ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ အာစင်နယ်ကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ကစားပြီး အနိုင်ယူသွားတဲ့ လီဗာပူးအသင်းသားတွေရဲ့ အားထုတ်မှုကို နည်းပြ ဘင်နီတတ်ဇ်က ချီးကျုး လိုက်ပါတယ်။
“အထူးသဖြင့် ဒုတိယပိုင်းမှာ ကစားသွားတဲ့ သူတို့ရဲ့ ယုံကြည်ချက်အပေါ်မှာ ကျနော် ၀မ်းသာ ရပါတယ်” လို့ အာစင်နယ်ကို နှစ်ပွဲပေါင်းရလဒ် (၅ - ၃)နဲ့ အနိုင်ရအပြီးမှာ ဘင်နီတတ်ဇ်က ပြောပါတယ်။
“တဖက် နှစ်ဂိုးစီနဲ့ သရေဖြစ်သွားတဲ့ အချိန်မှာ ကျနော့် ကစားသမားတွေက အနိုင်ရဖို့အတွက် အံ့သြဖို့ ကောင်းလောက်အောင် သူတို့ရဲ့ ဆန္ဒနဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်ကို ပြသ ခဲ့ပါတယ်”
“ပထမပိုင်း မပြီးခင်က ကျနော်တို့အသင်း ကစားပုံ တော်တော် ဆိုးပါတယ်။ ဒုတိယပိုင်းမှာ အ ရမ်း ကောင်းလာပါတယ်”
ဒီပွဲမှာ အာစင်နယ်က ပထမပိုင်း (၁၃)မိနစ်မှာတင် ဒီရာဘီရဲ့ ကန်ချက်ကနေ ဦးဆောင်ဂိုး စ သွင်းပြီးနောက် လီဗာပူးအတွက် ချေပဂိုးကို ဟစ်ပီယာက ခေါင်းတိုက်သွင်းယူပြီး ဒုတိယ ဂိုးကိုတော့ တော်ရက်စ်က ကန်သွင်းယူပါတယ်။
အာစင်နယ်အတွက် ဒုတိယချေပဂိုးကို အဒီဘာရာက ပွဲပြီးဖို့ (၇)မိနစ်အလိုမှာ ၀ါးကော့ရဲ့ ထိုးဖောက်ပေးပို့မှုကနေ ကန်သွင်းယူပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးတွေကို (၈၆)မိနစ်မှာ ပင်နယ်တီကနေ ဂျရတ်၊ မိနစ် (၉၀)မှာ တန် ပြန် တိုက်စစ်ကနေ ဘာဘယ်တို့က သွင်းယူ ခဲ့ပါတယ်။
အန်းဖီးကလပ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ (၄)နှစ်အတွင်း တတိယ အကြိမ်မြောက်အဖြစ် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
စပိန်သားနည်းပြက “ဒီပွဲက ပရိတ်သတ်တွေအတွက် အံ့သြမှုတွေကို ပေးနိုင်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ် ပါတယ်။ ဒီပွဲမှာ သွင်းဂိုးက (၆)ဂိုးတောင် ရှိပါတယ်။ ကျနော်တို့လည်း အကောင်းဆုံး ကစား နိုင် ခဲ့ပါတယ်” လို့ ထပ်ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “အခု ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးနဲ့ ထပ်ဆုံရ ပြန်ပါပြီ။ အဲဒီပွဲမှာ တကယ့်ကို ခက်ခက်ခဲခဲ ကစားရမယ့်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့မှာ လုံလောက် တဲ့ အတွေ့အကြုံတွေနဲ့ ယုံကြည်ချက်တွေ ရှိပါတယ်” လို့ ပြောပါတယ်။
စတန်းဖို့ဘရစ်ခ်ျမှာ ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ချဲလ်ဆီးက ဘာလက်နဲ့ လမ်း ပတ်တို့ရဲ့ ဂိုးတွေနဲ့ ဖာနာဘာချီကို (၂ - ၀)နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် သွား ပါတယ်။
ပွဲအစ (၄)မိနစ်မှာ ဂျိုးကိုးလ်ရဲ့ ဖရီးကစ်ကနေ ဘာလက်က ခေါင်းတိုက်ပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူပါတယ်။
ဒုတိယဂိုးကိုတော့ ပွဲပြီးဖို့ (၃)မိနစ်အလိုမှာ အက်စီယန်ရဲ့ ပေးပို့မှုကနေ လမ်းပတ်က အနီး ကပ် ကန်သွင်းယူပါတယ်။
တူရကီမြေမှာ ကစားတဲ့ ပထမအကျော့မှာတုန်းက (၂ - ၁)နဲ့ ရှုံးထားတဲ့ ချဲလ်ဆီးက အခုပွဲ အနိုင်ရလို့ နှစ်ပွဲပေါင်းရလဒ် (၅ - ၃)နဲ့ ဆီမီးကို တက်သွားပါတယ်။
ဆီမီးဖိုင်နယ် ပထမအကျော့နဲ့ ဒုတိယအကျော့ ပွဲစဉ်တွေကို လာမယ့် (၂၃)ရက်နဲ့ (၃၀)ရက် နေ့တွေမှာ စတင် သွားမှာ ဖြစ်ပါတယ်။
|

အာစင်နယ်ဖက်ကို ဂျရတ် ပင်နယ်တီ ကန်သွင်းယူနေစဉ်
|