DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဖာဂီအပေါ်မှာ မူတည်
ကိုစိုးမိုး (IBC) - ဧပြီ ၂၈၊ ၂၀၀၈

ချန်ပီယံလိဂ်ပထမအကျော့ ပွဲစဉ်တွေမကစားရသေးခင်အထိ၊ အတိအကျပြောရရင် ဘာစီလို နာ-မန်ယူပွဲစဉ် မကစားသေးခင်အထိ စာရေးသူလည်း အင်္ဂလိပ်မီဒီယာအများစုလိုပင် ဒီရာသီချန်ပီယံ လိဂ်ဟာ All English Final ဖြစ်လာလိမ့်မယ်လို့ ၇၀ ရာခိုင်နှုန်းအထက် လောက် စိတ်ထဲမှာ ယုံကြည် ထားခဲ့မိတယ်။


မန်ယူအသင်း အမှတ်တံဆိပ်

ဒါပေမယ့် နူးကမ့်မှာကစားတဲ့ ပထမအကျော့ပွဲစဉ်အပြီးမှာတော့ စိတ်ထဲကအတွေးဟာ နည်းနည်းလေး လျော့ပါး လာခဲ့ပါတယ်။ သဘောကတော့ ဒီပုံနဲ့ဆိုရင် မန်ယူဗိုလ်လုပွဲတက်လာဖို့ သိပ်မလွယ်လောက်ဘူးလို့ တွေးလာမိတယ်။ ဘာစီလိုနာ-မန်ယူပွဲကို သေချာလေ့လာကြည့်ရင် ဆွေးနွေးချင်စရာအချက်တွေ တော်တော်တွေ့ခဲ့ရတယ်။ ဒီပွဲစဉ်မတိုင်ခင်မှာ ဒီနှစ်သင်းရဲ့ ခြေစွမ်းပိုင်းက သိသိသာသာ ကွာခြားမှုမရှိဘူးလို့ ဆိုနိုင်ခဲ့ပေမယ့် နှစ်ဘက် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအပိုင်း၊ ကစားအားအပိုင်းနဲ့ အသင်းလိုက် စိတ်ဓာတ်ပိုင်းအရတော့ နူးကမ့်မှာ ဖြစ်ပေမယ့် မန်ယူကို ဘာစီလိုနာ ခက်ခက်ခဲခဲကစားရလိမ့်မယ်လို့ ကြိုတွေးထား ခဲ့တယ်။

ဒါပေမယ့် ဘာစီလိုနာရဲ့ အဓိကပစ်မှတ်ဟာ ချန်ပီယံလိဂ်ပဲ ကျန်တော့သလို သူတို့အပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေကို မန်ယူနဲ့ပွဲမှာချေဖျက်ဖို့ ရီကတ်တို့အဖွဲ့ အစွမ်းကုန်ကြိုးစားမယ်ဆိုတာလည်း မျော်လင့်ထားခဲ့တယ်။ မန်ယူကလည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားနှစ်လုံးစလုံးကို မှန်းလောက်တဲ့အခြေအနေရှိသေးတဲ့အပြင် ဒီပွဲပြီးရင် ချယ်လ်ဆီးနဲ့ အသေအကြေသတ်ရမယ့် ပရီးမီးယားလိဂ် စစ်ပွဲကြီးတစ်ပွဲ ဆက်တိုက်ရဖို့ ရှိနေသေးတဲ့ အချက်တွေကြောင့် ပထမအကျော့မှာ မန်ယူ မနိုင်လောက်ဘူးလို့လည်း ကြိုတွက်ထားမိခဲ့တယ်။

