ကျနော်တို့အသင်းကို ကူညီပြီး ဆွဲခေါ်သွားနိုင်ပါလိမ့်မယ်” လို့ ထပ် ပြောပါတယ်။
“ဗန်ပါစီတော့ ပြန်ကစားနိုင်မှာပါ။ သူ မနေ့ကနဲ့ ဒီနေ့ နှစ်ရက် ကောင်းကောင်း လေ့ကျင့်ရေး ဆင်းနိုင်ပါပြီ။ သူ့ကြည့်ရတာ အဆင်ပြေတဲ့ ပုံပါပဲ”
အာစင်နယ်ဟာ လောလောဆယ် အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရှိနေတဲ့အတွက် မန်ယူနဲ့ တွေ့မယ်ပွဲမှာ အနိုင်ရမှ ဒီနှစ် ပရီးမီးယားရှစ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်ကို ဆက်လက် ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
|

လေ့ကျင့်ရေးကွင်းက ဖလာမီနီ
|