ကလပ်အသင်းအဆင့်ပြိုင်ပွဲများတွင် အဆင့်မြင့်ဆုံးနှင့် ပရိသတ် စိတ်ဝင်စားမှု အခံရဆုံးပြိုင်ပွဲ ဖြစ်သည့် ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲကြီးမှာ အခုရာသီတွင် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ပြိုင်ပွဲသမိုင်းတစ်လျောက် နိုင်ငံတစ်ခုတည်းမှ ကလပ်အသင်း ၄ သင်း ကွာတား ဖိုင်နယ်တက်နိုင်ခဲ့သည့် မှတ်တမ်းသစ် ရေးထိုးခဲ့သော ပရီးမီးယားလိဂ်ထိပ်တန်း ၄ သင်းအနက် ၃ သင်းမှာ ဆီမီးတက်လာခဲ့သည်။ ထို ၃ သင်းမှာ အများစု ထင်မှတ် မျော်လင့်ထားခဲ့သည့်အတိုင်း မန်ယူ၊ လီဗာပူးနှင့် ချယ်လ်ဆီးတို့ပင်။
အကြိတ်အနယ်ရှိမှာ သေချာ
ဆီမီးဖိုင်နယ်တွင် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူနှင့် နာမည်ကြီး စပိန်ကလပ် ဘာစီလိုနာတို့ လာ ရောက်တွေ့ဆုံမှုက အလွန် အကြိတ်အနယ် ရှိလာနိုင်သလို ပရီးမီးယားလိဂ် ထိပ်တန်းပြိုင်ဘက် တွေဖြစ်သည့် လီဗာပူးနှင့် ချယ်လ်ဆီးတို့ ပြန်ဆုံသည့် ပွဲစဉ်မှာလည်း စိတ်ဝင်စားစရာများ ပြည့်နှက် နေသည်။ ၄ သင်းစလုံးမှာ ဆီမီး အဆင့်ကို ထိုက်တန်စွာ တက်ရောက်လာခြင်းဖြစ်၍ ဆီမီးပွဲစဉ်တွင် မည်သည့်အသင်းမှ အလွယ်တကူ အသာစီးမရနိုင်သည်မှာလည်း သေချာလှသည်။
၎နှစ်အတွင်း ဆီမီး၌ ၃ ကြိမ်ဆုံခြင်း
ဆွဲဆောင်မှုရှိလှသော အသင်းများ၏ ကစားဟန်များနှင့် မထင်မှတ်သည့် ပွဲရလဒ်များဖြင့် တစ်ကမ္ဘာလုံးက ပရိသတ်များအားဆွဲဆောင် ဖမ်းစားနေသော ချန်ပီယံလိဂ်သည် အံ့သြစရာ ကောင်းသည့် ထိပ် တိုက်တွေ့ဆုံမှုများလည်း ရှိနေတတ်သည်။ သို့သော် တစ်နိုင်ငံတည်း က ထိပ်တန်းကလပ်ချင်း နှစ်တိုကာလအတွင်း အကြိမ်ကြိမ်တွေ့ဆုံမှုမှာ အံ့သြစရာပင်။ ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအလို အဆင့်တွင် ၄ နှစ် အတွင်း ၃ ကြိမ် တွေ့ဆုံလာမှုက ပို၍ပင် အံ့သြ စရာဖြစ်နေသည်။
ချန်ပီယံလိဂ်၏ ကံနတ်သမီးက ဒီနှစ်သင်းကို အကြိမ်ကြိမ်တွေ့ ဆုံစေချင်သည့် ဆန္ဒများ ရှိနေ၍ ပဲလားတော့မသိ။ လီဗာပူးနှင့် ချယ်လ်ဆီးတို့မှာ ရေစက်ဆုံနိုင်လွန်းသည့် ပြိုင်ဘက်ဟောင်းများ ဖြစ်နေသည်။