ပွဲအဖြေကလည်း ဒီလိုထင်ထားတဲ့အတိုင်း ထွက်လာတယ်လို့ ပြောရမယ်။ မန်ယူ မနိုင်ဘဲ နူးကမ့်မှာ ဂိုးမရှိသရေပဲ ကစားနိုင်ခဲ့ တယ်မဟုတ်လား။ ဒါပေမယ့် အဲဒီပွဲမှာ နှစ်သင်းစလုံး ဂိုးတွေအပြိုင် သွင်းပြီး ၂-၁ သို့မဟုတ် ၁-၁ လောက်နဲ့ပြီးသွားလောက်မယ်လို့ ထင်ခဲ့တာတော့ မဖြစ်ခဲ့ဘူး။ ပြီးတော့ ဒီပွဲမှာ ပူယိုလ်မပါတဲ့ အိမ်ရှင် ဘာစီလိုနာ လည်း မန်ယူရဲ့တိုက်စစ်ကို အသေအကြေ ခုခံဖျက်ထုတ် ပြီးမှ ဘာစီလိုနာက ကပ်နိုင်သွားမယ်လို့ ထင်ခဲ့တာလည်း တကယ်ဖြစ်မလာဘူး။ ပိုပြီးအံ့သြစရာကောင်းတာက မန်ယူအသင်းရဲ့ကစားပုံနဲ့ အရှိန်အ၀ါဟာ ဒီပွဲမှာ အံ့သြလောက်အောင် ကျသွားသလိုဖြစ်ခဲ့တဲ့ အချက်ပဲ။ တစ်ဦးချင်း ဘောလုံးစွမ်းရည် နည်းနည်းပိုမြင့်ပြီး ဘရာဇီး စတိုင်ကစားတတ်တဲ့ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှုမှာ နည်းနည်း သာလိမ့်မယ်လို့လည်း မျော်လင့်ထားပေမယ့် ၅၅-၄၅ လောက်ပဲ ဖြစ်မယ်လို့ ထင်ခဲ့တယ်။ ဂိုးပေါက်ကန်သွင်းနိုင်မှု ရာခိုင်နှုန်းမှာလည်း ဘာစီလို နာက ၁၃ လောက်၊ မန်ယူက ၁၀ လောက်၊ ထောင့်ကန်ဘော ကန်ခွင့်လည်း ၈-၅ လောက်ရှိလိမ့် မယ်လို့ တွက်ခဲ့တယ်။ ဒါပေမယ့် တကယ်လည်းကစားရော တစ်ပွဲလုံး အနှစ်ချုပ်က အောက်ပါအတိုင်း အံ့သြစရာ စာရင်းဇယား အဖြေထွက် ခဲ့တာတွေ့ရတယ်။

ဘာစီလိုနာ                                          မန်ယူ

၂၀                ဂိုးပေါက်ကန်သွင်းမှု               ၇
၆                  ဂိုးပေါက်တည့်မှု                   ၁
၈                  ထောင့်ကန်ဘော                 ၃
၇၃                ဘောလုံးပိုင်ဆိုင်မှု                ၂၇
၁                  ဂိုးပေါက်ကာကွယ်မှု              ၆

အထက်ပါစာရင်းဇယားအရ ကြည့်ရုံနဲ့ ၀ါရင့်ဘောလုံး ပရိသတ်တွေအနေနဲ့ ဒီပွဲမှာ မန်ယူကို ဘာစီလိုနာက အချိန်အတော်ကြာ ဖိကစားနိုင်ခဲ့တယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ နူးကမ့်မှာ ဘာစီလိုနာသာသင့်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာ ဘရာဇီးအသင်းနဲ့ထိုင်းအသင်းတို့ ကစားသ လောက်ကိုရှိနေတာတော့ မန်ယူအတွက် မဖြစ်သင့်ပါဘူး။ ဘာစီလိုနာကစားသမားအများစုဟာ ဘောလုံးပညာမြင့်မားပြီး ဘရာဇီးအသင်းကြီးပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကိုအသားပေးပြီး ကစားတတ်တဲ့ ကစားဟန်ကြောင့်ပွဲစဉ်အများစုမှာဘောလုံးပိုင်ဆိုင်မှုအသာ ရလေ့ရှိတာ သိပ်မဆန်း ပေမယ့် မန်ယူလိုအသင်းမျိုးနဲ့ ဒီလောက် ဘောလုံးပိုင်ဆိုင်မှု ကွာခြားတာမျိုးတော့ မဖြစ် သင့်ဘူး မဟုတ်လား။ ဘာကြောင့်လဲဆိုတော့ မန်ယူအသင်းမှာ ဘောလုံးကိုလိုသလိုကိုင်တွယ်ခိုင်း ကစားနိုင် တဲ့ကစားသမားတွေရှိပြီး တစ်ဆင့်ချင်းကစားကွက်ဖော်ကစား လေ့ရှိတော့ ဒီပွဲမှာ မန်ယူကလည်း ဘာစီလိုနာ ကိုမောင်းကစားနိုင်သင့်တယ်လေ။ ဒါပေမယ့် ဒီစာရင်း ဇယားတွေအရရော၊ ကြည့်လိုက် ရတဲ့ ပွဲအနေအထားအရရော အလွန်အံ့သြစရာ ဖြစ်သွားပါတယ်။

