ကွင်းလယ်လူ ဖရန့်လမ်းပတ်က မနက်ဖြန်ည လီဗာပူးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချဲလ်ဆီး အတွက် ကစားပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။
နည်းပြ ဂရန့်ကတော့ အမေဖြစ်သူ အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်နေလို့ သောကရောက်နေတဲ့ လမ်းပတ်အနေနဲ့ ကောင်းကောင်း မကစားနိုင်မှာကို စိုးရိမ်နေပါတယ်။
လမ်းပတ်ဟာ မိခင်ဖြစ်သူ အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်နေရလို့ ချဲလ်ဆီး နောက်ဆုံး ကစားထားတဲ့ (၂)ပွဲစလုံးမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
တိုက်စစ်မှူး ဒရော့ဘာလည်း ၀ီဂန်၊ အဲဗာတန်တို့နဲ့ ကစားတဲ့ (၂)ပွဲစလုံးမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပေမယ့် မိုက်ကယ် ဘာလက်ကတော့ အဲဗာတန်ကို တစ်ဂိုးတည်းနဲ့ ကပ်နိုင်တဲ့ပွဲမှာ ပါဝင်နိုင်ခြင်း မရှိပါဘူး။
အသက် (၂၉)နှစ်သား လမ်းပတ်ရဲ့ အေးဂျင့်ဖြစ်သူ စတီ ကပ်နာက လမ်းပတ်က သူ့အမေရဲ့နားမှာ (၇)ရက်လုံးလုံး နေခဲ့ပြီးလို့ အခု ချဲလ်ဆီးအတွက် ပြန်ကစား နိုင်ပါပြီ။ သူ့အမေရဲ့ ရောဂါ အခြေအနေက သိပ်မကောင်းသေးပေမယ့် သူ ပြန်ကစားမှာပါ လို့ ပြောပါတယ်။
နည်းပြ အေဘရန် ဂရန့်က “ကျနော့်အတွက်တော့ ဘောလုံးက အရမ်း အရေးကြီးပါတယ်။ ဒါပေမယ့် ဘောလုံး နောက်ကွယ်မှာ တခြား ကိစ္စတွေ အများကြီး ရှိပါတယ်။ ဥပမာ မိသားစု ကိစ္စလိုမျိုးတွေပေါ့” လို့ ပြောပါတယ်။
“ကျနော်တို့ လမ်းပတ်၊ ဘာလက်နဲ့ ဒရော့ဘာတို့ကို လွဲခဲ့ ပြီးပါပြီ။ ခင်များတို့ မြင်တဲ့အတိုင်းပဲ ပြီးခဲ့တဲ့နှစ်က အဓိက ကစားသမား နှစ်ယောက်လောက် မကစားနိုင်တာနဲ့ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို။ တကယ်လို့ ကျနော်တို့ရဲ့ အဓိက ကစားသမား နှစ်ယောက်မပါဘဲနဲ့ ကစားရရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို ခင်များတို့ မှန်းဆကြည့်ပါ”
အစ္စရေးသားနည်းပြက “ဒီအသင်းမှာ နည်းပြဖြစ်ရတာကို ကျနော် ဂုဏ်ယူပါတယ်။ သူတို့တတွေ အားကိုးရတဲ့ လူတွေမပါဘဲနဲ့ အမှတ်တွေကို ရအောင် ယူနိုင်ပါတယ်” လို့ ထပ်ပြောပါတယ်။
မနက်ဖြန် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဆုံရမယ့် လီဗာပူးဟာ ချဲလ်ဆီးကို ပြီးခဲ့တဲ့ (၃)ရာသီအတွင်းမှာ (၂)ပွဲ အနိုင်ယူ ထားပါတယ်။
|