DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ရွှေဖိနပ်ကြီး စီးချင်ရင်
ကိုစိုးမိုး (IBC)့ - ဧပြီ ၄၊ ၂၀၀၈

ဘောလုံးပွဲတစ်ပွဲရဲ့ ရလဒ်ကို ဂိုးသွင်းနိုင်မှုအပေါ်မှာ ဆုံးဖြတ်တာ ဖြစ်သလို ဒီနေ့ခေတ် ဘောလုံးပရိသတ်ကလည်း နှစ်ဘက်အသင်း အပြန်အလှန်ဂိုးသွင်းတာကို ပိုပြီးကြည့်ချင်စိတ် ရှိကြတယ်။ ဘောလုံးပွဲတစ်ပွဲရဲ့ အသက်ကလည်း 'ဂိုး'ဖြစ်နေတော့  အနိုင်ဂိုးသွင်းနိုင်တဲ့ ကစားသမားဟာ ဆိုင်ရာအသင်းရဲ့ သူရဲကောင်းလည်း ဖြစ်သွားတတ်တယ်။

ဘယ်လိုကစားသမားမျိုးမဆို သူ့အသင်း အနိုင်ရဖို့က အဓိကလို့ ခံယူထားတတ်ကြပေမယ့် သူ့အသင်းရဲ့ အနိုင်ဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရတာကို ကစားသမားတိုင်း လိုချင်တတ်ကြပါတယ်။ ဒါ့အပြင် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးတွေ သွင်းပေးရင်း အဲဒီသွင်းဂိုးတွေအတွက် နည်းပြတွေ၊ ကစားဖော်တွေ၊ ပရိသတ်တွေရဲ့ ချီးကျူး ဂုဏ်ပြုမှုကိုလည်း ကစားသမားတိုင်း ရင်ခုန်ချင်ကြမှာပဲ။ ကိုယ့်ရဲ့ သွင်းဂိုးများစွာအတွက် အသိအမှတ် ပြု ချီးကျူး ခံချင်ကြသလို တစ်ရာသီလုံးမှာ ကိုယ့်ရဲ့ သွင်းဂိုးတွေကြောင့် လိဂ်တစ်ခုလုံးရဲ့ ဂိုးသွင်း သူရဲကောင်း သို့မဟုတ် ဂိုး သွင်းဘုရင်ဆုအဖြစ် သတ်မှတ်ချီးမြှင့်တဲ့ ရွှေဖိနပ်ဆုရှင်မျိုးလည်း ဖြစ်ချင်ကြတာ ကစားသမားတိုင်းရဲ့ အိပ်မက် တစ်ခုပါပဲ။ အထူးသဖြင့် ဂိုး သွင်းဖို့ တာဝန်ယူထားရတဲ့ တိုက်စစ်ကစားသမားတိုင်းရဲ့ မျော်လင့်ချက်ပန်းတိုင်ဟာ ရွှေဖိနပ်နဲ့ (Golden Shoe )ဆုရှင် ဖြစ်ရေးပါ၊ ဒါမှသာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှု အရှိန်အ၀ါ ပိုမို မြင့်မားလာမှာ မဟုတ်ပါလား။

တကယ်တော့ ရွှေ့ဖိနပ်ဆု ရှင်ဖြစ်ဖို့ဟာ ထင်သလောက် မလွယ်ကူဘဲ ကစားသမားတိုင်း စိတ်ကူးယဉ်လို့ မရ လောက်တဲ့ ခက်ခဲပြီး အဖိုး ထိုက်တန်သော ဆုလာဘ်တစ်ခုပါ။ ဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုရှင် ဖြစ်ဖို့အတွက် အခြေခံ လိုအပ်ချက်ပေါင်းများစွာလည်း ရှိနေပါတယ်။ အဲဒီအချက်တွေ ထဲမှာ အဓိကအရေးပါတဲ့ အချက်ကြီး ၆ ချက် ရှိပါတယ်။ အဲဒီအချက်တွေကတော့ ကစားရတဲ့ နေရာနဲ့ တာဝန်၊ ပင်ကိုယ် အရည်အသွေးမြင့်မားမှု၊ လုပ်ပိုင်ခွင့်၊ ပံ့ပိုးနိုင်တဲ့ ၀န်းကျင်၊ ကျန်းမာ ကြံ့ခိုင် မှု၊ ဂိုးကံကောင်းမှု စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေပေါ်မှာ အခြေခံတွက်ချက်ပြီး ကမ္ဘာ့အကျော်ကြားဆုံး လိဂ်ပြိုင်ပွဲကြီးတွေဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေတို့မှာ ကစားနေတဲ့ ဂိုးသွင်းဘုရင်တွေရဲ့ အနေအထားကို သုံးသပ်ရင်း ဘယ်သူတွေ လိဂ်အလိုက် ရွှေဖိနပ်ဆုရှင် ဖြစ်နိုင်ပြီး၊ ဘယ်သူတွေ ဥရောပဂိုးသွင်းဘုရင်ဆု ESM Golden Shoe ဆုရှင် ဖြစ်နိုင် မလဲဆိုတာ တွက်ကြည့်ပါမယ်။