ဒီပွဲမှာ မက်ဆီ၊ ဇာဗီ၊ ဒေကို၊ အင်နီယေစတာ၊ တိုရေးတို့အုပ်စုဟာ ဘောလုံးကို စိတ်ကြိုက် ထိန်းကိုင်ပြီး လျင်မြန်တဲ့တွဲလုံးတွေနဲ့ မန်ယူခံစစ်ကို မိနစ် ၇၀ လောက် မရပ်မနားဖိအားပေး ကစားနိုင်ခဲ့တာ တွေ့ရတယ်။ တကယ်ဆိုရင် မန်ယူအလယ်မှာလည်း ပေါလ်စခိုး၊ ကားရစ်၊ ရော်နာဒို၊ ဟားဂရိဗ်တို့ အုပ်စုရှိနေတာတော့ ဘာစီ လိုနာကို ဒီလိုထင်တိုင်းကြဲဖို့ အလွယ်တကူ အခွင့်အရေးရ စေမှာ မဟုတ်ဘူးလို့ အများစုက တွေးထားကြမှာပဲ။ ဒါပေမယ့် ဒီလိုမထင်မှတ်ထားတဲ့အခြေ အနေမျိုးကို ဘာစီလိုနာအသင်းက လုပ်ပြသွားခဲ့တယ်။

ဒီပွဲမှာမန်ယူဟာ မက်ဆီတစ်ယောက် တည်းကို ၃ ယောက်လောက် အသည်းအသန် ကပ်ကစားနေရတော့ ကွက် လပ်တွေပိုဖြစ်ပေါ်စေခဲ့ပြီး မက်ဆီကိုလည်း ဘောလုံးမထွက်အောင် မထိန်းနိုင်ခဲ့တော့ ဘာစီလိုနာရဲ့ခြေထဲမှာပဲ ဘောလုံးအရှိ များပြီး မန်ယူဂိုးဧရိယာနားတစ်ဝိုက်မှာ ၀ဲနေခဲ့တယ်။ ဒေကို၊ အင်နီယေစတာ၊ ဇာဗီနဲ့ရှေ့က အီတူးတို့ရဲ့ အတွဲမိမိလျင်လျင်မြန် မြန်ပူးတွဲထိုးဖောက်မှုက ဖာဒီနန်နဲ့ ဗန်ဒါးဆားတို့ကို အသက်ရှူချိန် တောင်သိပ်မရ လောက်အောင် အလုပ်ရှုပ်စေခဲ့တယ်။ မိနစ် ၂၀ နောက်ပိုင်းမှာ ဘာစီလိုနာက ဘောလုံးပိုင် ဆိုင်မှုအသာနဲ့ တစ်ဘက်သတ်တိုက်စစ် ပုံစံမျိုးကစားနေတော့ မန်ယူဟာ ရှေ့ကို ဘောလုံးတောင် သိပ်မထုတ်နိုင်ဘဲ ကွင်းလယ် ခံစစ်စည်းနဲ့ ဂိုးဧရိယာနားမှာ ၉ ယောက်လောက် မရပ်မနား ခံစစ်ပုံစံနဲ့ ကစားနေခဲ့ရတာ မန်ယူအသင်းနဲ့တောင် မတူတော့ပါဘူး။

