မြန်မာ့ဘောလုံးလောကတွင် အသင်းစတင်ဖွဲ့စည်းခဲ့သည့် အချိန်ကာလနှင့် တွက်ကြည့်လျင် ရရှိခဲ့သည့် အောင်မြင်မှုမှာ အံ့သြ ချီးကျူးဖွယ်ရာ ဖြစ်နေသည့် ပုဂ္ဂလိကအသင်းတစ်သင်း ရှိနေသည်။ ထိုအသင်းမှာ အများသိပြီးဖြစ်သည့် ကမ္ဘောဇကလပ်အသင်းပင် ဖြစ်သည်။
ဘောလုံးကို အလွန်စိတ်ဝင်စားပြီး အားပေးနေတတ်သည့် အသင်းပိုင်ရှင် အကြီးအကဲများ၏ အသင်းအပေါ် လိုလေသေးမရှိအောင် ပံ့ပိုးထောက်ပံ့ပေးမှု၊ အသင်းတာဝန်ရှိသူ အဆင့်ဆင့်၏ မှန်ကန်သည့် ဦးဆောင်လမ်းညွှန်ပေးနိုင်မှုနှင့် နည်းပြနှင့် ကစားသမားများ ဟန်ချက်ညီညီ ကြိုးစားနိုင်ခဲ့မှုများကြောင့် အချိန်တိုအတွင်း၌ မြန်မာလိဂ် အဆင့်မြင့်တန်းတွင် ကွင်းဖွင့်ဖလား တစ်ကြိမ်၊ အမှတ်ပေး ပြိုင်ပွဲ ဒုတိယ ၂ ကြိမ်ရသည်အထိ မြင့်မားသည့် အောင်မြင်မှုများ ရရှိခဲ့သော ကမ္ဘောဇအသင်းသည် ယခုလည်း မြန်မာ့ဘောလုံးသမိုင်းနှင့် အသင်းသမိုင်းတွင် မှတ်တမ်းသစ် ရေးထိုးနိုင်မည့် ခြေလှမ်းသစ်တစ်ခုကို တက်လှမ်းနေပြီ ဖြစ်သည်ကို ချီးကျူး အားကျ အတုယူဖွယ် တွေ့ရသည်။

2008 AFC President’s Cup ပြိုင်ပွဲဝင်မည့် ကမ္ဘောဇအသင်းသားများနဲ့ တာဝန်ရှိသူများ
ထိုမှတ်တမ်းသစ်မှာ မြန်မာ့ဘောလုံးသမိုင်းတွင် ပုဂ္ဂလိက ကလပ်သင်းအနေဖြင့် ပထမ ဆုံး နိုင်ငံတကာ ကလပ်အသင်းပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ယင်းပြိုင်ပွဲအမည်မှာ ၂၀၀၈ AFC President’s Cup ဘောလုံးပြိုင်ပွဲ ဖြစ်သည်။ စင်စစ်အာရှတိုက်အတွင်းရှိ နိုင်ငံအလိုက် အမှတ်ပေးချန်ပီယံအသင်းများသာ ပါဝင်ခွင့်ရှိသော ယင်းပြိုင်ပွဲတွင် မြန်မာလိဂ်ချန်ပီယံ ဘဏ္ဍာ/အခွန် အသင်းမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရသည့် အခွင့် အရေးကောင်းကို လက်လွှတ်လိုက်၍ ကမ္ဘောဇအသင်းက အစားထိုး ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ယခင်က နိုင်ငံတကာပြိုင်ပွဲများစွာ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် အစဉ်အလာကောင်းရှိသည့် ဘဏ္ဍာအခွန်အသင်း ယခု ပြိုင်ပွဲအား လက်လွှတ်ခဲ့ခြင်းမှာ ဘဏ္ဍာအခွန်အသင်းသား များ အတွက် အလွန်နှမြောစရာကောင်းသည့် အခွင့်အရေး ကောင်းတစ်ခု ဆုံးရှုံးခံလိုက်သလို ဖြစ် သွားသော်လည်း ထိုပွဲအား ယုံကြည်မှုအပြည့်ဖြင့် သွားရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည့် ကမ္ဘောဇအသင်းကိုတော့ လေးစားချီးကျူးရပါမည်။ ထိုပြိုင်ပွဲမှာ အသင်းဖွဲ့စည်းခဲ့သည့် သက် တမ်းအလွန် နုနယ်သေးပြီး နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ လုံးဝမရှိသေးသည့် ကမ္ဘောဇ ကဲ့သို့ ပုဂ္ဂလိကအသင်း အတွက် ခက်ခဲသော နိုင်ငံတကာပြိုင်ပွဲဖြစ်၍ အသင်း တာဝန် ရှိသူ များသည် ထိုပြိုင်ပွဲ၌ တတ်နိုင်သမျ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အသင်းအား ပြင်ဆင် အား ဖြည့်ဖွဲ့စည်းကာ သင်္ကြန်ကာလအတွင်း၌ပင် မနားဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင် ဆင်လျက်ရှိသည်ကိုလည်း တွေ့ရသည်။
ယခုနှစ် 2008 AFC President’s Cup ပြိုင်ပွဲတွင် အာရှနိုင်ငံ ၁၁ နိုင်ငံမှ စုစုပေါင်း အမှတ်ပေးချန်ပီယံ ၁၁ သင်းပါဝင်သည်။ မြန်မာနိုင်ငံကိုယ်စားပြု ကမ္ဘောဇအသင်းမှာ အုပ်စု(ဂ)ကို ခြေစစ်ပွဲ အိမ်ရှင် သီရိလင်္ကာကလပ် ဆက်နန်အက်စ်စီအသင်း၊ တာမစ်နစ်တန် ကလပ် အက်ရှ်ဂါဗက်နှင့် ဘူလ်တန်ကလပ် ထရန်စပို့ဒ် ယူနိုက်တက်အသင်းများနှင့် အုပ်စုပတ်လည် ကစားရ မည်ဖြစ်သည်။ အိမ်ရှင် ဆက်နန်အသင်းမှာ ယမန်နှစ် ပြိုင်ပွဲတွင် ဆီမီးတက်ခဲ့သည့် အသင်းဖြစ်ပြီး ကျန်အသင်းများမှာလည်း မျက်နှာစိမ်းအသင်း များဖြစ်၍ ကမ္ဘောဇအသင်းအတွက် ပွဲတိုင်းမှာ လွယ်ကူမည် မဟုတ်ပေ။ ထို့ကြောင့် ယင်းပြိုင်ပွဲအတွက် အထူးပြင်ဆင် လေ့ကျင့်နေသော ကမ္ဘောဇအသင်း အနေအထားအား သိရှိရန် အသင်း တာဝန်ရှိသူများနှင့် အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့မှုအား ပြန်လည် ဖော်ပြလိုက်ပါသည်။
တတ်နိုင်သမျ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားသွားမှာပါ
ကိုစိုးမိုး။ ။ ဒီိပြိုင်ပွဲဝင်တဲ့ အသင်းတိုင်းကို AFC က ယူအက်စ်ဒေါ်လာ ၁၅၀၀၀ စီ ပံ့ပိုးမယ်လို့ သိရတော့ အခုပြိုင်ပွဲအတွက် အသင်းအနေနဲ့ တခြားကုန်ကျစရိတ် ခန့်မှန်းခြေ ဘယ်လောက်ရှိ နိုင်ပါ သလဲ။
အတွင်းရေးမှူး ဦးမောင်မောင်လတ်။ ။ ကျွန်တော်တို့အသင်းဥက္ကဋ္ဌက ဒီပွဲဟာ နိုင်ငံကိုယ်စားပြု ပုဂ္ဂလိက အသင်းတစ်သင်းအနေနဲ့ ပထမဆုံးယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံတ ကာပြိုင်ပွဲဖြစ်လို့ တခြားအသင်းတွေနဲ့ယှဉ်ရင် မျက်နှာ မငယ်ရအောင်၊ အဆင့်အတန်းမြင့်မြင့် ဖြစ်အောင် အသင်းကို လိုလေသေး မရှိအောင် ပံ့ပိုးပေးဖို့ လမ်းညွှန်ထားတော့ ဒီပြိုင်ပွဲအတွက် နိုင်ငံခြားဖြစ် သီးခြားဝတ်စုံ၊ ထရက်ဆု၊ လေ့ကျင့်ရေးဝတ်စုံ၊ ခရီးသွားဝတ်စုံနဲ့ ခြေအိတ်၊ ဖိနပ်ကအစ ၃ စုံလောက် အသစ်ဝယ်ယူ ပေး ထားသလို အသုံးစရိတ်တွေလည်း ပံ့ပိုး ပေးထားပါတယ်။