ဒီနှစ်သင်းဆုံတွေ့မှုကို တိတိကျကျ ပြန်ပြောရလျှင် ၂၀၀၄-၀၅ နှင့် ၂၀၀၆-၀၇ ရာသီက ဆီမီး အဆင့်တွင် နှစ်ကြိမ် တွေ့ဆုံခဲ့ဖူး၍ ယခုနှစ် ဆီမီးတွင် ၃ ကြိမ်မြောက် ထပ်မံ တွေ့လာခြင်းဖြစ်သည်။ ထိုအချက်ကပင် ပရိသတ်စိတ် ၀င်စားမှုကို ပိုမြင့်တက်လာစေသည့် အချက်ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်ကြိမ်တွင် လီဗာပူးကပင် ကျော်ဖြတ်သွားနိုင်ခဲ့ရာ အစဉ်အလာအရ လီဗာပူးအသင်းမှာ ချယ်လ်ဆီးအား ငယ်နိုင်လို ဖြစ်နေသည်။ ထို့ကြောင့် ယခုတတိယအကြိမ် တွေ့ဆုံမှုတွင် အစဉ် အလာအတိုင်း လီဗာပူးကပဲ ထပ်မံ အနိုင်ယူသွား ဦးမလား၊ သို့တည်းမဟုတ် ယခင် နှစ်ကြိမ် ရှုံးကြွေးကို ချယ်လ်ဆီးကလည်း ယခုနှစ်တွင် အတိုးရော အရင်းပါ ပြန်ဆပ်သွားနိုင် မလားဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းနေသည်။
မော်ရင်ညို မရှိတော့
တစ်ခုတော့ရှိသည်။ လီဗာပူး၏ လက်ရှိနည်းပြ ဘင်နီတက်ဇ်မှာ ချန်ပီယံလိဂ်တွင် ဆရာတစ်ဆူဟု ဆိုရလောက်အောင် အသင်းကို အချိန်တိုအတွင် မြင့်မားသည့် အောင်မြင် မှုများရအောင် စွမ်းဆောင် ပေးခဲ့သူဖြစ်သည်။ တိတိကျကျပြောရလျင် ဘင်နီတက်ဇ်ကိုင်တွယ်ခဲ့သည့် ပထမ ဦးဆုံးရာသီတွင် လီဗာပူးအသင်းမှာ ၂၀၀၄-၀၅ ချန်ပီယံလိဂ်၌ ဗိုလ်စွဲနိုင်ခဲ့သည့်အပြင် ၃ နှစ်အတွင်း ဗိုလ်လုပွဲ နှစ်ကြိမ်အထိ တက်နိုင်သည်အထိ အောင်မြင်မှုအစဉ်အလာ ကြီးမားခဲ့သည်။ ထိုနှစ်များတွင် ချယ်လ်ဆီးအသင်းအား ဆီမီးအဆင့်များ၌ ၂ နှစ်ဆက်တိုက် ကျော်ဖြတ်နိုင်ခဲ့သည့် အစဉ်အလာ လည်းရှိခဲ့၍ ယခုနှစ်ဆီမီးတွင် ထပ်မံတွေ့ ဆုံလာခြင်းကိုလည်း ဘင်နီတက်ဇ်တို့ အဖွဲ့အတွက် ယုံကြည်မှုတွန်းအားများ ပိုရှိနေစေနိုင်သည်။
သို့သော် ဘင်နီတက်ဇ်၏လီဗာပူး ၂ ရာသီတိုင် ကျော်ဖြတ်နိုင်ခဲ့သော ချယ်လ်ဆီးအသင်းမှာ မော်ရင်ညို လက်ထက်ကဖြစ်သည်။ ယခု ချယ်လ်ဆီးအသင်းတွင် မော်ရင်ညိုမရှိတော့ဘဲ နည်းပြ သစ်ဂရန့် ဖြစ်နေ၍ မော်ရင်ညိုကို နိုင်ပြခဲ့သလိုမျိုး ဂရန့်ကို ဘင်နီတက်ဇ် ဆက် နိုင်ပြဦးမလား ဆိုသည့် မေးခွန်းတစ်ခုရှိနေသည်။