ဒီတော့ ဘာစီလိုနာရဲ့ အလယ်တန်းခံစစ်သမား တာဝန်ယူပြီး Stopper နေရာမှာကစားရတဲ့ ယာယာတိုရေး၊ ညာ နောက်ခံလူ ဇမ်ဘရော့တာတို့ အုပ်စုတောင် တိုက်စစ်ကို တော်တော် လိုက်ကစားပြီး မန်ယူကို ဖိအားတက် ပေးလာနိုင်ခဲ့တာတွေ့ရတယ်။ ကွင်းလယ်က ပေါလ်စခိုးနဲ့ ကားရစ်တို့အပြင် တိုက်စစ်က တဲဗက်ဇ်တို့အုပ်စုဟာ ဖာဒီနန်တို့အုပ်စုနဲ့ပေါင်းပြီး ဘာစီလိုနာရဲ့တိုက်စစ်ကို အတတ်နိုင်ဆုံး ခုခံကစားပေးနိုင်ခဲ့တာနဲ့ ဗန်ဒါးဆား လက်စွမ်းပြနိုင်ခဲ့လို့သာ ဘာစီလိုနာ အနိုင်ဂိုး မရခဲ့တာဖြစ်တယ်။
အမှန်က ဘာစီလိုနာဟာ ပွဲချိန်တစ်လျောက်လုံးနီးပါး မန်ယူလို အသင်းအပေါ် အခုလို ဘောလုံးပိုင်ဆိုင်မှုအသာ၊ တိုက်စစ်ကစားပုံအသာနဲ့ ဖိအားပေးပြီး ကစားနိုင်ခဲ့တာဟာ ဘာစီလိုနာ အသင်းရဲ့ခြေစွမ်း သိသာစွာ ပြန်တက်လာတာကြောင့်လည်း ဖြစ်နိုင်သလို တစ်သိန်းနီးပါးဆံ့တဲ့ နူးကမ့်ကွင်းကြီးထဲက အိမ်ရှင်ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွန်းအားကြောင့်လည်း ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် အဓိကကတော့ ဖာဂူဆန်ရဲ့ လူထုတ်ပုံနဲ့ ကစားကွက် နည်းဗျူဟာ ချမှတ်ပုံ ပြောင်းလဲမှု အားနည်းချက်ကြောင့် အခုလို တစ်ဘက်အသင်းအတွက် အခွင့်အရေးဖြစ် စေခဲ့တာလို့ပြောရင် ပိုသဘာဝကျပါတယ်။ ဖာဂူဆန်လို ဘောလုံးနည်းစနစ်တွေကို အရည်ကျို သောက်နေတဲ့ ကမ္ဘာ့ဘောလုံးဂုရု ကြီးကို စာရေးသူလို ပမွှား မြန်မာအားကစား ကလောင်ရှင်လေးက အခုလိုဝေဖန်ရတာ ရယ်စရာတော့ ကောင်းနေမှာပါ။ ဒါပေမယ့် ဖာဂူဆန် ကစားကွက်နည်းဗျူဟာ ချမှတ်ပုံအပိုင်း အားနည်းခဲ့တာကတော့ အားလုံးမျက်မြင် မဟုတ်ပါလား။

ဆရာကြီးဖာဂူဆန်ဟာ ဂိုးသွင်းစွမ်းရည်မြင့်ပြီး ဂိုးသွင်းဖို့ပဲ အာရုံပိုရှိတဲ့၊ ဂိုးတွေလည်း ဆက်တိုက်နီးပါး အများ ဆုံးသွင်းပေးနေတဲ့ စီရော်နာဒိုကို ကွင်းလယ်တောင်ပံ ကစားသမားဘ၀ကနေ တိုက်စစ်မှူး နေရာပေးခဲ့တာ အတော် ကြာနေပြီဆိုတော့ ဒီပွဲမှာလည်း သူ့ကို တိုက်စစ်မှူးနေရာမှာ ထားကစားခဲ့တာ မှားတယ်လို့ မပြောနိုင်ပါဘူး။ အထောင်တိုက်စစ်မှူး ပုံစံမျိုး တာဝန်ပေးခဲ့တာကလည်း ဘောလုံးစကေး အလွန်မြင့်မားပြီး အလိမ်အ ခေါက်အလှည့်အဆွဲ ကျွမ်းကျင်တဲ့ စီရော်နာဒိုရဲ့ကစားပုံကိုအားယူပြီး တည်ငြိမ်မှု သိပ်မရှိတဲ့ ဘာစီလိုနာခံစစ်ကို အချိန် ပြည့်အ လုပ်ရှုပ်စေအောင်၊ ထွက်လာတဲ့ ကွက်လပ်တွေကနေ တဲဗက်ဇ်၊ ရူနီ၊ ပက်ဂျီဆန်တို့က ဂိုးရအောင် အဆုံးသတ်မယ်ဆိုတဲ့ သဘောနဲ့နည်း ဗျူဟာချမှတ်ခဲ့တာလည်း အတော်မှန်တယ်လို့ ဆိုရပါမယ်။

ရူနီနဲ့ တဲဗက်ဇ်တို့ကိုလည်း ကစားပေါက် ထပ်မနေအောင် ခွဲထုတ်ပြီးတဲဗက်ဇ်ကို Draw Forward စံမျိုးထားပြီး ရော်နာဒိုနဲ့ အတက်အဆင်း ပုံစံမျိုး ကစားစေအောင် တာဝန်ပေးခဲ့ပုံလည်း ရပါတယ်။ လိုက်အား၊ ဖျက်အားမှာ ရော်နာဒိုထက်ပိုကောင်းတဲ့ ရူနီကိုလည်း ကွင်းလယ်တောင်ပံမှာ ယောင်ပြထားကာ ပွဲအခြေအနေပေါ် ကြည့်ပြီး Draw Forward ပုံစံမျိုး ကွက်ပျောက်တက် ကစားဖို့ စီမံခဲ့တာကလည်း သိပ်မှားတယ်လို့ မပြောနိုင်သေးပါဘူး။ ရူနီဟာ ပွဲအခြေအနေပေါ် မူတည်ပြီး ခံစစ်ကိုမိမိ ဂိုးဧရိယာ ၁၈ ကိုက်စည်းနားကနေ ဆင်းကူးပြီး ကစားလေ့ရှိတဲ့ ပွဲတွေလည်း တော်တော် ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလို ညာတောင်ပံ နေရာမှာပဲ အသေထိုင်ပြီး ကစားရတဲ့ တာဝန်မျိုးတော့ တစ်ပွဲမှမယူ ခဲ့ဖူးသေးပါဘူး။

