DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ကံကလည် အတော်စကားပြောတယ်
ကိုစိုးမိုး (IBC) - ဧပြီ ၂၈၊ ၂၀၀၈

အဆင့်တန်းမြင့်ပြီး အနိုင်ရဖို့ အလွန်ခက်ခဲတဲ့ ဘောလုံးပြိုင်ပွဲကြီးတွေမှာ ယှဉ်ပြိုင်ကစားတဲ့ နှစ်သင်းရဲ့ အနေ အထားအရပ်ရပ်က သိပ်ကွာခြားမှု မရှိဘူးဆိုရင် ကံကြမ္မာဖေးမမှု နည်းနည်း ပိုကောင်းတဲ့ အသင်းက အသာရ လေ့ရှိပါတယ်။ အထူးသဖြင့် ပွဲရေအနည်းငယ်သာ ကစားရပြီး အလွန် အကြိတ်အနယ်ရှိတဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာဆိုရင် ကံကြမ္မာအလှည့်အပြောင်းက မထင်မှတ်တဲ့ရလဒ် အလှည့်အပြောင်းတွေ ဖြစ်စေနိုင်တယ်ဆိုတာ သာဓကများစွာ ရှိခဲ့ပြီးသာပါ။


ချန်ပီယံလိဂ် အမှတ်တံဆိပ်

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်လောက်အတွင်းက ချန်ပီယံလိဂ် ပြိုင်ပွဲတချို့ကိုပဲ ပြန်လေ့လာကြည့်ရင် ကံကြမ္မာအလှည့် အပြောင်းဟာ အသင်းတစ်သင်းရဲ့ ရလဒ်အဆိုးအကောင်းနဲ့ ကြီးမားတဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေကို တစ်ပြိုင်တည်း ဖြစ်သွားစေခဲ့တဲ့ သာဓကဖြစ်စဉ်တွေ တစ်ခုမကရှိနေခဲ့တာ ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။ ၁၉၉၈-၉၉ ရာသီချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ယူနဲ့ ဘိုင်ယန်မြူးနစ်တို့တွေ့တော့ ပွဲပြီးခါနီး နောက်ဆုံးမိနစ်အထိ တိတိ ကျကျပြောရရင် ထပ်ဆောင်း အချိန်ပို ၃ မိနစ် ပေးခဲ့ရာမှာ တစ်မိနစ်ကျော်လောက် ကုန်သွားတဲ့အထိ ဘိုင်ယန်က ၁-၀ နဲ့ နိုင်နေခဲ့တဲ့ ဒီပွဲကို စောင့်ကြည်နေကြတဲ့ ကမ္ဘာအရပ်ရပ်က ပရိသတ်တွေရော ကွင်းဘေးက ဘိုင်ယန် အသင်းသား တွေအားလုံးပါ ဘိုင်ယန်နိုင်ပြီဟု သေချာပေါက် တွက်ထားပြီး ကွင်းထဲကို ပြေးဝင်အောင်ပွဲခံဖို့တောင် ခြေတကြွကြွ ဖြစ်နေပါပြီ။

ဒါပေမယ့် အဲဒီအချိန်မှာပဲ မန်ယူက နောက်ဆုံးမိနစ်မှာ မမျော်လင့်ဘဲ ချေပဂိုးနဲ့အနိုင်ဂိုး ၂ ဂိုးဆက်တိုက် သွင်းယူပြီး အား လုံးမထင်မှတ်တဲ့ ပွဲရလဒ်မျိုးဖြစ်သွားစေခဲ့တာ မှတ်မိကြဦးမှာပါ။ ဒီချေပဂိုး ၂ ဂိုးဟာ မန်ယူနည်းပြ ဖာဂူဆန်ရဲ့ အချိန်ကိုက် နည်းဗျူဟာ အလှည့်အပြောင်း လုပ်နိုင်ခဲ့မှုကြောင့်နဲ့ ဘက်ခမ်း၊ ရှာရင်ဂမ်၊ ဆိုးလ်ရှားတို့အုပ်စုရဲ့ နောက်ဆုံးမိနစ်အထိ အနိုင်ရအောင် အစွမ်းကုန် ကြိုးစားစွမ်း ဆောင်ပေးခဲ့မှုကြောင့် ရခဲ့တာ ဖြစ်ပေမယ့် ကံကြမ္မာဖေးမမှုကလည်း မန်ယူဘက်မှာ အပြည့်ရှိ ခဲ့လို့ဆိုတာ အားလုံးက လက်ခံခဲ့ကြတယ် မဟုတ်လား။

