ချန်ပီယံလိဂ်သမိုင်းတစ်လျောက် အင်္ဂလန်ထိပ်သီးကလပ် ၄ သင်းစလုံး ကွာတားဖိုင်နယ် တက်နိုင်ခဲ့တဲ့ ဒီနှစ်ချန်ပီ ယံလိဂ်ဟာ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတယ်။ ကွာတားပွဲစဉ်မှာ ပြည်တွင်းပြိုင်ဘက် အာဆင်နယ်နဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ပွဲနဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ ရိုးမားနဲ့ မန်ယူတို့ ပြန်ဆုံတဲ့ပွဲဟာ အလွန်အကြိတ်အနယ် ရှိနိုင်သလို ရှော့ကဲ-ဘာစီလိုနာ၊ ဖင်နာဘာချီ-ချယ်လ်ဆီး ပွဲစဉ်တွေဟာလည်း တစ်မျိုး စိတ်ဝင်စားစရာ ကောင်းနေတယ်။
အင်္ဂလန် ၄ သင်း ကွာတားတက်လာလို့ ဘောလုံးအကဲခတ်တချို့က ဒီနှစ်ချန်ပီယံလိဂ်ကို All English Final ဖြစ်လာ နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြတာ တကယ်ဖြစ်လာမလာ စောင့်ကြည့် ရတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဆင့်ထိ တက်လာနိုင်တဲ့အသင်းတိုင်းဟာ ကိုယ်စီအဆိပ်တွေရှိကြလို့ ဘယ်အသင်းမှတော့ အလွယ်တကူ ဆီမီးတက်နိုင် ဖွယ်မရှိဘူး။ ဒါကြောင့် အိမ်ရှင်ဆိုပြီး၊ အသင်းကြီးဆိုပြီး စွတ်အထင်ကြီး လိုက်မိရင်တော့ မမျှော်လင့်တဲ့ ခံစားမှုမျိုး ကြုံတွေ့ရပါလိမ့်မယ်။ ဒီတော့ အခုတစ်ပတ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့မှာကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်တွေကို သတိနဲ့ ခံစားတတ်ဖို့ လိုပါလိမ့်မယ်လို့ ကြိုတင် သတိပေးထားပါရစေ။

ချန်ပီယံလိဂ် အမှတ်တံဆိပ်
ရိုးမား - မန်ယူ
ထိပ်တိုက်တွေ့ဆုံမှု
၅-၄-၀၇ ရိုးမား ၂ - ၁ မန်ယူ
၁၁-၄-၀၇ မန်ယူ ၇ - ၁ ရိုးမား
၃-၁၀-၀၇ မန်ယူ ၁ - ၀ ရိုးမား
၁၃-၁၂-၀၇ ရိုးမား ၁ - ၁ မန်ယူ
ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဒီနှစ်သင်းဆုံခဲ့သလို ဒီနှစ်အုပ်စုအဆင့်မှာလည်း ထပ်တွေ့ခဲ့လို့ အခုနှစ် ကွာတားဖိုင်နယ်မှာ ထပ်ဆုံခြင်းဟာ တစ်နှစ်တာကာလအတွင်း ဒီနှစ်သင်း စုစုပေါင်း ၆ ကြိမ် တွေ့ခြင်းဖြစ်တယ်။ ဒါကြောင့် တစ်သင်းနဲ့ တစ်သင်း အကြောင်းသိတွေဖြစ်ကြပြီး