ဒူးဒဏ်ရာကြောင့် ဗစ်ဒစ်အနေနဲ့ အနည်းဆုံး (၂)ပတ်ကနေ (၃)ပတ်လောက်အထိ ဘောလုံး ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ မန်ယူအသင်းက အတည်ပြုပါတယ်။
မနေ့က ထွက်ပေါ်လာတဲ့ ဓါတ်မှန်ရိုက် စစ်ဆေးချက်အရ ဗစ်ဒစ်ရဲ့ ဘယ်ဖက်ဒူး ဒဏ်ရာဟာ ဆိုးဆိုးဝါးဝါး မထိခိုက်ခဲ့ဘူးလို့ ဆိုပါတယ်။
အသက် (၂၆)နှစ်အရွယ် နောက်ခံလူဟာ ရိုးမားကို (၂)ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် ပထမပိုင်းမှာတင် ခုန်ပြီးပြန်အကျမှာ ဒဏ်ရာရ သွားလို့ ဂျွန်အိုရှေးနဲ့ လူစားလဲ ခံရပါတယ်။
ဒူးဒဏ်ရာကြောင့် ဆားဘီးယားသား ဗစ်ဒစ်ဟာ မန်ယူရဲ့ မစ်ဒယ်ဘရော့၊ အာစင်နယ်နဲ့ လာ မယ့်အပတ်ထဲမှာ ရိုးမားနဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
တကယ်လို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို မန်ယူ တက်ရောက်သွားရင်တောင် နောက်ခံလူ အနေနဲ့ ပထမအကျော့ပွဲစဉ်မှာ ပွဲဝင်ဖို့ မသေချာတဲ့ အနေအထား ရှိပါတယ်။
သူ့အနေနဲ့ လာမယ့် (၂၆)ရက်နေ့ စတန်းဖို့ဘရစ်ခ်ျမှာ ချဲလ်ဆီးနဲ့ ကစားတဲ့ပွဲနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့် နေပါတယ်။
မန်ယူရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “သူ့ရဲ့ ဘယ်ဖက်ဒူးဒဏ်ရာက သိပ်တော့ မစိုးရိမ်ရပါဘူး။ နှစ်ပတ် သုံးပတ်လောက်တော့ ကစားနိုင်သေးမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ခံစစ်ပိုင်း အားကိုးရတဲ့ ဗစ်ဒစ်နာသွားလို့ နည်းပြ ဖာဂူဆန်အတွက် ခေါင်းခဲစရာ ဖြစ်ပေမယ့် နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဆီဗက်စတာ ပြန်ကစားနိုင်လို့ စိတ်သက်သာစရာ ဖြစ်ခဲ့ ပါတယ်။
|

ရိုးမားနဲ့ပွဲတုန်းက ဒူးဒဏ်ရာရဲ့ နာကျင်မှုကြောင့် အော်ဟစ်နေတဲ့ ဗစ်ဒစ်
|