အစဉ်အလာ အတွေ့အကြုံအရ ဘင်နီတက်ဇ် အများကြီးသာ
ဘင်နီတက်ဇ်သည် ချန်ပီယံလိဂ်ပါရဂူဟု ဆိုရလောက်အောင် ချန်ပီယံလိဂ်တွင် ထူးထူးခြားခြား အောင်မြင်မှုများပိုရအောင် လုပ်ပြနိုင်သူဖြစ်သည့်အလျောက် ယခု နှစ်ကွာတားဖိုင်နယ်တွင်လည်း ပြည်တွင်း ထိပ်တန်းပြိုင်ဘက် အာဆင်နယ်ကဲ့သို့ အသင်းမျိုးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့် ချယ်လ် ဆီးအတွက် အလွန်ခက်ခဲသည့် ပြိုင်ဘက်ဖြစ်နေသည်မှာ သံသယရှိစရာ မလိုပေ။ အထူးသဖြင့် ဘင်နီတက်ဇ်၏ ဥရောပ ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်မှုက ယခုနှစ်မှ အဆင့်မြင့် အသင်းတစ်သင်းကို စတင်တာဝန်ယူခဲ့ဖူးသော နည်းပြသစ်ဂရန့်ကို နည်းစနစ်ပိုင်းနှင့် နည်းဗျူဟာ ချမှတ်မှုပိုင်းအရ အသာစီးရရန်လည်း သိပ်မခက်ဟု ထင်စရာ ရှိနေသည်။
လီဗာပူးဖြတ်ကျော်ခဲ့သော အာဆင်နယ်အသင်းမှာ ယခုရာသီတွင် ခြေစွမ်းအတော်ထက်ခဲ့သော အသင်းဖြစ်သည့်အပြင် အေစီမီလန်လိုလက်ရှိချန်ပီယံ ထိပ်တန်းအသင်းကြီးမျိုးကို ရှုံးထွက်အဆင့်၌ ကျော်ဖြတ်ခဲ့သည့် အသင်းဖြစ်၍ ထိုအသင်းမျိုးကို ကွာတား အဆင့်၌ ဖြုတ်ချခဲ့သော လီဗာပူးအသင်း၏အနေအထားမှာ ချယ်လ်ဆီးအသင်းအတွက် တုန်လှုပ်ချင်စရာ ဖြစ်နေသည်။
အထူးသဖြင့် ယခုရာသီတွင် လီဗာပူးမှာ ပရီးမီးယားလိဂ်တွင် ချန်ပီယံမျော်လင့်ချက် စောစောစီးစီး လက်လွှတ်လိုက်ရပြီးဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာအတွက်လည်း သိပ်ဦးနှောက်စား စရာမရှိတော့၍ ချန်ပီယံလိဂ်မှာ သူတို့အသင်းအတွက် အဓိက ပစ်မှတ်ဖြစ်နေသည်။ လီဗာပူး အသင်းသားအများစုကလည်း ပြည်တွင်းလိဂ်၌ မှန်းချက်မကိုက်ခဲ့ခြင်းကြောင့် သူတို့အတွက် ပိုမိုမျော်လင့်ချက်ရှိသော ချန်ပီယံ လိဂ်ကိုပဲ အာရုံစိုက်အားထည့်ကစားမှာ သေချာ၍ လီဗာပူးနှင့် ဆီမီး၌ လာတွေ့ခြင်းမှာ ချယ်လ်ဆီးအတွက် ဓားတောင်ကိုကျော်ရသကဲ့သို့ ဖစ်လာစေနိုင်သည်။