အလွယ်တကူ အသာစီးရဖို့လည်း မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ၄ ကြိမ် မှာ မန်ယူက နှစ်ပွဲနိုင်ပြီး တစ်ပွဲသရေကျခဲ့တဲ့ မှတ်တမ်းအရ ကြည့်ရင် ဒီနှစ်သင်းမှာ မန်ယူက နည်းနည်း သာနေတယ်လို့ ပြောနိုင်တယ်။ အထူးသဖြင့် မနှစ်က ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ မန်ယူက အိုး ထရက်ဖို့ဒ်မှာ ၇-၁ နဲ့အံ့သြလောက်အောင် ဂိုးပြတ် နိုင်ခဲ့တာကို ရိုးမားအနေနဲ့ အခုအချိန်ထိ ပြန်မချေနိုင် သေးဘူး။
ဒီတော့ ဒီပွဲမှာ ရိုးမားက ပွဲကျပ်ပိုဖြစ်နိုင် တယ်လို့ ထင်စရာရှိတယ်။ ဒါပေမယ့် တစ်ဘက်က ပြန်စဉ်းစားကြည့်ရင်လည်း မနှစ်က ဂိုးပြတ်ရှုံးပြီး အကြီးအကျယ် သိက္ခာကျခဲ့တဲ့ ရှုံးကြွေးကို စပယ်လက်တီဦး ဆောင်တဲ့ ရိုးမားအသင်းသားတွေ ပြန်ကလဲ့စားချေချင်တဲ့ စိတ်တွန်းအားတွေကြောင့် မန်ယူ အတွက်လည်း ခက်ခဲတဲ့ပွဲ ဖြစ်မှာသေချာတယ်။ အထူး သဖြင့် ရိုးမားဟာ ရှုံးထွက်အဆင့်မှာ ရီးယဲလ်မက်ဒရစ်လို ချန်ပီယံလိဂ်အစဉ် အလာအကြီးဆုံး အသင်းကြီးကို နှစ်ကျော့စလုံးနိုင်ပြီး တက်လာတဲ့အသင်းဖြစ်တဲ့အပြင် လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း ပြန်တက်နေလို့ မန်ယူ မချောင်လောက်ဘူး။ ဒီတစ်ပတ် ကစားရမယ့် ပထမအကျော့ပွဲ စဉ်ဟာလည်း ရောမမြေမှာဖြစ်လို့ မန်ယူအနေနဲ့ အထူးသတိထားပြီး နည်းဗျူဟာကျကျ ကစားနိုင်မှသာ ရလဒ်ကောင်းနိုင်မယ့် အနေအထားရှိတယ်။ ဒါပေမယ့် တစ်ခုရှိတာက မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းကလည်း အတက်ဘက်ပြန် ရောက်လာပြီး ပရီးမီးယားလိဂ်မှာ ထိပ် ပိုင်းပြန်ရောက်လာလို့ စိတ်ဓာတ်ပိုင်းမှာလည်း မြင့်တက်နေ နိုင်တယ်။
နည်းပြချင်းယှဉ်ကြည့်ရင် ဖာဂူဆန်ဟာ စပယ်လက်တီ ထက် အတွေ့အကြုံနဲ့ နည်းဗျူဟာကျွမ်းကျင်မှု အပိုင်းမှာ သာသလို ပွဲကျပ်တွေကို ဘယ်လိုကစားရမလဲ ဆိုတဲ့ မဟာဗျူဟာကိုလည်း ကောင်ကောင်းကြေညက် နေသူ ဖြစ်တယ်။ ကစားသမားအင်အားအရကြည့်ရင်လည်း အတွေ့အကြုံပိုင်းမှာ သိပ်အကွာကြီး မဟုတ်ပေမယ့် တစ်ဦး ချင်းခြေစွမ်း၊ ကစားအားနဲ့ အသက်အရွယ်၊ ကြံ့ခိုင်မှုပိုင်းမှာ မန်ယူက နည်းနည်းသာသလို လက်ရှိအသင်းလိုက် ကစားပုံမှာလည်း ပိုသွက်နေသလို ရှိနေတယ်။