ဖာဂူဆန်ဟာ ဘာစီလိုနာအသင်းမှာ ဘယ်ညာတောင်ပံတွေ ကနေ ဘောလုံးပညာနဲ့ အမြန်ထိုး ဖောက် တိုက်စစ်ဆင် ကစားလေ့ ရှိတဲ့ မက်ဆီကို အဓိကထိန်းချုပ်ဖို့ ဟားဂရိဗ်+ရူနီ၊ အဲဗရာ+ပက်ဂျီဆန်တို့ကို တာဝန်ပေးထားခဲ့ပုံ ရတယ်။ ဒါပေမယ့် ဖာဂူဆန် မျော်လင့်ထားသလို ဖြစ်လာဖို့က ဘာစီလိုနာအနေနဲ့ မန်ယူရဲ့ တစ်ချက်ထိ၊ နှစ်ချက်ထိ အနီးအဝေး ပုံစံမျိုးစုံနဲ့ နေရာစုံက ထိုးဖောက်တတ်တဲ့ အားသာချက်ကို စိုးရိမ်ပြီး ကွင်းလယ်မှာ ဘောလုံးမပျက်အောင် ထိန်းကစားခဲ့မှသာ သူချမှတ်ထားတဲ့ နည်းဗျူဟာကစားကွက်က ပိုအလုပ်ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဟားဂရိဗ်ဟာလည်း ဒီရာသီမှာ ခံစစ်ကို အပြည့်အ၀ တာဝန်ယူရတဲ့ ညာနောက်ခံလူနေရာမှာ တစ်ပွဲလောက်ပဲ ကစားဖူးပြီး ရူနီကလည်း တောင်ပံကနေ ဘောလုံးဖြန့်ကစားတာ အားနည်းလို့ ဘာစီလိုနာရဲ့ ဘယ်ခြမ်းတိုက်စစ်ကို မပိတ်နိုင်ခဲ့ပါဘူး။ မက်ဆီကလည်း အဖျက်ကြမ်းတဲ့ ရူနီ၊ ဟားဂရိဗ်တို့ရှိတဲ့ ဘက်ကနေ သိပ်မထိုးဖောက်ဘဲ ပက်ဂျီဆန်နဲ့ တိုက်စစ်ကိုလိုက်ကစားတာ အားသန်တဲ့ အဲဗာရာတို့ဘက်ကနေ အများဆုံး ထိုးဖောက်ပြီး မန်ယူခံစစ်ကို ဒုက္ခပေး သွားခဲ့တယ်။

ပိုဆိုးတာက ဖာဂူဆန်ဟာ ဗစ်ဒစ်ခ်ျနေရာမှာ ဘရောင်း ကိုထားလိုက်တော့ ပါးနပ်မှု အားနည်းတဲ့ ဘရောင်းဟာ မက်ဆီ ဂိုးဧရိ ယာထဲရောက်လာတဲ့အထိ ကောင်းကောင်း မထိန်းချုပ်တတ်တော့ဘူး။ ဒီကြားထဲ ယာယာတိုရေး၊ ဇာဗီ၊ ဒေကိုတို့ အုပ်စုကလည်း ဖာဒီနန်တို့အဖွဲ့ကို နေရာစုံကနေ တရစပ် ထိုးဖောက်နေခဲ့တော့ မန်ယူဟာ ပွဲချိန် ၇၀ မိနစ်လောက်ကို ခံစစ်နဲ့သာ အချိန်ကုန်နေခဲ့တယ်။ ပွဲချိန် ၂ မိနစ် မှာရတဲ့ အဖိုးတန် ပင်နယ်တီကိုလည်း စိုးရိမ်စိတ်လွန်ပြီး ပဲနည်းနည်းများနေတဲ့ စီရော်နာဒိုက ၀င်အောင် မသွင်းနိုင်ခဲ့တာကလည်း ဘာစီလိုနာ အတွက် အခွင့်အရေးပေးသလိုတော့ ဖြစ်သွားစေတယ်။ ပင်နယ်တီ မ၀င်လို့ အာရုံနောက်သွားတဲ့ စီရော်နာဒို ကိုမားကွက်ဇ်နဲ့မီလီတိုတို့ကလည်း လှုပ်မရအောင် အသေကပ် ထိန်းချုပ်ကစားနိုင်ခဲ့တော့ ရှေ့မှာ တစ်ယောက် တည်းရှိနေတဲ့ စီရော်နာဒိုဟာ သာမန်ဘောလုံးသမားလောက်ပဲ ဖြစ်သွားတော့တယ်။