AFC ကပေးမယ့် ငွေက လေယာဉ်စရိတ်လောက်ပဲ သုံးလို့ရမှာပါ။ ကျွန်တော်တို့ ထပ် ခေါ်ထား တဲ့ ကစားသမားသစ် ၄ ဦး အပါအ၀င်ကစားသမား ၂၅ ဦး၊ Official ၈ ဦးဆိုတော့ လေယာဉ် စရိတ်ချည်းပဲ တစ်ဦးကို ဒေါ်လာ ၅၀၀လောက်ကျမှာဆိုတော့ အပို ၃ ဦးကို ဥက္ကဋ္ဌကြီးက Honour လုပ်တဲ့အနေနဲ့ သီးခြားစရိတ် အကုန်ခံပြီး ခေါ်သွားဦးမှာပါ။ သဘောကတော့ လေယာဉ်စရိတ် ဖယ်လိုက်ရင်တောင် ကျန်တဲ့ စရိတ်စုစုပေါင်း ကုန်ကျငွေက သိန်း၂၀၀ လောက် ရှိမှာပါ။
ကိုစိုးမိုး။ ။ ဦးလောက်တို့ အသင်းတာဝန် ရှိသူတွေက ပြည်တွင်းမှာလည်း အောင်မြင်မှု ရအောင် အသင်းကို ပံ့ပိုးထောက်ပံ့မှု အကောင်းဆုံး လုပ်ထား ပေးနိုင်တာက အသင်း ကို အချိန်တိုအတွင်း အောင်မြင်မှုသော့ချက်တစ်ခုလို့ ဆိုရမှာပေါ့။
အတွင်းရေးမှူး ဦးမောင်မောင်လတ် ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ဟာ အရင်ကတည်းက ဘောလုံးကို အလွန်ဝါသနာပါပြီး မြန်မာ့ဘောလုံးကို အခုချိန်ထိ စေတနာ အပြည့်နဲ့ ပံ့ပိုးထောက်ပံ့မှုတွေ လုပ်ပေးနေသလို ဒီအသင်းကို တည်ထောင်ခဲ့ တာကလည်း နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် အားထားရတဲ့ ကစားသမားတွေ မွေးထုတ် ပေးနိုင်ဖို့ ရည်မှန်းပြီး ငွေကုန်ကြေးကျများစွာ အကုန်ကျခံပြီး တည်ထောင်ခဲ့တာပါ။ ပြည် တွင်း ပြိုင်ပွဲတိုင်းမှာလည်း အောင်မြင်မှုရဖို့ လိုလေးသေး မရှိအောင် ပံ့ပိုးမှုတွေ ပေးထားပါတယ်။
ပြည်တွင်းပြိုင်ပွဲ တိုင်းမှာ တစ်ပွဲနိုင်တိုင်း ပုံမှန် ဆုကြေး ၃ သိန်း ချက်ချင်းချီး မြှင့်ပြီး အသင်းကြီးနဲ့ ပွဲတွေမှာနိုင်ရင် ၅ သိန်းကနေ ၁၀ သိန်းအထိ အမြဲတမ်း ချီးမြှင့် မြှောက်စား ပေးပါတယ်။မနှစ်ကလိုပဲ ဒီနှစ် အမှတ်ပေးပွဲမှာ ဒုတိယရခဲ့တဲ့အတွက် သီးခြား ဆုကြေး ကျပ် ၇၅ သိန်းချီးမြှင့်ပေးဦးမှာပါ။ အခုပြိုင်ပွဲအတွက်လည်း ကစားသမားသစ် တွေခေါ်ယူနိုင်ဖို့နဲ့ ကလေးတွေ မျက်နှာမငယ်ရအောင် အဆင့်တန်းမြင့်မြင့် သွားနိုင်ဖို့ လိုလေသေး မရှိအောင် ပံ့ပိုးပေးဖို့ လမ်းညွှန်ထားပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘောလုံးကိုသိပ်ချစ်လို့ အသင်းလိုအပ်တာ မှန်သမျှ အကြီးအကဲတွေနဲ့ ချက်ချင်းညှိနှိုင်း တင်ပြပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနေတာ ဆရာတို့ အမြင်ပါ။