ဒီလိုပဲ ၂၀၀၄-၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း အေစီမီလန်က ပထမပိုင်းမှာကတည်းက လီဗာပူးကို ခြေအသာ ကစားကွက်အသာနဲ့ ဖိကစားပြီး ၃ ဂိုးပြတ် နိုင်နေခဲ့တော့ အားလုံးက မီလန်ဗိုလ်စွဲပြီလို့ ထင်ခဲ့ကြပါတယ်။ အချို့ပရိသတ်တွေဆိုရင် ဒုတိယပိုင်းကိုတောင် ဆက်မကြည့်ကြတော့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာ လီဗာပူးက ၃ ဂိုးပြန်ချေပပြီး မီလန်တစ်ဂိုးမှ ပြန်မသွင်းနိုင်အောင်လည်း ခုခံကစားသွားနိုင်ခဲ့လို့ အချိန်ပို၊ ပင်နယ်တီအထိ ရောက်သွားပြီး နောက်ဆုံးမှာ လီဗာပူးဂိုးသမား ဒူးဒက်ရဲ့ လက်စွမ်းနဲ့ ကံကြမ္မာဖေးမမှုက လီဗာပူးဘက်မှာ ရှိခဲ့လို့ ဘယ်လိုမှမဖြစ်နိုင်ဘူးထင်ခဲ့တဲ့ ရလဒ်ဟာ ပြောင်းပြန် ပြန်ဖြစ်သွားခဲ့တာလည်း မှတ်မိကြဦးမှာပါ။

ဒီနှစ် ချန်ပီယံလိဂ်မှာလည်း ကံကြမ္မာအလှည့်အပြောင်း ကြောင့် မမျော်လင့်တဲ့ရလဒ်တွေ ထွက်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ အပတ်က အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ လီဗာပူး-ချယ်လ်ဆီး ပွဲမှာလည်း တစ်ဦးချင်းကစားပုံ၊ ကစားအား၊ စိတ်ဓာတ်ပိုင်းနဲ့ နည်ဗျူးဟာပိုင်းအရ လီဗာပူးက သိသိသာသာ သာခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ချယ်လ်ဆီး ဂိုးသမား ပီတာဆက်ခ်ျ လက်စွမ်းပြခဲ့မှုနဲ့ လီဗာပူးအသင်းအဆုံးသတ် အနည်းငယ် ချွတ်ချော် နေခဲ့မှုကြောင့် သေချာပေါက်ဂိုး အချို့ လွဲချော်ခဲ့ပေမယ့် ပွဲပြီးခါနီးအထိတော့ လီဗာပူးက ၁-၀ နဲ့ နိုင်နေခဲ့တယ်။ ဒါပေ မယ့် နောက်ဆုံးမိနစ်မှာ လူစားဝင်လာတဲ့ လီဗာပူးနောက်ခံ လူရီဆရဲ့ အလောတကြီး စိုးရိမ်လွန်စွာ ဖျက် ထုတ်မှုမကောင်းလို့ ချယ်လ်ဆီးအသင်း အတွက် အဖိုးတန်ချေပဂိုး သွင်းပေးသလို ဖြစ်သွား ပါတယ်။ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ရီဆကြောင့် လီဗာပူးအိမ်ကွင်း တစ်ဂိုးအပြင် လက်ထဲ ရောက်ပြီးသားဖြစ်တဲ့ အဖိုး တန် ၂ မှတ်ကိုပါ ဆုံးရှုံးလိုက်ရတာ ဖြစ်ပေမယ့် ဒီလိုဖြစ်လာတာကလည်း ချယ်လ်ဆီးဘက်မှာ ကံကြမ္မာဖေးမမှု ပိုကောင်းနေခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