တစ်ခုရှိတာက ရောမကွင်းကြီးထဲမှာ အီတလီပရိသတ်ရဲ့ အားပေးမှု အရှိန်အ၀ါကို အန်ဒါဆင်၊ နာနီတို့အုပ်စု ယောင်ဝါးဝါး ဖြစ်မသွားအောင်တော့ ဖာဂူဆန်အနေနဲ့ သေချာမောင်းနှင် ထားနိုင်ဖို့ လိုလိမ့်မယ်။ ဒါ့အပြင် တော့တီ၊ မန်စီနီတို့အုပ်စုရဲ့ ထက်မြက်တဲ့တိုက်စစ်ကို ကြံ့ခိုင်မှုပြဿနာအနည်း ငယ်ရှိနေတဲ့ ဖာဒီနန်၊ ဗန်ဒါဆားတို့အုပ်စု ခက်ခက် ခဲခဲထိန်းရဖွယ်ရှိနေတဲ့ အချက်က မန်ယူကို ဒုက္ခပေး နိုင်တယ်။
ပါရော့တာ၊ ဒီရော့ဆီတို့အုပ်စုကလည်း လက်ရှိမန်ယူရဲ့ ဂိုးသွင်းစက်ဖြစ်နေတဲ့ စီရော်နာဒိုကို လှုပ်မရအောင် ထိန်းနိုင်ခဲ့ရင် မန်ယူအတွက် အခက် တွေ့နိုင်တယ်။ ဒါကြောင့် ဒီပွဲရလဒ်ဟာ နည်းပြစပယ် လက်တီနဲ့ ဖာဂူဆန် တို့နှစ်ယောက် နည်းစနစ်ကစား ကွက်ချမှတ်မှု အပေါ်မှာလည်း မူတည်နေတယ်။ ပွဲစဉ် လမ်းကြောင်းအရ ပထမအကျော့ကို အိမ်ကွင်းမှာ ကစားရတဲ့ ရိုးမားထက် မန်ယူက အခွင့်အလမ်းပို သာနေပေမယ့် အိမ်ကွင်းမှာ စိတ်ဓာတ်အပြည့်နဲ့ အားထည့်ကစားနိုင်မယ့် တော့တီတို့ အုပ်စုကို မထိန်းနိုင်ရင် မန်ယူ ရလဒ်ဆိုး သွားနိုင်တယ်။ ဒါပေမယ့် ဒီပွဲ မှာ ဖာဂူဆန်အနေနဲ့ ခံစစ်အရှင် ပုံစံမျိုးချပြီး မထင်မှတ်တဲ့ကစားသမားကို ဂိုးသွင်းတာဝန်ပေးပြီး အဝေး ဂိုးသွင်းနိုင်အောင် စီမံအကွက်ချ ကစားသွားမယ် ထင် တယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် မန်ယူ 20% ပဲကြေးရှုံးမယ်
ဝီလျံဟေးလ် - ဆတူပေးထား
အင်တာနက် - 1 – 1
ရန်ကုန်ဂျာနယ်များ - ရိုးမားကို ပိုကြိုက်ကြ
စာရေးသူအမြင် - မန်ယူကို အရဲစွန့် အားပေးချင်တယ်
ရှော့ကဲ - ဘာစီလိုနာ
ကွာတားပွဲစဉ်ရေးဆွဲပြီးချိန်မှာ မန်ယူနဲ့အတူထိပ်ဆုံးက ရေပန်းစားနေတဲ့ ဘာစီလိုနာဟာ တခြားအသင်းတွေနဲ့ ယှဉ်ရင် ပွဲအများကြီး ချောင်တယ်လို့ ထင်စရာရှိတယ်။ ဒါပေမယ့် ဒီအဆင့်ကို တက်ရောက်လာနိုင်တဲ့ ရှော့ကဲကို ရီကတ်တို့အုပ်စု အထင်သေးမိရင်တော့ ဒုက္ခရောက် သွားနိုင်တယ်။ အထူးသဖြင့် ရှော့ကဲဟာ ဂျာမန်အသင်းပီပီ စိတ်ဓာတ်နဲ့ကစားပုံ မာကျောတဲ့အပြင် ဂျာမန်မြေမှာဆိုရင် ကစားပုံ ပိုကောင်းတတ်လို့ လက်ရှိအနေအထားမှာ အကောင်းဆုံး ခြေစွမ်းမရ သေးတဲ့ ဘာစီလိုနာအနေနဲ့ အခက်အခဲ အများကြီး တွေ့နိုင်တယ်။