ကိုစိုးမိုး။ ။ ကြားရမြင်ရတာ အားရစရာ ကောင်းပါတယ်။ အသင်း အတွင်းရေးမှူး အနေနဲ့ ဒီပြိုင်ပွဲအပေါ်မှာ ဘယ်လောက် မျော်မှန်းထားလဲ။
အတွင်းရေးမှူး ဦးမောင်မောင်လတ်။ ။ ကျွန်တော်တို့အသင်း ဥက္ကဋ္ဌကြီးနဲ့ အသင်းအကြီး အကဲတွေဟာ အခုပထမဆုံး ယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံတကာပွဲမှာ စည်းကမ်းတကျနဲ့ နိုင်ငံရဲ့ဂုဏ်၊ အသင်းရဲ့ဂုဏ်ကို တတ်နိုင်သမျ မြှင့်တင်နိုင်အောင် ကြိုးစားဖို့ လမ်းညွှန်ထား သလို ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သမျ နိုင်ငံဂုဏ်ဆောင် နိုင်ဖို့ အစွမ်းကုန် ကြိုးစား ပြိုင်ပွဲ ၀င်သွားမှာပါ။ အခုအသင်းမှာ ထပ်ခေါ်ထားတဲ့ ကစားသမားသစ် ၄ ဦး အပါအ၀င် ကစားသမားတွေအားလုံးကလည်း ခြေစွမ်းပြနိုင်ဖို့ ကြိုးစားနေကြသလို နည်းစနစ် အကြံပေး ဦးအေးမောင်ကြီးဦး ဆောင်တဲ့ ဦးသန်းထိုက်တို့ နည်းပြအဖွဲ့ကလည်း အသင်းအနေအထား အကောင်းဆုံးဖြစ်အောင် နည်းစနစ်တကျ လေ့ကျင့်နေတော့ ကျွန်တော်တို့ မျော်မှန်းသလို ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ကိုစိုးမိုး။ ။ အခုအားဖြည့်ထားတဲ့ စိုးသီဟအောင်၊ စည်သူသန်း၊ ကျော်ဇင်ထက်နဲ့ ခင်မောင်လွင် တို့ကို အပြီးခေါ်ဖို့ စီစဉ်ထားပြီးပြီလာ။
အတွင်းရေးမှူး ဦးမောင်မောင်လတ်။ ။ ကျော်ဇင်ထက်ကတော့ ဒီကိုအပြီး ပြောင်းလာပါပြီ။ ခင်မောင်လွင်ကလည်း တစ်ရာသီ အငှားနဲ့ ခေါ်ပြီးရင် အပြီးခေါ်ဖို့ ဆက်လုပ်နေပါတယ်။ စိုးသီဟအောင်နဲ့ စည်သူသန်းတို့ကိုလည်း အပြီးခေါ်နိုင်ဖို့ သက်ဆိုင်ရာ အကြီးအကဲတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။
ပြိုင်ဘက်တိုင်းကို လျော့တွက်မထားပါဘူး
ကိုစိုးမိုး။ ။ ဒီအသင်းမှာ နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ဆရာ ဦးအေးမောင်ကြီးအနေနဲ့ ဒီပြိုင်ပွဲအတွက် ဘယ်လိုပြင်ဆင် မောင်းနှင်မှုတွေ ပြုလုပ် ပေးထား ပါသလဲ။ ပြိုင်ဘက်တွေ အကြောင်းမသိတဲ့အပြင် ကမ္ဘောဇအသင်းအတွက် ပထမဆုံး နိုင်ငံတကာ ပိုင်ပဲလည်း ဖြစ်တော့ အခက်အခဲရှိနိုင်မလား။