ချန်ပီယံဆုတွေအတွက် တကယ့်အရေးကြီးတဲ့ အချိန်ကာလမှာ ချယ်လ်ဆီးအသင်းရဲ့ ကံကြမ္မာဟာ ဆက်တိုက် ကောင်းလာတာက သူတို့အတွက် ချန်ပီယံ မျော်လင့်ချက်တွေကို ပိုရှင်သန်လာစေခဲ့တယ်။ လီဗာပူးနဲ့ ချန်ပီ ယံလိဂ်ကွင်းမှာ ကံတော်တော်ကောင်းခဲ့တဲ့ ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ စနေနေ့မှာလည်း ပရီး မီးယား လိဂ်ချန်ပီယံအဆုံးအဖြတ်ပွဲလို့ပြောရမယ့် မဟာပြိုင်ဘက် မန်ယူနဲပွဲမှာလည်း ကံမျက်နှာသာပေးမှု ဆက်ရနေခဲ့ပြန် ပါတယ်။ အဲဒီပွဲမှာ ချယ်လ်ဆီးရဲ့ ပွဲထွက်လူစာရင်း၊ ကစားပုံကစားအားနဲ့ အိမ်ကွင်းအရှိန်အ၀ါကြောင့် အပါအ၀င် မန်ယူရဲ့ ပွဲထွက်လူစာရင်းနဲ့ ခြေစွမ်းပိုင်းမှာ အားနည်းချက်တွေရှိခဲ့တာကြောင့် ချယ်လ်ဆီးက ပို ဖိကစား နိုင်တာမှန်ပေမယ့် ဒုတိယပိုင်းမှာ မန်ယူက ချေပဂိုး ပြန်သွင်းနိုင်ခဲ့တာနဲ့ မန်ယူအသင်းက စားပုံ ပြန်ကောင်းလာခဲ့တာ တွေကြောင့် ချယ်လ်ဆီးလည်း ဖိအားတွေရှိခဲ့လို့ တစ်ဂိုးစီသရေနဲ့ ပွဲပြီးတော့မယ်လို့ တွက်ခဲ့ကြတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ ချယ်လ်ဆီးဟာ မရသင့်တဲ့ အငြင်းပွားဖွယ် ပင်နယ်တီ ကန်ခွင့်ရသွားပြီး အဖိုးတန် အနိုင်ဂိုးသွင်းနိုင်ခဲ့တာကိုကြည့်ရင် ဂရန့်တို့ ချယ်လ်ဆီးရဲ့ ကံက အံ့သြလောက်အောင် ဆက်ကောင်းနေသေးတယ်လို့ ပြော ရမယ်။

အခုဗုဒ္ဓဟူးနေ့ည လီဗာပူးနဲ့အိမ်ကွင်းမှာ ကစားရမယ့် ချန် ပီယံလိဂ် ဆီမီးဒုတိယအကျော့ကို ဘင်နီတက်ဇ်တို့အဖွဲ့က အနိုင် ကစားပြီး ဗိုလ်လုပွဲတက်အောင် လုပ်ပြနိုင်မယ်လို့ ဆိုခဲ့ပေမယ့် လက်ရှိ ချယ်လ်ဆီးရဲ့ အသင်းစိတ်ဓာတ်ပိုင်း၊ ကစားအားပိုင်းနဲ့ ကစားသမားစုဖွဲ့မှုပိုင်းမှာ အနည်းငယ်သာနေတဲ့အပြင် အိမ်ကွင်း အားသာချက်တွေအရ လီဗာပူးအတွက် ခက်ခဲမှုပိုရှိလာမှာ သေချာတယ်။ အထူးသဖြင့် ဆက်တိုက်ကံကောင်းနေတဲ့ ချယ်လ်ဆီးရဲ့ ကံကြမ္မာ မျက်နှာသာ ပေးမှုက လီဗာပူးကို အများကြီး အခက်တွေ့စေနိုင်ပါတယ်။