စီရော်နယ်ဒို

ကစားရတဲ့ နေရာနဲ့ တာဝန်

ဂိုးများများရဖို့အတွက် ကစားရတဲ့ နေရာနဲ့တာဝန်ကလည်း အလွန်စကားပြောပါတယ်။ နောက်တန်းကစားသမား သို့မဟုတ် ကွင်းလယ်ခံစစ်ကို အဓိကတာဝန်ယူရတဲ့ ကစားသမားတွေဟာ ဂိုး များများစားစားရဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသင်းမှာ ဂိုးသွင်းဖို့ အဓိကတာဝန်ယူရတဲ့ တိုက်စစ်မှူးတွေနဲ့ ကွင်းလယ်တိုက်စစ် ကစားသမားတွေသာ ရွှေဖိနပ်အိပ်မက် မက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ အဲဒီလို အခွင့်အရေးမျိုး အများဆုံးရနေတဲ့ ကစားသမား တွေကတော့ ဆိုင်ရာအသင်းတွေမှာ ဂိုးသွင်းတာဝန် အဓိကယူရတဲ့ အထောင်တိုက်စစ်မှူးတွေဖြစ်တဲ့ လာလီဂါက ဖေဘီယာနို၊ ဂွန်ဇာလက်ဇ်၊ ရာအူးလ်၊ စီးရီးအေက ဘော်ရယ်ရီလို၊ ထရက်ဇီဂေး၊ အီဘရာဟီမိုဗစ်၊ ပရီးမီးယားလိဂ်က စီရော်နာဒို၊ တောရက်စ်၊ ဒရော့ဂ်ဘာ၊ ဘွန်ဒက်စ်လီဂါက တိုနီတို့အုပ်စုပဲ ဖြစ်ပါတယ်။

 

ပင်ကိုအရည်အသွေး

ဂိုးသွင်းဘုရင်ဖြစ်ဖို့ အခြေခံအကျဆုံး လိုအပ်ချက်ကတော့ ပင်ကိုယ်ဘောလုံးပညာ မြင့်မားပြီး ဂိုးသွင်းစွမ်းရည် ထက်မြက်တဲ့ ကစားသမားမျိုး ဖြစ်ရေးပါပဲ။ ဒီအချက်နဲ့ ချိန်ထိုးကြည့်ရင် လက်ရှိ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားတဲ့ စီရော်နာဒို၊ တောရက်စ်တို့ အပါအ၀င် ဖေဘီယာနို၊ ရာအူးလ်၊ ဘော်ရယ်ရီလို၊ ထရက်ဇီဂေး၊ တော့တီ၊ ဘွန်ဒက်စ်လီဂါက တိုနီတို့ အားလုံးဟာ ဂိုးသွင်းဘုရင်ဖြစ်လာဖို့ မျော်လင့်ချက်ထားနိုင်သူတွေ ချည်းပဲ ဖြစ်ပါတယ်။