အတွင်းရေးမှူး ဦးမောင်မောင်လတ်။ ။ ကျွန်တော်တို့ ပြည်တွင်းမှာ လေ့ကျင့်တဲ့ ပုံစံထက် ပါဝါပိုင်း၊ နည်းစနစ်ပိုင်း အစ ထပ်တိုးပြီး လေ့ကျင့်ပေးနေပါတယ်။ ကျွန်တော်လိုချင်တဲ့ ပုံစံကို နည်းပြအဖွဲ့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ပုံစံဝင်အောင် တစ်ဆင့်ချင်း လေ့ကျင့် ပေးနေပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ပထမဆုံးနိုင်ငံ တကာပြိုင်ပွဲဖြစ်သလို ပြိုင်ဘက်တွေ အကြောင်းလည်း သေချာမသိတော့ ပထမဆုံးကစားရမယ့် တာမစ်နစ္စတန်ကလပ်အသင်း နဲ့ပွဲကို ရလဒ်ကောင်းအောင် အရင်ပြင်ဆင်ပြီး နောက်ပွဲတွေမှာ လိုအပ်တဲ့ နည်းစနစ်အ ပြောင်းအလဲတွေ လုပ်ပြီး အနိုင်ရအောင် ကစားသွားမှာပါ။ ပြိုင်ဘက်တွေအကြောင်း သိမထား တော့ ပွဲတိုင်းကို လျော့မတွက်ဘဲ သတိနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ။
အနိမ့်ဆုံး အကောင်းဆုံးဒုတိယအသင်းအဖြစ်နဲ့တော့ ဆီမီးတက်နိုင်မှာပါ
ကိုစိုးမိုး။ ။ နည်းပြချုပ် ဦးသန်းထိုက်အနေအနဲ့ လက်ရှိအသင်းကို အားရမှုရှိနေပြီ လား။ ပြိုင်ပွဲ အတွက် အဆင်သင့်ဖြစ်ပြီလို့ ရော ထင်လား။
နည်းပြချုပ် ဦးသန်းထိုက်။ ။ ဒီပြိုင်ပွဲအတွက် ကျွန်တော်တို့ဆရာအေးမောင်ကြီးနဲ့ တိုင်ပင်ညှိနှိုင်းပြီး သူချမှတ်ပေးတဲ့ နည်းစနစ်တွေနဲ့ ကျွန်တော်တို့ ကစားသမားတွေနဲ့ ကိုက်ညီ မယ့် နည်းစနစ်တွေကို အချိုးချပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လေ့ ကျင့်ပေးနေပါတယ်။ အခု လက်ရွေးစင်ကစားသမား သစ် ၄ ဦး အားဖြည့်ထားပြီး ကျွန်တော့်အသင်းမှာလည်း လက်ရှိလက်ရွေးစင် ၄ ဦးရှိတော့ အသင်း အနေအထားက အတော်တောင့်တင်းလာပါပြီ။
အခုဒီပြိုင်ပွဲအတွက် MFF ဥက္ကဋ္ဌက ပံ့ပိုးစီစဉ်ပေးထားတဲ့ လက်ရွေးစင်အသင်း လေ့ကျင့် ရေးကွင်းမှာ လေ့ကျင့်ရတဲ့ အတွက် ပိုအဆင်ပြေပါတယ်။ ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံရအောင် ကျွန်တော်တို့ဘက်က သေချာလေ့ကျင့်ပြီး သွားမှာဖြစ်ပေမယ့် ပြိုင်ဘက်အသင်း တွေအနေ အထားကိုတော့ ပထမဆုံးပွဲစဉ် ကစားချိန်ကျမှဘဲ စသိနိုင်မှာပါ။ အဲဒီပထမပွဲမှာ လိုအပ် ချက်တွေကို ပထမပိုင်းအပြီး ရပ်နားချိန်မှာ လိုအပ်တဲ့ နည်းစနစ်တွေပြင်ပြီး နောက်ပြိုင်ဘက် ၂ သင်းကိုတော့ သူတို့ကစားမယ့် ဒုတိယပွဲစဉ်ကို သေချာ လေ့လာကြည့်ရှုပြီး လိုသလို ပြင်ဆင်သွားမှာပါ။
ကိုစိုးမိုး။` ။ အသင်းပိုင်ရှင်နဲ့ အကြီးအကဲတွေအပိုင်းက လိုလေသေးမရှိအောင် ပံ့ပိုးပေး ထားတော့ နည်းပြချုပ်တစ်ယောက်အနေနဲ့ အခုပွဲမှာ ဘယ်အဆင့်ထိ အောင်မြင်မှုရ မယ်လို့ ယုံကြည် ထားပါသလဲ။