စပါယ်ရှယ်မဟုတ်ပေမယ့် ၀မ်းဖြစ်ဖို့ ကြိုးစားနေသူ
သို့သော် လီဗာပူးအတွက်လည်း ချယ်လ်ဆီးနှင့် ထပ်တွေ့လာခြင်းမှာ ကောင်းသောနိမိတ် ဟုတော့ အပြတ် ပြော၍မရပေ။ ကစား သမားစုဖွဲ့မှုနှင့် အတွေ့အကြုံအရ ချယ်လ်ဆီးအသင်းသားများမှာ လီဗာပူးထက် မသာရင်တောင် လုံးဝမနိမ့်၍ ချယ်လ်ဆီးအား လျော့တွက်မိပါက လီဗာပူး အသင်းသားများ အခက်တွေ့ သွားနိုင်သည်။ အစဉ်အလာနှင့် အတွေ့အကြုံအရ ဂရန့်မှာလည်း ဘင်နီတက်ဇ်ထက် များစွာ အဆင့်နိမ့်နေသည်ဟု ထင်စရာရှိသော်လည်း ချယ်လ်ဆီးကဲ့သို့ အသင်းမျိုးကို သတင်းမကြီးဘဲ ကိုင်တွယ်ခွင့်ရလာခဲ့သည်ကို ကြည့်ရုံဖြင့် ဂရန့်မှာ အချဉ်သက် သက်တစ်ယောက်တော့ မဟုတ်နိုင်၊ ချယ်လ်ဆီးသူဌေးကိုယ်တိုင်က သူ့အပေါ် ယုံကြည်မှု အပြည့်ရှိ ၍သာ မော်ရင်ညိုလို ထိပ်တန်းနည်းပြ မျိုးကိုလမ်းခွဲ၍ အသင်းကို ပုံအပ်ခဲ့ခြင်း ဖြစ်နိုင်သည်။
နည်းပြအတွေ့အကြုံအရ ဂရန့်၏သမိုင်း ကြောင်းမှာ အထင်ကြီးစရာမရှိသော်လည်း သူ့လက်ထက် တွင် ချယ်လ်ဆီးအသင်း လမ်းကြောင်း မှန်ပေါ်ပြန်တက်လာနိုင်ခြင်းက ဂရန့် ကို လျော့တွက်၍ မရသည့် အချက်ဖြစ်နေသည်။
သူ့ကိုယ်သူ စပါယ်ရှယ်ဝမ်းဟုဆိုခဲ့သော မော်ရင်ညိုလောက် ဂရန့်မှာ အရှိန်အ၀ါနှင့် တောက်ကြွား မှုမရှိသော်လည်း သူ့လက်ထက် ရလဒ်များက ဂရန့်သည် နံပါတ်ဝမ်းဖြစ်ရန် တစ်ဆင့်ချင်း ကြိုး စားနေသူတစ်ယောက်ဟု ထင်စရာရှိသည်။ စကားများများ မပြောဘဲ တစ်ပွဲချင်းကို သေချာ ချဉ်းကပ်ပြီး ရလဒ်ကောင်းအောင် ကစားတတ်သည့် ဂရန့်၏ နည်းဗျူဟာကို ယခုအချိန်တွင် ဖာဂူဆန် ကဲ့သို့ ပြိုင်ဘက်ကြီးမျိုးပင် တဖြည်းဖြည်း အသိအမှတ်ပြုလာ ရပြီဖြစ်သည်။ မော်ရင်ညို လက်ထက်တွင် တင်ထားနိုင်ခဲ့သော အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကောင်းကိုလည်း ယခုအချိန်ထိ ဆက်ထိန်းထားနိုင်သေးသည့် အချက်နှင့် ပရီးမီးယားလိဂ်တွင် အတိုင်းအတာတစ်ခု အထိ ချန်ပီယံ မျော်လင့်ချက် ပြန်ရှိလာအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း အပါအ၀င် ဖင်နာဘာချီလို ခက်ခဲပြီး ခန့် မှန်းရခက်သည့် ပြိုင်ဘက်မျိုးကို ချန်ပီယံလိဂ် ကွာတားအဆင့်တွင် ကျော်ဖြတ်လာ နိုင်ခြင်းများက ဂရန့်ကို အလေးမထား၍မရသည့် အချက်များဖြစ်နေသည်။