ပထမပိုင်း ၂၅ မိနစ်လောက်ကစပြီး ဒီလိုအခြေအနေမျိုး ဖြစ်နေခဲ့တာကို အတွေ့အကြုံရင့်ကျက်တဲ့ ဆရာကြီး ဖာဂူဆန်ဟာကစားကွက် အလှည့်အပြောင်းလုပ်နိုင်တဲ့ အရန်အင်အား မျိုးလည်းရှိလျက်နဲ့ တစ်ဘက်အသင်းအပေါ် လျော့တွက်ခဲ့ပုံရတယ်။ လူအပြောင်းအလဲလုပ်ပြီး ကစားကွက်နည်းဗျူဟာ ပြောင်းလဲ သင့်ခဲ့ပေ မယ့် မပြောင်း လဲခဲ့တာ အတော်မှားသွားတယ်။ မန်ယူအသင်းရဲ့ကစား ကွက်နဲ့ ခြေစွမ်းက သူတို့အသင်းအပေါ် အန္တရာယ်ပေး လောက်အောင် ပြောင်းလဲမလာလို့ ဘာစီလိုနာကစားသမားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး ရှေ့ပွဲမှာ အ၀ါကတ်တစ်ကြိမ်စီ ထိထားဖူးတဲ့ မီလီတို၊ မက်ဆီ၊ တိုရေး၊ မားကွက်ဇ်တို့ဟာ စိတ်ကြိုက် တင်ကစားလာခဲ့ကြတော့ မန်ယူအသင်း ပိုအဖိခံခဲ့ရတယ်။ မားကွက်ဇ်တစ်ယောက်သာ အ၀ါ ထိခဲ့ပြီး ကျန်တဲ့ ၃ ဦးဟာ မန်ယူကစား သမားတွေကို အချိန်ပြည့်မောင်း ကစားသွားနိုင်တာတွေ့ရတယ်။

အမှန်က ဖာဂူဆန်အနေနဲ့ ပွဲထွက် စာရင်းမှာ ဘရောင်းကို ခံစစ်ညာခြမ်းမှာဘဲ ပုံမှန်အတိုင်းထားပြီး ဗစ်ဒစ်ခ်ျနေရာမှာ ဘာစီလိုနာလူငယ် ကစားသမားဟောင်း ပီကေးကို မထားရဲသေးဘူးဆိုရင်တောင် အိုရှေးကိုထား၊ ဟားဂရိဗ်ကို ပေါလ် စခိုးလ်တို့နဲ့ ပေါင်းပြီး ကွင်းလယ်ခံစစ်တိုက်စစ်ကို အထိုင်ချကစား လိုက်ရင် အခုထက်ပိုပြီး နည်းနည်းပို အဆင်ပြေမယ်လို့ ဦးနှောက်သေး သေးလေးနဲ့ တွေးကြည့်မိတယ်။ ဆိုလိုတာက နောက်တန်းခံစစ်မှာ ဘရောင်း၊ ဖာဒီနန်၊ အိုရှေး(ပီကေး)၊ အလယ်မှာ ဟားဂရိဗ်၊ ကားရစ်၊ စခိုးလ်၊ ပက်ဂျီဆန် (နာနီ)၊ ရှေ့မှာ ရူနီနဲ့ ရော်နာဒိုတို့ကို လိုသလို အတက်အဆင်းပုံစံနဲ့ ကစားခိုင်းပြီး ကွင်းလယ်အားနဲ့ မက်ဆီတို့အုပ်စု စိတ်ကြိုက်လှုပ်ရှား ခွင့်သိပ်မရအောင် သို့မဟုတ် နည်းနည်းနာသွားအောင် ခပ်မာမာ တုံ့ပြန်ကစားခဲ့ရင် ပိုကောင်းမလား ထင်မိတယ်။ ဒုတိယပိုင်းအစမှာ ရူနီကို တဲဗက်ဇ်နဲ့လဲပြီး မိနစ် ၂၀ လောက်မှာ ပက်ဂျီဆန်နေရာကို နာနီ၊ ကားရစ်/ဟားဂရိဗ်နေရာကို အန်ဒါဆင် ထည့်လိုက်ရင် ဘာစီလိုနာ အခုလောက် ထင်သလိုကြဲမသွားနိုင်ဘူးလို့ မျော်လင့်မိပါတယ်။