နည်းပြချုပ် ဦးသန်းထိုက်။ ။ ကျွန်တော်တို့ဘက်ကတော့ နိုင်ငံ့ဂုဏ်နဲ့ အသင်းဂုဏ် သိက္ခာကို ထိန်းနိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဒီပွဲမှာ အုပ်စုဗိုလ် ၃ သင်းနဲ့ အကောင်းဆုံး ဒုတိယတစ်သင်း ဆီမီးတက်ခွင့်ရှိတော့ ကျွန်တော်တို့ အနေနဲ့ အနိမ့်ဆုံး အကောင်းဆုံး ဒုတိယအဖြစ်နဲ့တော့ ဆီမီးတက်နိုင်လိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်ထားပါတယ်။
ကမ္ဘောဇဘောလုံးအသင်း
အသင်းပိုင်ရှင် - ဦးအောင်ကိုဝင်း (ဥက္ကဌ၊ ကမ္ဘောဇဘဏ်လီမိတက်)
အသင်းဥက္ကဌ - ဦးဇော်ဝင်းနိုင် (MD ကမ္ဘောဇဘဏ်လီမိတက်)
အတွင်းရေးမှူး - ဦးမောင်မောင်လတ်
အုပ်ချုပ်သူ - ဦးမိုးဆန်းအောင်
နည်းစနစ် အကြံပေး - ဦးအေးမောင်ကြီး
နည်းပြချုပ် - ဦးသန်းထိုက်
လက်ထောက်နည်းပြများ - ဦဟန်ထွန်း၊ ဦးသိန်းထွန်းသိန်း (ဂိုး)
ကစားသမားများ -
ဂိုး - ကျော်ဇင်ထက်၊ ရဝေဇင်၊ ဌေးလှိုင်ထွန်း
နောက်တန်း - အောင်ကျော်ဦး၊ အေးဆန်း၊ ဟန်ဝင်းအောင်၊ ဥာဏ်လွင်၊ ခင်မောင်လွင်၊ အောင်သိုက်၊ ကျော်စွာဝင်း၊ နိုင်ဇင်
အလယ်တန်း - အောင်သန်းဝင်း၊ စိုးသီဟအောင်၊ နေဇော်ထက်၊ ရဲမောင်မောင်၊ နေ၀င်း၊ အောင်မျိုး၊ ရာဇာစိုး၊ ထွန်းထွန်းနိုင်၊ လင်းဇော်ထိုက်
ရှေ့တန်း - ကျော်သီဟ၊ ထွန်းမင်းဦး၊ ထွန်းထွန်းနောင်၊ စည်သူသန်း၊ စိုင်းကျော်သူရအောင်
နီပေါနိုင်ငံတွင် ကစားရမည့် အုပ်စု (က) –
အဗာဟာနီ (ဘင်္ဂလားဒေ့ရှ်)၊ နီပေါရဲတပ်ဖွဲ့ (နီပေါ)၊ ၀က်ဒါအက်ဖ်စီ (ပါကစ္စတန်)၊ ရီဂါတက်ဇ် (တာဂျစ်ကစ္စတန်)
ထိုင်ပေနိုင်ငံတွင် ကစားရမည့် အုပ်စု (ခ) –
ထိုင်ဝမ်ပါဝါ (ထိုင်ပေ)၊ ဒိုဒွိုင်းဒိုင်နမို (တာဂျစ္စတန်)၊ နာဂါကော့ဖ် (ကမ္ဘောဒီးယား)
သီရိလင်္ကာနိုင်ငံတွင် ကစားရမည့် အုပ်စု (ဂ)
ရက်နန်အက်ဖ်စီ (သီရိလင်္ကာ)၊ ကမ္ဘောဇ (မြန်မာ)၊ အက်ရှ်ဂါဘက် (တာမစ်နစ္စတန်)၊ ထရန်စပို့ ယူနိုက်တက် (ဘူလ်တန်)
၂၃၊ ၄၊ ၀၈ (ဒေသစံတော်ချိန် ၁၆း၀၀) ကမ္ဘောဇ - အက်ရှ်ဂါဘက်
(ဒေသစံတော်ချိန်၁၀း၃၀) ရက်နက် - ထရန်စပို့ဒ်
၂၅၊ ၄၊ ၀၈ (ဒေသစံတော်ချိန် ၁၆း၀၀) အက်ရှ်ဂါဘက် - ထရန်စပို့ဒ်
(ဒေသစံတော်ချိန် ၁၀းး၃၀) ရက်နန် - ကမ္ဘောဇ
၂၇၊ ၄၊ ၀၈ (ဒေသစံတော်ချိန် ၁၆း၀၀) ကမ္ဘောဇ - ထရန်စပို့ဒ်
(ဒေသစံတော်ချိန် ၁၆း၀၀) ရက်နန် - အက်ရှ်ဂါဘက်
|