ကျောထောက် နောက်ခံပိုကောင်း
ထို့အပြင် ချယ်လ်ဆီးနှင့် လီဗာပူးအသင်းအနေအထားကို အသေးစိတ် နှိုင်းယှဉ်ကြည့်လျင် ကစား သမား အင်အားအရ ချယ်လ်ဆီး မှာ နှာတစ်ဖျားလောက် သာနေခြင်းကို နည်းပြအားနည်းမှုနှင့် ပြန်ထေလိုက်ပါက ကွာခြားမှုသိပ်မရှိဟု ဆိုနိုင်သည်။ သို့သော်ဘင်နီတက်ဇ်၏ လက်ထောက်နည်းပြ အဖွဲ့ များနှင့် ဂရန့်၏လက်ထောက်နည်းပြအဖွဲ့ချင်း နှိုင်း ယှဉ်ကြည့်လျင်တော့ ဟန်တန်ကိတ်နှင့် တော့ ဂရပ်ဒ်တို့က ဘင်နီတက်ဇ်လက်ထောက်များ ထက် နည်းဗျူဟာပိုင်း အနည်းငယ်သာနိုင် သည်။ အသင်းပိုင်ရှင်၏ ဓနအင်အားနှင့် အသင်းကိုပံ့ပိုးပေးနိုင်မှု၊ မက်လုံးပေးနိုင်မှု အပိုင်းတွင်တော့ ချယ်လ်ဆီးသူဌေးကို လီဗာပူးပိုင်ရှင်များ မယှဉ်သာပေ။ ထို့ကြောင့် ကျောထောက်နောက်ခံ အင်အားအရ ချယ်လ်ဆီးက အနည်း ငယ်သာနေသည်ဟု ဆိုရမည်။ ဘင်နီတက်ဇ်နှင့် လီဗာပူးအကြီး အကဲများကြားတွင် ပြသာနာများလည်း ရှိနေသည်မဟုတ်ပါလား။
ခန့်မှန်းရခက်သည့် ဂရန့်
အစဉ်အလာ၊ အတွေ့အကြုံနှင့် အောင်မြင်မှုများအရ ဘင်နီတက်ဇ်၏ အရှိန်အ၀ါကို ဂရန့်မည်သို့မှ လိုက်မမီနိုင်သော်လည်း တစ်ခါတစ်ရံ ဂရန့်၏ မထင်မှတ်သည့်နည်းစနစ် ကစားကွက်များ ကလည်း ပွဲအဖြေကို ပြောင်းလဲသွားစေနိုင်သည်ကို ပွဲတချို့တွင် တွေ့ခဲ့ရသည်။ ဘင်နီတက်ဇ်၏ ယခုရာသီအတွင်း အလှည့်ကျပွဲ ထွက်စေသည့် နည်းစနစ်များကလည်း ပြိုင်ဘက်များ၊ ရိပ်မိလာ သယောင်ရှိနေသည့်အချက်နှင့် ဘင်နီတက်ဇ်အနေဖြင့် မသိစိတ်ထဲ တွင် ဂရန့်ကို အထင်သေးစိတ် ထားနိုင်သည့်အချက်များက ချယ်လ်ဆီးအသင်းအတွက် အခွင့်အရေးများ ရှိလာစေနိုင်သည်။
