မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေမှာ မန်ယူက အဝေးကွင်း အိုလံပီကိုမှာ ရိုးမားကို အနိုင်ရခဲ့သလို ဘာစီလိုနာကလည်း ဂျာမန်မြေမှာ ရှောကဲကို အနိုင် ရခဲ့လို့ နောက်တဆင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အလားအလာ ကောင်းနေပါတယ်။
ပထမပိုင်း (၃၉)မိနစ်လောက်မှာ မန်ယူအတွက် အဖွင့်ဂိုးကို ပေါစခိုးလ်ရဲ့ ညာတောင်ပံ ကန့်လန့်ဖြတ်တင်ဘောကနေ စီရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ရိုးမားအသင်းက ချေပဂိုး သွင်းနိုင်ဖို့ ဒုတိယပိုင်း ပြန်အစမှာ ကစားရှိန်မြင့် ခဲ့ပါတယ်။ (၆၁)မိ နစ်မှာ ဗျုစီနစ်ရဲ့ ခေါင်းတိုက်ချပေးဘောကို ပနူချီ အနီးကပ် ခေါင်းတိုက် သွင်းပေမယ့် မန်ယူ ဂိုးသမား ဗန်ဒါဆား ကာကွယ်နိုင် လိုက်ပါတယ်။
ဧည့်သည်အသင်းအတွက် အနိုင်ဂိုးကို (၆၆)မိနစ်မှာ ပတ်ခ်ဂျီဆန်ရဲ့ ဂိုးရှေ့ ခေါင်းတိုက် ချပေး ဘောကို ရိုးမားနောက်ခံလူတွေ စုပြုံရှင်းထုတ်ဖို့ ကြိုစားတဲ့ကြားကနေ လျှံထွက်အလာမှာ ရွန်နီက အနီးကပ် သွင်းယူပါတယ်။
အဝေးကွင်းမှာ မန်ယူက ရိုးမားကို (၂)ဂိုးပြတ်နဲ့ ခြေအသာ၊ ကစားကွက်အသာနဲ့ အနိုင်ရ သွားလို့ နောက်တဆင့် ဆီးမီးဖိုင်နယ်ကို မှန်းဆလို့ ရနေပြီ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် တောတီမပါတဲ့ ရိုးမားအသင်းဟာ မန်ယူနဲ့ ရင်ဆိုင်တဲ့ အိမ်ကွင်းပွဲမှာ တဖက်အသင်းကို ရှိန်နေပြီး ထိထိရောက်ရောက် ထိုးဖောက်ခွင့်လည်း မန်ယူလောက် မရခဲ့ ပါဘူး။
ပွဲအပြီး မန်ယူနည်းပြ ဖာဂူဆန်က “ကျနော်တို့အသင်း အကောင်းဆုံး ကစားသွားပြီး သက် တောင့်သက်သာနဲ့ပဲ အနိုင်ယူ ခဲ့ပါတယ်။ ခံစစ်ကြောင်းကလည်း ဘာမှ ပြောစရာမရှိအောင် ကောင်းပါတယ်” လို့ ပြောပါတယ်။
စီရော်နယ်ဒိုက “ကျနော်တို့အသင်းရဲ့ ဒီပွဲ ကစားပုံက အရမ်းကောင်းပါတယ်။ ဒီပွဲက ကစား ရတာ ခက်မယ်ဆိုတာကို လူတိုင်းသိပြီးသားပါ။ ရိုးမားလည်း ကောင်းကောင်း ကစားနိုင် ပေမယ့် ကျနော်တို့လောက် အခွင့်အရေးတွေ သိပ်မရပါဘူး။ ကျနော်တို့ ထိုက်ထိုက်တန်တန် နိုင်တာပါ” လို့ ပြောပါတယ်။
တကယ်လို့ မန်ယူအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားရင် စပိန်ထိပ်သီး ဘာစီလိုနာနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
တခြားပွဲစဉ်တစ်ခုမှာ ဘာစီလိုနာက အဝေးကွင်းမှာ တိုက်စစ်မှူး ဘိုဂျန်ရဲ့ (၁၂)မိနစ်မှာ သွင်း တဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးနဲ့ ရှောကဲကို အနိုင်ရ သွားပါတယ်။
ဘာကာနည်းပြ ရစ်ကတ်က “ရလဒ်ကောင်းပါပဲ။ ကျနော်တို့အသင်းရဲ့ ကြိုးစားမှုကို အသိ အမှတ် ပြုရမှာပါ။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ကောင်းကောင်း မကစားနိုင် ခဲ့ပါဘူး” လို့ ပြောပါတယ်။
ရှောကဲနည်းပြ မာကို စလုံကာက “ဒုတိယပိုင်းကို ခင်များတို့ကြည့်ရင် ကျနော်တို့ အခွင့်အ ရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တာကို တွေ့မှာပါ။ ဒီပွဲခက်မှန်း နဂိုကတည်းက ကျနော်တို့ သိထားပါတယ်” လို့ ပြောပါတယ်။
ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ဧပြီ (၈)ရက်နဲ့ (၉)ရက်နေ့တွေမှာ ပြန်လည်စတင်ဖို့ ရှိပါတယ်။
|

မန်ယူအတွက် ခေါင်းတိုက်ပြီး ပထမဂိုးသွင်းယူနေတဲ့ ရော်နယ်ဒို (အလယ်)
|