လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ကစားသွားတဲ့ အာစင်နယ် လူငယ်စတား သီယို ၀ါးကော့လ်ရဲ့ ခြေစွမ်းကို အင်္ဂလန်နည်းပြ ဖာဘီယို ကာပယ်လိုက ထုတ်ဖော် ချီးကျုးပါတယ်။
အဲဒီနေ့က အန်းဖီးလ်ပွဲမှာ တိုက်စစ်မှူး အဒီဘာယာရဲ့ နောက်ကနေ ဒုတိယ တိုက်စစ်မှူး အ နေနဲ့ ကစားသွားတဲ့ ၀ါးကော့လ်ရဲ့ ခြေအဆင့်အတန်း အပေါ်မှာ ကာပယ်လိုက အထင်ကြီး နေပါတယ်။
ကာပယ်လိုက “အာစင်နယ်အတွက် အထိရောက်ဆုံး ကစားပေးသွားတဲ့ သူ့ ခြေစွမ်းအတွက် ကျနော် ၀မ်းသာပါတယ်။ သူ လုပ်ပေးတဲ့ ဒုတိယဂိုးကတော့ မယုံကြည် နိုင်စရာပါပဲ” လို့ ပြောပါတယ်။
အသက် (၁၉)နှစ်အရွယ် ၀ါးကော့လ်ဟာ အင်္ဂလန်နဲ့ ပြင်သစ် ခြေစမ်းတဲ့ ပွဲတုန်းက ကစားခွင့် မရဘဲ အရန်ထိုင်ခုံပေါ်မှာ ရှိနေပါတယ်။
ဝါးကော့လ်ဟာ လာမယ့် (၂၈)ရက်နေ့ ၀င်ဘလေမှာ အမေရိကန်နဲ့ ခြေစမ်းတဲ့ပွဲကျရင်တော့ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးဖို့ သေချာသလောက် ရှိနေပါတယ်။
အီတလီနည်းပြက မန်ယူ၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက် သွားတာဟာ အင်္ဂလိပ်အသင်း လက်ရွေးစင်အသင်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။
|

လီဗာပူး ကစားသမား ပီနန့်ကို ဖြတ်ကျော်နေတဲ့ ၀ါးကော့လ်
|