လုပ်ပိုင်ခွင့်

လုပ်ပိုင်ခွင့်ဆိုတဲ့ အချက်ကတော့ အသင်းတစ်သင်းမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတိုင်းကို အများဆုံး တာဝန်ယူ ကန်သွင်းရတဲ့ အခွင့်အရေးကို အများဆုံးရရှိနေသူကို ဆိုလိုတာ ဖြစ်ပါတယ်။ ဂိုးရဖို့ နီးစပ်နိုင်တဲ့ ပင်နယ်တီ ကန်ခွင့်၊ ဖရီးကစ် ကန်ခွင့်တွေကို အဓိက တာဝန်ယူခွင့်ရတဲ့ ကစားသမားဟာ တခြားကစားသမားတွေထက် ဂိုးပိုရဖို့ အခွင့်အရေး ပိုရှိနိုင်မယ် မဟုတ်လား။ ဒီအချက်နဲ့ ပြောရရင်တော့ စီရော်နာဒိုဟာ ပရီးမီးယားလိဂ်မှာသာမက တခြား လိဂ်က ရွှေဖိနပ်လုဘက်တွေထက် အခွင့်အရေး ပိုရှိနေတာ အားလုံး အသိပါပဲ။ ဘာကြောင့်လဲဆိုတော့ သူဟာ မန်ယူမှာ ပင်နယ်တီ ကန်ခွင့်ရတိုင်း ဒိုင်ခံကန်သွင်းနေရသူ ဖြစ်သလို ဖရီးကစ်အများစုကိုလည်း သူပဲ ကန်ခွင့်ရ နေလို့ပါ။ လက်ရှိ သူသွင်းထား နိုင်တဲ့ ပရီးမီးယားလိဂ် ၂၆ ဂိုးထဲမှာလည်း ဖရီးကစ်နဲ့ ပင်နယ်တီက ရတဲ့ဂိုးတွေ မနည်းဘူး မဟုတ်လား။ 

ပံ့ပိုးနိုင်တဲ့ ပတ်ဝန်းကျင်

အသင်းတစ်သင်းမှာ ဂိုးသွင်းဖို့ အဓိက တာဝန်ယူရတဲ့ ကစားသမား တွေအနေနဲ့ ပင်ကိုယ်အရည်အသွေး ဘယ် လောက်ရှိရှိ၊ ခြေစွမ်းနဲ့ ဂိုးသွင်းစွမ်းရည် ဘယ်လောက်ကောင်းကောင်း သူတစ်ယောက်ထဲ အားနဲ့ ဂိုးအများကြီးရဖို့ မဖြစ်နိုင်ပါဘူး။ သူ့ကို ဂိုးသွင်းခွင့်တွေရအောင် ပံ့ပိုးထောက်ပံ့ပေးနိုင်မယ့် ထိပ်တန်းကစားဖော်တွေ အများကြီးရှိနေ မှာသာ ဂိုးများများ သွင်းနိုင်မှာပါ။ အထူးသဖြင့် တိုက်စစ် ကို အဓိကပံ့ပိုး ကစားရတဲ့ တောင်ပံ နောက်ခံလူတွေ၊ ကွင်း လယ် ကစားသမားကောင်းတွေ၊ နေရာ လွတ်တွေ ဖန်တီးပေးနိုင်တဲ့ တိုက်စစ် ကစားဖော်တွေ အများ ကြီးရှိနေတဲ့ အသင်းမျိုးမှာ ကစားခွင့်ရရင် အဲဒီကစားသမားဟာ ဂိုးများများ သွင်းနိုင်ဖို့ အခွင့်အရေး ပိုရနိုင်ပါတယ်။

မိမိပါဝင်ကစားရတဲ့ အသင်းဟာလည်း ပြည်တွင်းလိဂ်မှာသာမက ဥရောပလိဂ်ပြိုင်ပွဲတွေမှာပါ မြင့်မားတဲ့ အောင်မြင် မှုတွေရဖို့ မျော်မှန်းနိုင်တဲ့ ချန်ပီယံ ခြေစွမ်းမျိုးရှိနေတဲ့ အသင်းကြီးမျိုးဖြစ်နေရင် အဲဒီကစားသမားဟာ ခြေစွမ်းပြ ဂိုးသွင်းနိုင်ခွင့်တွေ ပိုရနိုင်ပါတယ်။ ဒီအချက်တွေမှာလည်း စီရော်နာဒိုဟာ တခြားပြိုင်ဘက် ကစားသမားတွေထက် အခွင့်အရေးတစ်ပန်းသာသလို ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ လက်ရှိမန်ယူရဲ့ နည်းစနစ် ကစား ခွင့်အရ ဂိုးသွင်းဖို့ အဓိကတာဝန်ယူရတဲ့ ကစားသမား ဖြစ်သလို သူဂိုးသွင်းနိုင်အောင် ပံ့ပိုးပေးနိုင်တဲ့ ကစားဖော် တွေကလည်း နေရာအလိုက် ရှိနေပါတယ်။ အဓိက တိုက်စစ်မှူးနှစ်ယောက် ဖြစ်တဲ့ ရွန်းနီနဲ့ တဲဗက်ဇ်တို့တောင် သူ့လောက် အခွင့်အရေးမရဘဲ အဲဒီကစားသမားနှစ်ဦးရဲ့ တိုးအား၊ နေရာစုံလိုက် ဖြည့်ကစားနိုင်မှုနဲ့ တစ်ဘက်ခံစစ်ကို ကွဲသွားအောင် ဖြဲထုတ် ကစားနိုင်မှုတွေကသာ စီရော်နာဒိုအတွက် ဂိုးသွင်းခွင့်တွေ ပိုရနေစေပါတယ်။