ကစားသမားအများအပြား ကြံ့ခိုင်မှု ပြဿနာရှိနေတာကလည်း ရီကတ်အတွက် အခက်တွေ့နိုင်ပြီး ဘာစီလိုနာရဲ့ မူပိုင်ကစားဟန်ကလည်း ဘောလုံးကိုကိုင်ပြီး တစ်ဆင့်ချင်း စိတ်ကြိုက် ကစားကွက်ဖော် တိုက်စစ်ဆင်တတ်လို့ ရှော့ကဲသာ ဒီပွဲမှာ အိမ်ကွင်းအရှိန်နဲ့ ခပ်မာမာ ခပ်ကြမ်းကြမ်းကစားခဲ့ရင် ဘာစီလိုနာ မချောင်လောက်ဘူး။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်ရင် လာလီဂါမှာ ရလဒ်ညံ့နေတဲ့ ဘာစီလိုနာအနေနဲ့ စပိန်ဘုရင့် ဖလားကိုလည်း လက်တစ် ကမ်းအလိုမှာ လက်လွှတ် လိုက်ရသလို ဖြစ်နေလို့ ချန်ပီယံလိဂ်ကို ပိုပြီး အာရုံစိုက်ကစားလာ နိုင်တယ်။
ရှော့ကဲအသင်းမှာ ကူရာညီတို့လို အဆုံးသတ် သေချာတဲ့ ထိပ်တန်းကစားသမားတချို့ရှိလို့ အမှားများနေတဲ့ ဘာစီ လိုနာခံစစ် သတိထားရမှာ ဖြစ်ပေမယ့် မက်ဆီမရှိတဲ့ အချိန်မှာ အသင်းအတွက် အားထားရလာတဲ့ စပိန် လူငယ် ကစားသမားလေး ဘိုချန်ကာ ကစ်နဲ့ ဂိုးသွင်းခြေပြန်ရနေတဲ့ အီတူးတို့အုပ်စုလည်း ရှိနေလို့ ရှော့ကဲခံစစ်လည်း အလုပ် ရှုပ်နိုင်တယ်။ အခုဆိုရင် ရော်နာဒင်ညိုလည်း ပြန်ပါလာနိုင်ပြီး မက်ဆီကလည်း ကြံ့ခိုင်မှု နည်းနည်းပြန်ရှိလာလို့ ဒီပွဲမှာ တစ်ပိုင်းလောက် ၀င်ကစားနိုင်ဖွယ်ရှိတယ်။ အွန်နရီလို ချန်ပီယံလိဂ် အတွေ့အကြုံရင့်ကျက်တဲ့ ထိပ်တန်းကစား သမားမျိုး လည်းရှိနေလို့ ရှော့ကဲအနေနဲ့ အိမ်ကွင်းမှာ ဂိုးသွင်းနိုင်အောင် တိုက်စစ်ကို အလွန်အကျွံလိုက် ကစား မိရင်တော့ ဘာစီလိုနာအကြိုက် ဖြစ်သွားနိုင်တယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - ဘာစီလိုနာ တစ်ဂိုးနဲ့နိုင်ရင်တောင် 50% ကြေးရနိုင်။
ဝီလျံဟေးလ် - ဘာစီလိုနာကို အပေါ်ကြေးပေးထား
အင်တာနက် - 1 – 2
ရန်ကုန်ဂျာနယ်များ - ဘာစီလိုနာကို ပိုကြိုက်ကြ
စာရေးသူအမြင် - ဘာစီလိုနာကို ကြိုက်တယ်