အခုတော့ ဖာဂူဆန်ဟာ နောက်ကျချိန်ကျမှ မထိရောက်တဲ့ လူစားလဲမှုတချို့လုပ်ခဲ့ပြီး အထူးသဖြင့် သူ့တပည့်ကျော် ဂစ်ကို ပွဲရေ ထပ်တိုးအောင် မိနစ်ပိုင်းလောက်ထည့်ဖြစ်အောင် ထည့်လိုက်သေးတာ နားလည်ရ ခက်စေပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိတဲ့ ဖာဂူဆန်ဟာ သူနည်းနည်းမှားသွားမှန်း သိလိမ့်မယ်လို့ မျော်လင့်ပါတယ်။ အဲဒီအချိန်မှာ ချယ်လ်ဆီးနဲ့ အရေးကြီးပွဲကလည်း ရှိနေသေးလို့ ဂိုးမရှိသရေ ဒါမှမဟုတ် ကပ်ရှုံးလောက်ပဲ ဖြစ်အောင် ထိန်းကစားပြီး အိုးထရက်ဖို့ဒ် ကျမှ ပြန်အနိုင်ယူမယ့် ရည်ရွယ်ချက်မျိုးလည်း ရှိချင်ရှိနေနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပညာရှိ သတိဖြစ်ခဲဖြစ်သွားတာဆိုရင်တော့ ဗန်ဒါးဆားသာ လက်စွမ်းမပြခဲ့ရင်၊ ပေါလ်စခိုးလ်သာ ၂၀ ကျော်ကစားသမားလေး လို လိုက်ကစားမပေးနိုင်ခဲ့ရင်၊ ဖာဒီနန်တို့အုပ်စုသာ ပျာယာခတ်နေခဲ့ရင် အီတူး၊ မက်ဆီ၊ အင်နီယေစတာတို့အုပ်စုသာ အဆုံးသတ်သေချာခဲ့ရင် အခုလို ဂိုးမရှိသရေတောင် ရစရာမရှိနိုင်ပါဘူး။

အခုဆိုရင် ပရီးမီးယားလိဂ်မှာလည်း ချယ်လ်ဆီးကို ၂-၁ နဲ့ ထပ်ရှုံးခဲ့တော့ အမှတ်တူသွားပြီး ဖာဂူဆန်တို့ အသင်းအတွက် ဖိအားတွေပိုဝင်သွားနိုင်တယ်။ အဲဒီပွဲမှာလည်း ဆရာကြီးဖာဂီက (ဘာ ကာပွဲအတွက် ချန်ထားတာ လားတော့မသိဘူး)၊ လူထုတ်ပုံနဲ့ နည်းဗျူဟာချမှတ်ပုံက နည်းနည်းလေး လွှဲချော်နေတယ်။ အာဆင်နယ်ကို အက်ဖ်အေဖလားပွဲမှာ ၄ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ Line-up ပုံစံအတိုင်း ချယ်လ်ဆီးကို သွားကစားမိသလို သတိလက်လွတ်ဖြစ်သွားပုံရတယ်။ ဒီပွဲအရှိက ဘာကာနဲ့ပွဲကိုပါ လာရိုက်ခတ်မှာဆိုးရိမ်ရတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာ အံတိုနေတဲ့ ဆရာကြီးဖာဂီရဲ့ ချန်ပီယံလိဂ်အိမ်ကွင်း စံချိန်တင် ရလဒ်ကောင်းတဲ့ အစဉ်အလာအရတော့ အိုးထရက်ဖို့ဒ်မှာ မျော်လင့်ချက်တွေ အများကြီးတော့ ရှိနိုင်ပါသေးတယ်။ သူ့အသင်းကိုလည်း နူးကမ့်မှာကစားခဲ့တဲ့ပွဲပုံစံအတိုင်း၊ နည်းဗျူဟာ ကစားကွက်အတိုင်း ဆက်ကစားသွားမယ်မထင်ပါဘူး။ ဒါ့အပြင် မန်ယူပရိသတ်ရဲ့ ပွဲချိန်ပြည့်အား ပေးမှုနဲ့ ဘာစီလိုနာနဲ့တွေ့တိုင်း အိုးထရက်ဖို့ဒ်မှာ ရလဒ်ကောင်းတတ်တဲ့ အစဉ် အလာတွေကြောင့် ရီကတ်တို့ဘာကာအသင်းလည်း ဖိအားအခက်အခဲတွေ အများကြီးရှိလာပြီး ပထမအကျော့ကလို လှလှပပနဲ့ စိတ်ကြိုက်အသာစီးကစားခွင့်ရဖို့ မလွယ်ဘူးဆိုတာလည်း သေချာပါတယ်။