ကျန်းမာကြံ့ခိုင်မှု

ဘောလုံးသမားမှမဟုတ်ဘူး တခြားကစားသမားတွေ အပါအ၀င် လူသားတိုင်းအတွက် ကျန်းမာကြံ့ခိုင်မှုဟာ မရှိမဖြစ် အရေး အကြီးဆုံး လိုအပ်ချက်ပါပဲ။ 'ကျန်းမားခြင်းသည် လာဘ်တစ်ပါး' ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဘယ်လိုလူမျိုး ပဲဖြစ်ဖြစ် မကျန်းမာရင် ဘယ်အလုပ်မှ လုပ်လို့မရဘူး မဟုတ်ပါလား။ ခန္ဓာကိုယ်တစ်ခုလုံး ကို အသုံးပြုပြီး ခွန်နဲ့အားနဲ့ တစ်နာရီခွဲ၊ နှစ်နာရီလောက် ကစားရတဲ့ ဘောလုံးသမားတွေဆိုရင် ကျန်းမာရေး ကောင်းနေပေမယ့် ကြံ့ခိုင်မှုနဲ့ သက်လုံ မကောင်းရင် ပွဲကစားခွင့်တောင်ရမှာ မဟုတ်ပါဘူး။ Fit သိပ်မဖြစ်ဘဲ ၀င်ကစားရင်လည်း ဘယ်လောက် ခြေစွမ်းထက် ပါတယ်ဆိုတဲ့ ကစားသမားဖြစ်ဖြစ် ပုံမှန်ခြေစွမ်းပြနိုင်ဖို့ မဖြစ်နိုင်ဘူး မဟုတ်ပါလား။ ဒါကြောင့် ကျန်းမာရေးကောင်းနေရင်တောင် ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ ကြံ့ခိုင်မှု သက်လုံကောင်းနေမှသာ တစ်ရာသီလုံးမှာ ပွဲပေါင်းများစွာ ကစားခွင့်ရနိုင်ပြီး ဂိုးတွေလည်း သွင်းနိုင်ဖို့ မျော်လင့်ချက် ရှိမှာပါ။ ဒီအချက်နဲ့ ချိန်ထိုးကြည့်ရင်လည်း စီရော်နာဒိုဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဂိုးသွင်းရှင်တွေဖြစ်တဲ့ တောရက်စ်၊ ဒရော့ဂ်ဘာတို့ထက် သာနေသလို တခြားလိဂ်တွေက ဖေဘီယာနို၊ ရာအူးလ်၊ ထရက်ဇီဂေး၊ အီဘရာဟီမိုဗစ်၊ တိုနီတို့ထက် သာနေတာကို တွေ့ရ ပါလိမ့်မယ်။ 

ဂိုးကံကောင်းမှု

ဘောလုံးသမားတစ်ယောက် ဂိုးတွေ ပုံမှန်သွင်းနိုင်ဖို့ ဂိုးကံကောင်းဖို့ကလည်း လိုပါသေးတယ်။ တချို့ပွဲတွေမှာ ဂိုးသွင်းခွင့်တွေ အများ ကြီးရပေမယ့် တစ်ဘက်ဂိုးသမားက အံ့သြလောက်အောင် လက်မြူး နေတာမျိုး ကြုံရင်၊ တစ်ဘက်ခံစစ်သမားတွေ ခြေမြူးနေတာမျိုး ရှိရင်လည်း ဂိုးရဖို့ ခက်တတ်သလို မိမိရဲ့ ဂိုးကံကလည်း သိပ်ဆိုးနေရင် အနီးကပ်လွယ်လွယ်ကူကူ ဂိုးသွင်းခွင့်တွေ ရရင်တောင် ဘေးချော် ထွက်နေတာမျိုး၊ တိုင်နဲ့ ဘားတန်းတွေ ထိထွက် တာမျိုးတွေ တွေ့ဖူးတယ် မဟုတ်ပါလား။

