ဂိုးသမား ပီတာချက်ဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်နဲ့ တိုက်မိပြီး မေးစေ့နဲ့ နူတ်ခမ်းကွဲတဲ့ ဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်လို့ ဖာနာဘာချီနဲ့ ကစားမယ့် ဒီည ချန်ပီယံလိဂ်ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ဘီဘီစီအားကစားအစီအစဉ်ကတော့ ပီတာချက်ရဲ့ ဒဏ်ရာက အချက် (၅၀)လောက် ချုပ်ရ ဖွယ် ရှိတယ်လို့ ခန့်မှန်းပါတယ်။
ချက်ဟာဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ချဲလ်ဆီး နောက်ဆုံး ကစားခဲ့တဲ့ (၉)ပွဲမှာလည်း ပါဝင်နိုင်ခြင်း မရှိပါဘူး။
“သူ ဒီနှစ်အတွင်းမှာ ဒဏ်ရာတွေ ခဏခဏရနေလို့ ကံမကောင်းပါဘူး။ ဒါပေမယ့် ဘောလုံး လောကမှကတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်” လို့ နည်းပြ အေဘရန် ဂရန့်က ပြောပါတယ်။
အသက် (၂၅)နှစ်အရွယ် ဂိုးသမား ချက်ဟာ လေ့ကျင့်ရေးကွင်းမှာ အစ္စရေးနောက်ခံလူ တန် ဘန်ဟိုင်နဲ့ တိုက်မိပြီး ဒဏ်ရာရသွားတယ်လို့ ယုံကြည်ရပါတယ်။
ချက်လက်ရွေးစင် ဂိုးသမားဟာ မန်ယူနဲ့ လာမယ့် (၂၆)ရက်နေ့မှာ ကစားရဖို့ရှိတဲ့ ပရီးမီးယား ရှစ် ပွဲစဉ်အမှီ ပြန်လည် ကြံ့ခိုင်ဖို့အတွက် ကြိုးစားရုန်းကန်ရမှာ ဖြစ်ပါတယ်။
ဂရန့်က “ဒီနှစ်က သူ့အတွက် ကောင်းတဲ့နှစ်တော့ မဟုတ်ပါဘူး။ အခုဒဏ်ရာက သူ့အတွက် တတိယမြောက် ဒဏ်ရာပါ။ အနည်းဆုံး (၂)ပတ်လောက်တော့ ကစားနိုင်မှာ မဟုတ်သေး ပါဘူး” လို့ ထပ်ပြောပါတယ်။
သူဟာ အောက်တိုဘာ ၂၀၀၆ တုန်းကလည်း ရက်ဒင်းကစားသမား စတီဖန် ဟန့်နဲ့ တိုက်မိပြီး ဦးခေါင်းဒဏ်ရာရသွားလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ ရပါတယ်။
|