အာဆင်နယ် - လီဗာပူး
ထိပ်တိုက်တွေ့ဆုံမှု
၉-၄-၀၄ အာဆင်နယ် ၄ - ၂ လီဗာပူး
၈-၅-၀၅ အာဆင်နယ် ၃ - ၁ လီဗာပူး
၁၂-၃-၀၆ အာဆင်နယ် ၂ - ၁ လီဗာပူး
၁၂-၁၁-၀၆ အာဆင်နယ် ၃ - ၀ လီဗာပူး
ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်ကွာတားမှာ တစ်ကြိမ်မှ မဆုံးဖူးသေးပေမယ့် ပြည်တွင်းပြိုင်ပွဲတွေမှာ အကြိမ်ပေါင်း များစွာ တွေ့ဖူးနေတဲ့ မဟာပြိုင်ဘက် အသင်းကြီးတွေဖြစ်လို့ အချင်းချင်းအထာသိနေတော့ ဘယ်အသင်းမှ လွယ်လွယ်နဲ့ အသာမရနိုင်ဘူး။ ဒီနှစ် ပရီးမီးယားလိဂ် ပထမအကျော့ လီဗာပူးကွင်းမှာ တွေ့ခဲ့တုန်းကလည်း တစ်ဂိုး စီသရေ ကျခဲ့တော့ ဒီပွဲဟာ ကွာတားပွဲတွေထဲမှာ အကြိတ်အနယ် အရှိနိုင်ဆုံးပွဲ ဖြစ် နိုင်တယ်။
အာဆင်နယ်ရဲ့ကွင်းမှာဖြစ်နေတဲ့အပြင် အာဆင်နယ်ကလည်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ မျော်လင့်ချက်နည်း လာတော့ ၀င်းဂါးတို့အဖွဲ့ ချန်ပီယံလိဂ်ကို အာရုံပြန်စိုက်ပြီး သေချာပြင်ဆင် အားထည့် ကစားလာနိုင်မယ့် အနေ အထားရှိတယ်။ ဒါကြောင့် လီဗာပူး ပေါ့ဆမိတာနဲ့အခက်တွေ့သွားနိုင်ပါတယ်။ ဒါပေမယ့် ဘင်နီတက်ဇ်ရဲ့ လီဗာပူး ဟာ ချန်ပီယံလိဂ်မှာ ကစားပုံ ပိုကောင်းတတ်ပြီး တစ်ဦးချင်းကစားပုံအရ အာဆင်နယ်ထက်လည်း မာကြောမှုပိုရှိလို့ ဒီပွဲမှာ အိမ်ရှင်လည်း အခက်တွေ့နိုင်တယ်။ နှစ်သင်းစလုံး အီတလီထိပ်တန်းမီလန် အခြေစိုက်အသင်းနှစ်သင်းကို ကျော်ဖြတ် လာနိုင်ရာမှာ လက်ရှိချန်ပီယံမီလန်ကို ဒုတိယအကျော့မှာ နှစ်ဂိုးပြတ် နဲ့နိုင်ခဲ့တဲ့ အာဆင်နယ်ရဲ့ ခြေစွမ်း မျိုး ပြန်ပေါ်လာခဲ့ရင်တော့ လီဗာပူး ရလဒ်ဆိုးနိုင်တယ်။ ဒါပေမယ့် အတွေ့အကြုံ၊ နည်းဗျူဟာ၊ ကစားအားနဲ့ မာကြောမှု အရဆိုရင်တော့ လီဗာပူးက နည်းနည်းသာနိုင်တယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် အာဆင်နယ် 20% ကြေးရှုံးမယ်
ဝီလျံဟေးလ် - ဆတူပေးထား
အင်တာနက် - 1 – 1
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - လီဗာပူး အနိမ့်ဆုံး သရေကျမယ်ထင်
ဖင်နာဘာချီ - ချယ်လ်ဆီး