လက်ရှိဂိုးသွင်းဘုရင်တွေ အားလုံး တစ်ချိန်မဟုတ် တစ်ချိန်ကြုံဖူး ကြပါ လိမ့်မယ်။ Goal Luck မရှိရင် ဘယ်လောက် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးဖြစ်ဖြစ် ဂိုးများများ မရတတ်ပါဘူး။ အပိုင်ဂိုးသွင်းခွင့် သုံးကြိမ်လောက်မှာ တစ်ဂိုး လောက်ပဲ ရတာမျိုး ဒါမှမဟုတ် တစ်ဂိုးမှ မရတာမျိုးလည်း ကြုံရ တတ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ ကြည့်ရင်တော့ စီရော်နာဒို၊ တောရက်စ်နဲ့ တိုနီတို့ဟာ တခြားပြိုင်ဘက်တွေထက် နည်းနည်းလေး သာသလိုရှိ နေပါတယ်။ အထူးသဖြင့် စီရော်နာဒိုဟာ အခုနောက်ပိုင်း ပွဲတွေမှာ ဂိုးသွင်းခြေ သိပ်တက်လာသလို Goal Luck လည်း တော်တော် ကောင်းလာတာ တွေ့ရတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ မှာဆိုရင် မန်ယူရဲ့ အဖွင့်ဂိုးကို စီရော်နာဒိုက တစ်ဘက် ဂိုးဧရိယာထဲမှာ သူ့ဆီ ရောက်လာတဲ့ ဘောလုံးကို နောက်ခြေခွင်နဲ့ အသာလေးပတ် သွင်းနိုင်ခဲ့တဲ့ ဂိုးဟာ သူ့ရဲ့ မြင့်မားတဲ့ ဘောလုံးစကေးကြောင့် ဖြစ်သလို ဂိုးကံ ကောင်းခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီဂိုးဟာ တစ်ဘက်နောက်ခံလူရဲ့ ပေါင်ကြားထဲကနေ တန်းတန်းမတ် မတ် ထွက်သွားပြီး ဘယ်သူနဲ့မှလည်း မထိခဲ့သလို ဂိုးသမားလည်း တစ်ဘက်ကို ယိုင်မိ လိုက်တဲ့ စက္ကန့်ပိုင်း အချိန်လေးမှာ ဘာမှမတတ် နိုင်ဘဲ အသွင်းခံလိုက်ရတဲ့ ဂိုးဖြစ်ပါတယ်။ 
ရွှေဖိနပ် ဘယ်သူစီးခွင့်ရမလဲ

အထက်ပါ အချက်အလက်တွေနဲ့ လက်ရှိသွင်းထားနိုင်တဲ့ ဂိုးအရေအတွက်တွေအရဆိုရင် စီရော်နာဒိုဟာ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းသူ ရွှေဖိနပ်ဆု(EPL Golden Shoe )ရဖို့ အလွန်နီးစပ်နေသလို ဥရောပ ဘောလုံးမဂ္ဂဇင်းက ကြီးမှူးချီးမြှင့်တဲ့ ဥရောပရွှေဖိနပ်ဆု( ESM Golden Shoe)ကိုလည်းရဖို့ မျော်လင့်ချက် အကောင်းဆုံး ဖြစ်နေပါတယ်။ ESM Golden Shoe ဆုဟာ ဥရောပတစ်ဝှမ်းက လိဂ်ပြိုင်ပွဲတွေရဲ့ ဂိုးသွင်းရှင်တွေကို သူတို့ရဲ့ သက်ဆိုင်ရာ လိဂ်တွေရဲ့ အဆင့်အတန်း သတ်မှတ်ချက်အရ တွက်ချက် မြှောက်ဖော်ပေးဂဏန်းနဲ့ မြှောက်ပြီး ရမှတ်အများဆုံးရတဲ့ သူကို ရွေးချယ် ချီးမြှင့်ပေးတဲ့ ဆုဖြစ်ပါတယ်။