တစ်ခုရှိတာက ဖာဂူဆန်နဲ့ သူ့အသင်းသားတွေ ကိုယ့်ကွင်းမှာ ယုံကြည်မှုပြန်လွန်ကဲပြီး ပြိုင်ဘက်ကို မသိစိတ်က မလေးမစားမလုပ်မိဖို့ပါပဲ။ အထူးသဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆုမှန်းထားတဲ့ စီရော်နာဒိုအနေနဲ့ အသင်းနဲ့ပိုပြီး သဟဇာတဖြစ်စေမယ့် ကစားဟန်မျိုးကို အခြေအနေအရ ပြောင်းကစားဖို့လိုပြီး ဖရီးကစ် ဘယ်နေရာမှာရရ၊ ပင်နယ်တီ ဘယ်နှစ်ကြိမ်ရရ ငါပဲသွင်းမယ်ဆိုတဲ့ အတ္တစိတ်မျိုး ချိုးနှိမ်ထားဖို့လိုသလို ဒီလိုလုပ်ဖို့ လည်း ဆရာကြီးဖာဂီက ပွဲမကစား ခင်ကတည်းက သေချာမှာထားဖို့ လိုပါလိမ့်မယ်။

လက်ရှိ အနေအထားအရ ဘာစီလိုနာမှာလည်း အခွင့်အရေးတွေရှိနေသေးပြီး အစဉ်အလာ၊ အိမ်ကွင်းအားသာချက်နဲ့ ကစားသမားအင်အား အရတော့ မန်ယူက အခွင့်အရေးနည်းနည်းလေးပိုရှိနေတယ်လို့ ထင်စရာရှိပါတယ်။ ဘာစီလို နာမှာလည်း အထွေထွေအားနည်းချက်တွေ ရှိနေသေးပြီး အကောင်းဆုံးခြေစွမ်းကိုလည်း မရသေးလို့ သူတို့ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ကလိုပဲ အိုးထရက်ဖို့ဒ်မှာ မန်ယူကို အသာစီးနဲ့ကစား နိုင်လိမ့်မယ်လို့ အပြတ် ပြောလို့မရပါဘူး။ ဒီပွဲအတွက် ရီကတ်တို့အုပ်စု စိတ်ထဲမှာလည်း စိုးရိမ်ပူပန်စိတ်တွေ၊ ဖိအားတွေ အနည်းနဲ့အများ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် All English Final ဖြစ်လာဖို့ကတော့ မန်ယူတစ်သင်းလုံးကို စိတ်ကြိုက် မောင်းနှင်ခွင့်ရထားသူ ဆရာကြီးဖာဂီ ပေါ်မှာပဲ များစွာမူတည်နေတယ်လို့ ထင်မြင်ယူဆမိပါကြောင်း။

မန်ယူနဲ့ ဘာစီလိုနာတို့ ချန်ပီယံလိဂ် ထိပ်တိုက်တွေ့ဆုံမှု

၎၊ ၈၊ ၂၀၀၃ မန်ယူ ၃ - ၁ ဘာစီလိုနာ
၃၊ ၈၊ ၂၀၀၃ မန်ယူ ၃ - ၁ ဘာစီလိုနာ
၁၅၊ ၉၊ ၁၉၉၈ မန်ယူ ၃ - ၃ ဘာစီလိုနာ
၂၅၊ ၁၀၊ ၁၉၉၄ မန်ယူ ၂ - ၂ ဘာစီလိုနာ

မန်ယူအသင်း ချန်ပီယံလိဂ် အောင်မြင်မှု

(၂)ကြိမ် ဗိုလ်စွဲ - ၁၉၆၇ - ၆၈၊ ၁၉၉၈ - ၉၉

ဘာစီလိုနာအသင်း ချန်ပီယံလိဂ် အောင်မြင်မှု

(၂)ကြိမ် ဗိုလ်စွဲ - ၁၉၉၁ - ၉၂၊ ၂၀၀၅ - ၀၆