ကံဟာ အလုပ် ဆိုပေမယ့် ဘယ်လောက် ကြိုးစားကြိုးစား ကံမလိုက်ခဲ့ရင်လည်း အလုပ်မဖြစ်ဘူးဆိုတာ အကြိတ် အနယ်ရှိလှတဲ့ ဘောလုံးပွဲတွေမှာ ပိုတွေ့နေရတယ်။ အခုလည်း ချယ်လ်ဆီးဟာ ကစားသမားအင်အားအရ အတောင့် အတင်းဆုံးအနေအထားမှာရှိပေမယ့် သူတို့နဲ့ ဖလားလုနေရတဲ့ အသင်းကြီးတွေနဲ့ယှဉ်ကြည့်ရင် နည်းပြ အနေအထားမှာ အများကြီး အားနည်းနေတာတော့ ငြင်းမရတဲ့အချက်ပါ။ ဒါပေမယ့် လူမစွမ်း တော့ နတ်မဆိုသလို လူအထင်ကြီးမခံရတဲ့ ချယ်လ်ဆီးနည်းပြ ဂရန့်ဟာ အရေးကြီးဆုံး အချိန်ရောက်မှ ကံကြမ္မာဖေးမမှုကောင်းတွေ ဆက်တိုက်ရှိနေတာက ချယ်လ်ဆီးပြိုင်ဘက်တွေကို တစ်ပန်း သာသလို ဖြစ်သွားစေခဲ့ပါတယ်။

တစ်ဘက်ကကြည့်ရင်လည်း ၁ ဂိုးစီသရေကျခဲ့တဲ့ လီဗာပူး-ချယ်လ်ဆီးပွဲမှာ လီဗာပူးကစားသမားတွေသာ နောက် ဆုံးမိနစ် ကို အာရုံမလွင့်ဘဲ ဘောလုံးပိုင်ဆိုင်မှုရအောင် ထိန်းကစားနိုင်ခဲ့ရင်၊ အဖိုးတန်အနိုင်ဂိုးတစ်ဂိုးကို ထိန်းနိုင်ဖို့ နောက်ဆုံးမိနစ် မှာ တိုက်စစ်ထက် ခံစစ်ကို သေချာပြောင်းပြီး ထိန်းကစားနိုင် ခဲ့ရင် ချယ်လ်ဆီး သရေဂိုး ရချင်မှရခဲ့မှာပါ။ ဒီလိုပါပဲ ချယ်လ်ဆီး-မန်ယူ ပွဲမှာလည်း ဖာဂူဆန်သာ ဘာစီလိုနာနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဒုတိယအကျော့ပွဲစဉ်ကို ကြိုတင်စိတ်မ ပူဘဲ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်အဆုံးအဖြတ်ပွဲစဉ်ကို အကောင်းဆုံး တာထွက်စာရင်းနဲ့ ရင်ဆိုင်ကစားခဲ့ရင် ချယ်လ်ဆီး အသာမရ လောက်ပါဘူး။ အမှန်က မန်ယူလိုပဲ ချယ်လ်ဆီးလည်း အခု ဗုဒ္ဓဟူးနေ့မှာ လီဗာပူးနဲ့ ချန်ပီယံပွဲကျပ်ဆက်ကစားဖို့ ရှိနေသေးပေမယ့် ဂရန့်ဟာ အလွန် အရေးကြီးတဲ့ ပွဲစဉ်အဖြစ် ဖလားလုဘက် အသင်းကြီးနဲ့ ရင်ဆိုင်ကစားရမှာကို မပေါ့မဆဘဲ သူ့ရဲ့အကောင်း ဆုံး တာထွက်စာရင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့အကျိုးက ဖာဂူဆန် တို့အဖွဲ့ကို အခက်တွေ့စေနိုင်ခဲ့ပါတယ်။