သမိုင်းကြောင်းအစဉ်အလာအရ ဂရန့်မှာ ပြိုင်ဘက်နည်းပြများနှင့် ဘောလုံး အကဲခတ်ကျွမ်း ကျင်သူ များ၏ အထင်ကြီးမှုကို သိပ်မခံရသော်လည်း သူ၏မထင်မှတ်သည့် လူထုတ်ပုံ၊ နည်းဗျူဟာပြောင်း လဲပုံများက ရိုးမလိုနှင့် တစ်ခါတစ်ရံ ဆန်းနေတတ်သည့် အချက်ကလည်း တစ်ချိန်ချိန်တွင် ဘင်နီတက်ဇ်တို့အဖွဲ့ကို ဒုက္ခအနည်းနှင့် အများပေးလာနိုင်ဖွယ် ရှိသည်။ ခေတ်စကားနှင့်ပြောရလျင် တစ်ခါတစ်ရံဂရန့်၏ မထင်မှတ်သည့် အရူးကွက်များက မထင်မှတ်သည့် အလှည့်အပြောင်းများ မကြာ ခဏဖြစ်တတ်သည်ကို ဘင်နီတက်ဇ်တို့ အဖွဲ့သတိထားမိဖို့ လိုသည်။ အစ္စရေးနိုင်ငံသား ဂျူး လူမျိုးဖြစ်၍ ဂရန့်မှာ ညဏ်နီညဏ်နက်လည်း များသူ မဟုတ်ပါလား။ မော်ရင်ညိုလို အဆိပ်ပြင်း လှပါသည်ဆိုသော နာမည်ကြီး နည်းပြမျိုးကိုပင် ကျော်ဖြတ်နိုင်ခဲ့၍ ဘင်နီတက်ဇ်အနေဖြင့် ဂရန့်ကို လျော့တွက်ထားနိုင်သည့်အချက်က လည်း ဂရန့်အတွက် ဂယ်ပေါက်တစ်ခု ဖြစ်လာနိုင်သည်။
ထို့အပြင် လက်ရှိပရီးမီးယား လိဂ်၌ချယ်လ်ဆီးမှာ ချန်ပီယံမျော် လင့်ချက်အပြည့်အ၀မထား နိုင်သေး ခြင်းကလည်း ချန်ပီယံလိဂ်ကို အာရုံ ပိုစိုက်အောင် တွန်းအားပေးသလိုဖြစ် လာနိုင်၍ ချယ်လ်ဆီး ၏အနေအထားမှာ လီဗာပူးအတွက် မည်သို့မှ မလွယ်ကူနိုင်ပေ။ အကယ်၍ ဂရန့် အနေဖြင့် ပရီးမီးယားလိဂ်၌ မျော်လင့်ချက် လုံးဝမရှိတော့လျင် လီဗာပူးအသင်းအတွက် ပိုခက်ခဲနိုင်သည်။ ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် အဲဗာတန် နှင့် ပရီးမီးယား လိဂ်ပွဲစဉ် ၃၅ အား ကြိုတင်ကစားထားခဲ့ခြင်းကြောင့် လီဗာပူး ထက် နားရက်ပိုရနေခြင်းကလည်း ယခုချန်ပီယံလိဂ်တွင် တပန်းသာသလိုရှိလာနိုင်သည်။ ထို့အပြင် ပွဲစဉ်သဘောအရ ဆီမီး ပထမအကျော့အား လီဗာပူး၏ အန်ဖီးလ်ကွင်း၌ အရင်ကစားရမည်ဖြစ်ရာ ထိုပွဲတွင် ချယ်လ်ဆီးသရေ ထိန်းကစားနိုင်ခဲ့လျင် လီဗာပူးအတွက် ဗိုလ်လုပွဲတက်ခွင့် အားနည်းသွားနိုင်ဖွယ် ရှိသည်။
ချယ်လ်ဆီးလည်း မချောင်