လက်ရှိ ဥရောပလိဂ်ပြိုင်ပွဲ အဆင့်သတ်မှတ် ချက်အရ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါတို့မှာ ကစားနေတဲ့ ဂိုးသွင်းရှင်တွေရဲ့ ဂိုးတွေကို × ၂၊ နယ်သာလန်၊ စကော့တလန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီစတဲ့ လိဂ်တွေကို × ၁.၅၊ ခရိုအေးရှား၊ အက်စတိုနီးယား၊ လစ်သူယေးနီးယားစတဲ့ လိဂ်တွေကို × ၁ သတ်မှတ်ထားတာကြောင့် လက်ရှိ ပရီးမီးယားလိဂ်မှာ ၂၆ ဂိုး သွင်းထားတဲ့ စီရော်နာဒိုဟာ ၂၆× ၂ = ၅၂ မှတ်၊ ရထားပြီးဖြစ်လို့ လာလီဂါမှာ ဂိုး ၂၂ ဂိုး သွင်းထားနိုင်သူ ဖေဘီယာနိုထက်တောင် သာနေပြီး ဂိုး ၂၀ တောင် မပြည့်သေးတဲ့ ဂွန်ဇာလက်ဇ်၊ ရာအူးလ်၊ ဘော်ရယ်ရီလို၊ ထရက်ဇီဂေး၊ မိုဗစ်တို့ အုပ်စုထက် အများကြီး အလားအလာ ပိုကောင်းနေပါတယ်။ ဒါပေမယ့် စီးရီးအေနဲ့ လာလီဂါဟာ ပရီးမီးယားလိဂ်ထက် ပွဲကျန် တစ်ပွဲ၊ နှစ်ပွဲစီလောက်တော့ ပိုရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အနေအထားအားလုံးကို ခြုံငုံတွက်ချက် ကြည့်ရင်တော့ ESM Golden Shoe ဆုဟာ စီရော် နာဒို လက်ထဲရောက်လာဖို့ ရာခိုင်နှုန်း အတော်များနေပြီလို့ ပြောလို့တော့ ရနေပြီ ဖြစ်ပါကြောင်း။

ပြီးခဲ့သည့် ၆ နှစ်အတွင်း
ESM Golden Shoe ရခဲ့သူများ

၂၀၀၀-၀၁      လာဆင်         ဆဲလ်တစ်                 ၃၅ ဂိုး
၂၀၀၁-၀၂      ဂျာဒယ်           ပေါ်တို                    ၄၂ ဂိုး
၂၀၀၂-၀၃      မက်ကေး        ဒီပိုတီဗို                    ၂၉ ဂိုး
၂၀၀၃-၀၄      အွန်နရီ           အာဆင်နယ်              ၃၀ ဂိုး
၂၀၀၄-၀၅      အွန်နရီ           အာဆင်နယ်              ၂၅ ဂိုး

ဖော်လ န်        ဗီလာရီးယဲလ်             ၂၅ ဂိုး

၂၀၀၅-၀၆      တိုနီ              ဖီအိုရင်တီးနား           ၃၁ ဂိုး 
၂၀၀၆-၀၇      တော့တီ        ရိုးမား                     ၂၆ ဂိုး

လက်ရှိလိဂ်အလိုက် ဂိုးအများဆုံးသွင်းထားသူများ

စီရော်နာဒို      မန်ယူ            ၃၂      ၂၆      ၆        ၂၆×၂
ဖေဘီယာနို     ဆီဗီးလား       ၂၂      ၃၀      ၈        ၂၂×၂
တောရက်စ်     လီဗာပူး         ၃၂      ၂၁      ၆        ၂၁×၂
အဒီဘာယော  အာဆင်နယ်    ၃၂      ၁၉      ၆        ၁၉×၂
ဘော်ရယ်ရီလို ဂျီနိုအာ           ၃၁      ၁၈      ၇        ၁၈×၂
ဂွန်ဇာလက်ဇ်   မာယော့ကာ   ၃၀      ၁၇      ၈        ၁၇×၂
ထရက်ဇီဂေး    ၈ျူဗင်တပ်      ၃၁      ၁၇      ၇        ၁၇×၂
ဘင်ဇီမာ        လီယွန်           ၃၁      ၁၇      ၇        ၁၇×၂
တိုနီ              ဘိုင်ယန်        ၂၆      ၁၆      ၈        ၁၆×၂