မန်ယူနိုက်တက်က တိုက်စစ်မှူး ၀ိန်းရွန်နီနဲ့ နောက်ခံလူ ဗစ်ဒစ်တို့ကို ဘာစီလိုနာနဲ့ ကစားမယ့် ဒီည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ပြန်လည် ကြံ့ခိုင်လာဖို့ မျှော်လင့် နေပါတယ်။
ကစားသမားနှစ်ယောက်စလုံးဟာ ချဲလ်ဆီးကို (၂ - ၁)နဲ့ ရှုံးတဲ့ စနေနေ့ကပွဲမှာ ဒဏ်ရာ ရခဲ့ပေမယ့် မန်ယူလေ့ကျင့်ရေးကွင်းကိုတော့ မနေ့က လာရောက် ခဲ့ပါတယ်။
စပိန်မြေမှာ ကစားတဲ့ ပထမအကျော့ပွဲတုန်းက မန်ယူဟာ ဘာစီလိုနာရဲ့ တချိန်လုံး ကစား ကွက်အသာ၊ ခြေအသာနဲ့ ထိုးဖောက်တာကို ထိုင်ဖျက်ပြီး ခံစစ်နဲ့ ကစားသွား ရပါတယ်။
ဖာဂူဆန်က “အရင်ပွဲတွေတုန်းက ကိစ္စတွေကို မေ့ထားလိုက်ပါပြီ။ ကျနော်တို့ ဗိုလ်လုပွဲကို ရောက်ဖို့အတွက် စိန်ခေါ်ပွဲကြီး တစ်ပွဲကို နွဲရတော့မှာပါ။ အဲဒီအတွက် အကောင်းမြင် ထားပါ တယ်” လို့ ပြောပါတယ်။
“ပထမပွဲတုန်းက ကျနော်တို့ရဲ့ ခြေစွမ်းက ဥရောပမှာ အညံ့ဆုံး ခြေစွမ်းမျိုး ဖြစ်ကောင်း ဖြစ် နိုင်ပါတယ်။ အဲဒီတုန်းက အမှားမျိုးကို အခု ထပ်လုပ်မှာ မဟုတ်ပါဘူး”
ချဲလ်ဆီးကို (၂ - ၁)နဲ့ ရှုံးတဲ့ပွဲတုန်းက ဖာဂူဆန်က အဓိက ကစားသမား တော်တော်များများကို အနားပေးထားတဲ့အတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ် နူကန့်ကွင်းမှာ ဘာစီလိုနာနဲ့ ဂိုးမရှိသရေ ကျထားလို့ ဒီည အိမ်ကွင်းပွဲ အားသာချက်ကို အခွင့်ကောင်းယူပြီး မော်စကို ဗိုလ်လုပွဲကို သွားရောက်ဖို့ ကြိုးစား မှာ ဖြစ်ပါတယ်။
ဘာကာနည်းပြ ရစ်ကတ်ကတော့ သူ့အသင်းအနေနဲ့ မန်ယူကွင်းမှာ ခံစစ်ဦးစားပေးစနစ်နဲ့ ကစားသွားမှာ မဟုတ်ဘဲ တိုက်စစ်ကို ဇောင်းပေးသွားမယ်လို့ ပြောပါတယ်။
မန်ယူရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရွန်နီနဲ့ ဗစ်ဒစ်တို့ ဒဏ်ရာကြောင့် ရုန်းကန် နေရပေမယ့် ဖာဂူဆန်ကတော့ သူတို့နှစ်ယောက်စလုံးကို ဒီညပွဲမှာ ဖြစ်နိုင်သမျှ ကစားခွင့် ပေးသွားဖွယ် ရှိပါတယ်။
ဖာဂူဆန်က “ဒါဟာ ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ နှစ်ယောက်စလုံး ကစားနိုင်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒါပေမယ့် အတိအကျတော့ မပြောနိုင်ပါဘူး” လို့ ပြောပါတယ်။
ဘာစီလိုနာမှာတော့ ပွဲပယ်ခံထားရတဲ့ နောက်ခံလူ မားကွတ်ဇ်နေရာမှာ ပူယိုးလ် ၀င်ရောက် ကစားမှာ ဖြစ်ပါတယ်။
အဓိက ကွင်းလယ်လူ ရာရာ တိုရှုကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကစားဖို့ မသေချာဘဲ ဖြစ်နေပြီး သူ့နေရာမှာ အက်မယ်ဆင် ၀င်ရောက် ကစားဖွယ် ရှိပါတယ်။
မန်ယူနိုက်တက်ရဲ့ ဖြစ်နိုင်ချေ လူစာရင်း -
ဗန်ဒါဆား၊ နဗီးလ်၊ ဘရောင်း၊ ဖာဒီနန်၊ ဗစ်ဒစ်၊ ဆီဗက်စတာ၊ အီဗရာ၊ အိုရှေး၊ ရော်နယ်ဒို၊ စခိုးလ်၊ အန်ဒါဆန်၊ ဟာ့ဂဗေး၊ ကာရစ်၊ ဂစ်စ်၊ ပတ်၊ ဖလက်ချာ၊ ရွန်နီ၊ တယ်ဗက်ဇ်၊ ပီကွတ်
|

ချဲလ်ဆီးနဲ့ပွဲတုန်းက ဒဏ်ရာကြောင့် ကွင်းဘေးကနေ အားပေးနေတဲ့ ရွန်နီနဲ့ ဖာဂူဆန်
|