ဖာဂူဆန်ကတော့ ဒီလို တွေးခဲ့ပုံမရဘဲ ဒီပွဲဟာ ချယ်လ်ဆီးရဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားရမှာဆိုတာ၊ ချယ်လ် ဆီးဟာ အခုအချိန်ထိ အိမ်ကွင်း ၇၉ ပွဲ ဆက် တိုက် ရှုံးပွဲမရှိသေးတဲ့ မဟာစံချိန်ကြီး တင် ထားတာကို သိလျက်နဲ့ ပြိုင်ဘက်ကို မသိ စိတ်က အနည်းငယ် လျော့တွက်ထား လိုက်တာကြောင့်လည်း အခုလို တာထွက်စာရင်းမှာ အဓိက ကစားသမား တချို့ကို မထည့်ခဲ့တာ ဖြစ်နိုင်တယ်။ နောက်တစ်ချက်က ဖာဂူဆန်ဟာ အာဆင်နယ်ကို အက်ဖ်အေဖလား ပဉ္စမ အဆင့် ပွဲစဉ်မှာ ၄ ဂိုးပြတ်နိုင်ခဲ့သလို မျိုးချယ်လ်ဆီးကိုလည်း ခပ်မာမာ ကစားပြီး အနိုင်ယူပြမယ်လို့ စိတ်ကူး ခဲ့ပုံလည်း ရပါတယ်။ ဖာဂူဆန်ရဲ့ နည်း ဗျူဟာဟာ ဘောလုံးကို သေ ချာကိုင် ကစားပြီး အနိမ့်ဘောအနီးကပ်တွဲလုံးနဲ့ တစ်ဆင့်ချင်းလှလှပပ ကစားကွက်ဖော် ထိုး ဖောက်တတ်တဲ့ အာဆင်နယ် လိုအသင်းနဲ့ဆို ရင် အဆင်ပြေနိုင်ပေမယ့် ချယ်လ်ဆီးဟာ အာဆင်နယ်နဲ့ ကစားပုံ လုံးဝမတူတဲ့အပြင် ချယ်လ်ဆီးကစားသမားအများစုဟာ လျင် လျင်မြန်မြန်နဲ့ မာကျောမှုရှိပြီး အနီးအဝေး ပုံစံမျိုးစုံနဲ့ တစ်ဘက်အသင်းကို ခပ်မာမာ ကစားတတ်တာကို ဖာဂူဆန် သတိလစ်သွားပုံ ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုချိန် ချယ်လ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်မှာ မန်ယူကို အကြီး အကျယ်ဖိအားပိုပေးလာနိုင်ပြီး ချန်ပီယံလိဂ်မှာ လည်း လီဗာပူးကို အခက်အခဲအများကြီး တွေ့စေဦး မယ်ဆိုတာတော့မြင်သာတဲ့ အချက်ဖြစ်နေပါပြီ။ ဒါ ကြောင့် အခုညမှာလည်း ဘင်နီတက်ဇ်အနေနဲ့ သူရဲ့အောင်မြင်မှု အစဉ်အလာတွေနဲ့ သမိုင်းကြောင်းအရ ဂရန့်ကို အထင် မကြီးချင်မကြီးလို့ရပေမယ့် အထင်သေးပြီး လျော့တွက်မိရင် တော့ လက်ရှိအချိန်မှာ ခြေစွမ်းနဲ့ ကံတက်လာတဲ့ ချယ်လ်ဆီး အသင်းက ရင်ကွဲအောင်လုပ်ပြသွားပါလိမ့်မယ်။ ဒီအချက်ကို ချန်ပီယံလိဂ်ဆရာကြီး ဘင်နီတက်ဇ်က ပိုသဘောပေါက် မှာပါ။