အင်္ဂလန်ကလပ်အသင်း ၄ သင်းထဲမှာ ချယ်လ် ဆီးကို ပွဲအချောင်ဆုံးလို့ အပေါ်ယံကြည့်ပြီး ထင်စရာ ရှိပေမယ့် ဘရာဇီးသားတွေကို အခြေခံဖွဲစည်းထားတဲ့ ဖင်နာဘာချီအသင်းကို လျော့တွက်မိရင် ချယ်လ်ဆီး ဒုက္ခရောက် သွားလိမ့်မယ်။ အထူးသဖြင့် တူရကီပရိသတ်ရဲ့ သူတို့အသင်းအပေါ် တစ်ဘက်သတ်ကြောက် ခမန်းလိလိအား ပေးတတ်တဲ့ အရှိန်အ၀ါကြောင့် ဂရန့် လက်ထက်မှာ အခုချိန်ထိ အကောင်းဆုံးခြေစွမ်းရ မလာသေးတဲ့ ချယ်လ်ဆီး အခက်အခဲ အများကြီးတွေ့နိုင်တယ်။
ဘရာဇီးနည်းပြ ဇစ်ကိုရဲ့ နည်းဗျူဟာကျွမ်းကျင်မှု၊ ရောဘတ်တိုကားလို့စ်၊ အဲလက်စ်၊ ကာ့ဇ်မန်းတို့အုပ်စုရဲ့ အတွေ့ အကြုံရင့်ကျက်မှုကြောင့် ချယ်လ်ဆီး တစ်ချက်ကလေးမှ မှားလို့ မရနိုင်ဘူး။ ဒါပေမယ့် ကစားသမားအင်အား အလွန်တောင့်တင်းပြီး ချန်ပီယံ လိဂ်အတွေ့အကြုံ ရင့်ကျက်တဲ့ ထိပ်တန်းကစားသမားတွေပါနေတဲ့ ချယ်လ်ဆီး အသင်းကိုလည်း ဇစ်ကိုတို့ အဖွဲ့အထင်သေးမိရင် တန်ဖိုးကြီးကြီး ပေး ရနိုင်တယ်။
ဒီနှစ်အစဉ်အလာအရ ဂရန့်ရဲ့ချယ်လ်ဆီးအသင်းဟာ အဝေးကွင်း ပွဲတွေမှာဆိုရင် ဂိုးသွင်းဖို့ထက် ဂိုးမပေးရရေးကို ဦးတည်ပြီး ကစားလေ့ရှိတာကြောင့် ဖင်နာ ဘာချီအနေနဲ့ စိတ်ရှည်ရှည်နဲ့ နည်းဗျူဟာကျကျကစား နိုင်မှသာ မျှော် လင့်ချက် ရှိနိုင်တယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ချယ်လ်ဆီး 30% ကြေးရှုံးမယ်
ဝီလျံဟေးလ် - ချယ်လ်ဆီးကိုပဲ အပေါ်ကြေး ခပ်ပါးပါးလေးပေးထား
အင်တာနက် - 0 – 0 သို့ 1 – 0
ရန်ကုန်ဂျာနယ်များ - ဖင်နာဘာချီကို ပိုကြိုက်ကြ
စာရေးသူအမြင် - သရေကျသွားမယ်ထင်တယ်
ချန်ပီယံလိဂ်ဂိုးအများဆုံး သွင်းထားသူများ
ယူဆက်ဖ်ကိုနီ ရိုဆင်ဘော့ဂ် ၈ ဂိုး
စီရော်နာဒို မန်ယူ ၆ ဂိုး
မက်ဆီ ဘာစီလိုနာ ၆ ဂိုး
ဖာဘရီဂက်စ် အာဆင်နယ် ၆ ဂိုး
ကနူတေး ဆီဗီးလား ၆ ဂိုး
ဖေဘီယာနို ဆီဗီးလား ၆ ဂိုး
ဂျရတ် လီဗာပူး ၅ ဂိုး
ဒါကောက်ခ်ျ လီဗာပူး ၅ ဂိုး
ဒေးဗစ်ဒီဆူဇာ ဖင်နာဘာချီ ၅ ဂိုး
ရာအူးလ် ရီးယဲလ် ၅ ဂိုး
အီဗရာဟီမိုဗစ်ခ်ျ အင်တာမီလန် ၅ ဂိုး
ဘရန်ဒါအို ရှက်တာဒိုးနက်စ် ၅ ဂိုး
ပန်ဒက်ဗ် လာဇီယို ၅ ဂိုး
|