သို့သော် လက်ရှိလီဗာပူးနည်းပြ ဘင်နီတက်ဇ်၏ အတွေ့အကြုံ နှင့် လီဗာပူးအသင်းသား များ၏ ခြေစွမ်းပိုင်းမှာ ချန်ပီယံလိဂ်တွင် အကောင်းဆုံးအနေအထားဖြစ်နေခြင်းကလည်း ချယ်လ်ဆီးကို အများကြီးဒုက္ခပေးနိုင်စွမ်းရှိနေသည်ဟု ဆိုရပါမည်။ ဘင်နီတက်ဇ်မှာ လီဗာပူးအသင်း အား သူတာဝန်ယူခဲ့သည့် ၄ နှစ်အတွင်း ချန် ပီယံလိဂ်၌ ယခုအချိန်အပါအ၀င် ဆီမီးဖိုင်နယ်အဆင့်ကို ၃ ကြိမ် တက်စေခဲ့ပြီး တစ်ကြိမ်ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့သည့်အပြင် ယခင်က ဗလန်စီယာ အသင်းနှင့်လည်း ဥရောပအဆင့် ပြိုင်ပွဲများတွင် မြင့်မားသည့်အောင်မြင်မှုများရရှိခဲ့သူဖြစ်၍ ဂရန့်ထက် အစဉ်အလာနှင့်အတွေ့အကြုံပိုင်း အဆပေါင်းများစွာ သာနေသည်။ ကစားသမား တစ်ဦး ချင်း အနေအထားအရလည်း လီဗာပူးမှာ ချယ်လ်ဆီးထက်မနိမ့်ပေ။
တိုက်စစ်ချင်း ယှဉ်ကြည့်လျင် အင်အားအရ ချယ်လ်ဆီးက အနည်းငယ် သာနိုင်သော်လည်း လက်ရှိတာထွက် စာရင်းအရကြည့်လျင် ဒရော့ဂ်ဘာဦး ဆောင်သော ချယ်လ်ဆီးတိုက်စစ်မှာ လက်ရှိ အနေအထားတွင် ကစားပုံ မကောင်းသလို အဆုံးသတ်ပိုင်းတွင် လည်း လီဗာပူးထက်အားနည်း နေသည်။ အထူးသဖြင့် လီဗာပူးတိုက်စစ်မှူး တောရက်စ်မှာ လက်ရှိအချိန်တွင် အကောင်းဆုံးခြေစွမ်း ရနေပြီးနေရာစုံ ကထိုးဖောက် ဂိုးသွင်းနိုင်နေခြင်းကြောင့် တိုက်စစ်ပိုင်းတွင် လီဗာပူး ကသာနေသည်။ အခွင်အရေး တစ်ကြိမ်ရလျင် တစ်ဂိုးဖန်တီးနိုင်သည့် တောရက်စ်အပြင် ဘာဘယ်လ်၊ ဒါကောက်ခ်ျ နှင့် ဂျရတ်တို့အုပ်စုမှာလည်း ကစားအားနှင့် ဂိုးသွင်းစွမ်းရည် မြင့်တက်နေရာ ချယ်လ်ဆီးခံစစ် အတော်သတိထားရပါမည်။
အလယ်တန်းချင်း ယှဉ်ကြည့်ရင်လည်း တာထွက်စာရင်းအရ မာရှေယာနို၊ အလွန်ဆို၊ ဂျရတ်၊ ဘာဘယ်လ်တို့အုပ်စုက ချယ်လ်ဆီးကို ကောင်းကောင်းယှဉ်နိုင်သည်။ သို့သော် အရန်အင်အားအရ တော့ ချယ်လ်ဆီးက အနည်းငယ်သာနိုင်သည်။ ခံစစ်ပိုင်းအရကြည့်ရင်လည်း တယ်ရီနှင့် ကာဗာလီယိုတို့ ဦးဆောင်ပါက ချယ်လ်ဆီးခံစစ်က အနည်းငယ်ပိုသာနိုင်သော်လည်း ၄င်းတို့တစ်ဦးဦး အကြောင်းကြောင်းကြောင့် မပါနိုင်ပါက လီဗာပူးခံစစ်နှင့် ကွာခြားမှုမရှိပေ။ ဂိုးသမားချင်းယှဉ် ကြည့်လျင်လည်း ပီတာဆက်ခ်ျမှာ ရိန်နာထက် ပိုသာသလိုရှိသော်လည်း သူ၏ကြံ့ခိုင်မှုက အကောင်းဆုံးအနေ အထားမရှိနိုင်သေးဘဲ ဒုတိယဂိုးသမား ကူဒီချီနီကလည်း ဒဏ်ရာ ပြဿနာ ရှိနေ၍ ချယ်လ်ဆီးအနေဖြင့် လီဗာပူးထက် ဂိုးသမားပြဿ နာ ပိုကြုံတွေ့ဖွယ်ရှိနေသည်။
