အသင်းခေါင်းဆောင် ဖရန်ဆက်စကို တော့တီအနေနဲ့ မနက်ဖြန် အိုးထရက်ဖို့ဒ်မှာ ကစားမယ့် မန်ယူနဲ့ ချန်ပီယံလိဂ် ကွာတာဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်သေးဘူးလို့ ရိုးမားအသင်းက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က မန်ယူကို အိမ်ကွင်းမှာ (၂ - ၀)နဲ့ ရှုံးတဲ့ ပထမအကျော့ ပွဲစဉ်တုန်းကလည်း တော့တီဟာ ပေါင်ခြံဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
အီတလီကလပ် ရိုးမားက ထုတ်ပြန်တဲ့ မနက်ဖြန် မန်ယူနဲ့ ရင်ဆိုင်မယ့် အသင်းရဲ့ လူစာရင်းမှာ တော့တီရဲ့ နာမည် ပါဝင်ခြင်း မရှိပါဘူး။
ဂျီနိုဗာကို (၃ - ၂)နဲ့ အနိုင်ရတဲ့ စနေနေ့က ပွဲအပြီးမှာ ရိုးမားနည်းပြ စပက်လက်တီကတော့ မန်ယူနဲ့ပွဲမှာ တော့တီ မပါနိုင်တာ သူ့အတွက် ပိုကောင်းပြီး လာမယ့် အပတ် အူဒီနီးစ်နဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ကစားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
စီးရီးအေ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရှိနေတဲ့ ရိုးမားဟာ ဇယားထိပ်က အင်တာ ရဲ့နောက်မှာ (၄)မှတ်အကွာနဲ့ ကပ်လိုက်နေပြီး ချန်ပီယံဖြစ်ဖို့အတွက် အကြိတ်အနယ် ကြိုးစား နေပါတယ်။
|

ရိုးမားအသင်းခေါင်းဆောင် တော့တီ (၀ဲ)
|