တိုက်စစ်မှူး အဒီဘာယာက ချန်ပီယံပြိုင်ပွဲကနေ ထွက်ရတာကို မေ့ပစ်ပြီး ပရီးမီးယားရှစ်ကို ကြိုးစား အာရုံစိုက်ဖို့ အာဆင်နယ် အသင်းဖော်တွေကို တိုက်တွန်းလိုက် ပါတယ်။
အာစင်နယ်ဟာ ချန်ပီယံလိဂ် ကွာတားအဆင့်မှာ လီဗာပူးကို နှစ်ပွဲရလဒ် (၅ - ၃)နဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ ဒီရာသီအတွင်းမှာ မျှော်လင့်စရာ ပရီးမီးယားလိဂ် တစ်ခုပဲ ကျန်ပါတော့တယ်။
ဂမ်းနားစ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပွဲကြီးပွဲကောင်းအဖြစ် ဇယားထိပ်က ပြိုင်ဖက် မန်ယူနဲ့ အိုးထ ရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
“အခုအချိန်မှာ အရေးကြီးဆုံးက ဒီရာသီမှာ ဘာဖလား ရနိုင်သေးသလဲ ဆိုတာကို အထူး အာရုံစိုက်သွားဖို့ လိုပါတယ်။ ကျနော်တို့ ချန်ပီယံလမ်းကြောင်းပေါ်မှာပဲ ရှိနေပါသေးတယ်။ ရာသီဆုံးရင် ကျနော်တို့ ဖလား တစ်ခုလောက်တော့ ရနိုင်ပါတယ်” လို့ အဒီဘာယာက ပြောပါတယ်။
နည်းပြ ၀င်းဂါးကတော့ ဒီရာသီအတွင်းမှာ ကစားနေတဲ့ ကစားသမားတွေရဲ့ စိတ်ဓါတ်အင်အား အပေါ်မှာ ချီးကျုး ပြောဆိုပေမယ့် အသင်းရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ဖို့တော့ လိုနေပါတယ်။
တိုဂိုတိုက်စစ်မှူးက “ဒီရာသီအတွင်းမှာ ကျနော်တို့ အများကြီး သင်ယူစရာတွေ ရခဲ့ပါတယ်။ ကျနော်တို့ နည်းပြက ပိုပြီး အတွေ့အကြုံ များပါတယ်။
လာမယ့် ပွဲတွေမှာ အနိုင်ကစားဖို့အတွက် ဘယ်လို စကားလုံး ခွန်အားတွေ ပေးရမလဲ ဆိုတာကို သိပါတယ်” လို့ ထပ်ပြောပါတယ်။
လက်ကျန်ပွဲ (၅)ပွဲ ကျန်တော့တဲ့ အမှတ်ပေးဇယားမှာ မန်ယူက (၇၇)မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ချဲလ်ဆီးက (၇၄)မှတ်နဲ့ ဒုတိယ၊ အာစင်နယ်က (၇၁)မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။
|