လျော့တွက်မိခဲ့လျင်
ဘောလုံးအကဲခတ်အများစုနှင့် လီဗာပူးအမာခံပရိသတ်များကတော့ လီဗာပူး၏ ချန်ပီယံလိဂ် သမိုင်းကြောင်းကောင်းမှုနှင့် ဘင်နီ တက်ဇ်တို့အဖွဲ့ကို နှစ်ခြိုက်ယုံကြည်နေမှုများကြောင့် ယခုဆီမီးပွဲ တွင် လီဗာပူးသာထပ်မံအသာစီးရလိမ့်မည်ဟု မျော်လင့်တွက်ဆ ထားကြသည်။ ဘင်နီတက်ဇ် တို့အုပ်စု ကိုယ်တိုင်ကလည်း အစဉ် အလာအရ ငယ်နိုင်လိုဖြစ်ခဲ့သော ချယ်လ်ဆီးအသင်းကို မော်ရင် ညိုမရှိတော့သည့်အချိန်တွင် မသိစိတ်ထဲက ပိုလျော့တွက်ထားနိုင်သည်။
လက်ရှိပရီးမီးယားလိဂ်တွင် ချယ်လ်ဆီးသာ ချန်ပီယံမျော် လင့်ချက် ပိုရှိလာပါက လီဗာပူးအတွက် အခွင့်အလမ်းပိုကောင်း သွား နိုင်ဖွယ်လည်း ရှိနေသည်။ သို့သော် ချယ်လ်ဆီးအသင်းမှာ မော်ရင်ညို၏အသင်း မဟုတ်တော့ဘဲ ခန့်မှန်းရခက်သော နည်းပြဂရန့်ကိုင်တွယ်နေသော အသင်းဖြစ် နေ၍ မမျော်လင့်သည့် အပြောင်းအလဲများ ဖြစ်လာနိုင်သည်ကိုလည်း တွေးထားဖို့လိုသည်။ အထက်ပြောသကဲ့သို့ ဘင်နီတက်ဇ်အနေဖြင့် အတွေ့အကြုံနှင့် အောင်မြင်မှုအစဉ် အလာအရ သူ့ထက်အများကြီးနိမ့်သော ဂရန့်ကို အထင်သေးခဲ့လျင် ပင် ချန်ပီယံလိဂ် အတွေ့အကြုံနှင့် ခြေစွမ်းပိုင်း အလွန်ရင့်ကျက်နေသော တယ်ရီ၊ လမ်းပတ်၊ ဒရော့ဂ်ဘာ၊ ဘားလပ်ခ်၊ မက်ခီလီလီ၊ အက်ဆီယန်၊ အက်ရှ်လေကိုး၊ ကာဗာလီယိုတို့ အုပ်စုကိုတော့ လျော့တွက်ထား၍ မရနိုင်ပေ။
မော်ရင်ညိုလို စပါယ်ရှယ်ဝမ်းပါဆိုတဲ့ ထိပ်တန်း နည်းပြမျိုးကိုတောင် ကျော်ဖြတ်လာနိုင်သေးတာပဲ၊ ဂရန့်လို နည်းပြမျိုးကိုင်တွယ်နေတဲ့ ချယ်လ်ဆီးအသင်းမျိုးကိုတော့ အေး ဆေးပါပဲဟုတွေးကာ ဘင်နီတက်ဇ်တစ်ယောက် စိတ်ကြီးဝင် သွားရင်တော့ မမျော်လင့်သည့် အခက်အခဲမျိုးကြုံရလိမ့်မည် ဟု ကြိုတင်ထင်မြင်သုံးသပ်မိပါသည်။
|