နည်းပြ ဖရန့် ရစ်ကတ်က အိုးထရက်ဖို့ဒ်မှာ ဒီည မန်ယူနဲ့ ကစားမယ့်ပွဲမှာ စည်းစည်းလုံးလုံးနဲ့ ရဲရဲရင့်ရင့် ကစားကြဖို့ ဘာစီလိုနာကစားသမားတွေကို တောင်းဆို လိုက်ပါတယ်။
ဘာစီလိုနာရဲ့ လာလီဂါမှာ ကစားတဲ့ ခြေစွမ်းဟာ နောက်ဆုံး ကစားထားတဲ့ လာလီဂါ (၉)ပွဲမှာ (၁)ပွဲပဲ နိုင်ပွဲရသေးပြီး (၃)ပွဲမှာတော့ ဂိုးမသွင်းနိုင်လို့ အခြေအနေ ဆိုးနေပါတယ်။
“ကျနော်တို့ ယူနိုက်တက်ကို လေးစားပေမယ့် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ရှိပါတယ်။ အဓိက အချက်က စုစုစည်းစည်းနဲ့ ကျနော်တို့ လိုချင်တဲ့ ပုံစံကို ဆက်ပြီး ထိန်းကစားသွားနိုင် ဖို့ပါ” လို့ ရစ်ကတ်က ပြောပါတယ်။
“ကျနော်တို့ ရဲရဲရင့်ရင့် ရှိဖို့လိုပါတယ်။ ကျနော်တို့အသင်း အဝေးကွင်းမှာဆိုရင် ခက်ခက်ခဲခဲ ကစားရပြီး ရလဒ်တွေကလည်း သိပ်မကောင်းပါဘူး။ ချန်ပီယံလိဂ်မှာတော့ ကံကောင်း ထောက်မစွာပဲ အဝေးကွင်းမှာ တိုးတက်အောင် လုပ်နိုင်ခဲ့ပါတယ်”
မန်ယူဟာ အိမ်ကွင်းမှာ နောက်ဆုံးကစားတဲ့ ချန်ပီယံလိဂ် (၁၁)ပွဲစလုံး အနိုင်ရထားတဲ့ စံချိန် တင် ထားပါတယ်။
အိုးထရက်ဖို့ဒ်ကလပ်ဟာ ချဲလ်ဆီးကို (၂ - ၁)နဲ့ ရှုံးတဲ့ပွဲ အပါအ၀င် နောက်ဆုံး ကစားထားတဲ့ (၃)ပွဲစလုံးမှာ အနိုင်ရထားခြင်း မရှိသေးပါဘူး။
|