DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ယူအီးအက်ဖ်အေဖလားပွဲက ဂျာမန် ၄ သင်း
ကိုစိုးမိုး (IBC) - မတ်လ ၅၊ ၂၀၀၈

ယခုနှစ် ယူအီးအက်ဖ်အေဖလားပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်ကို တက်လာသည့် အသင်းထဲတွင် ဂျာမန်က ကလပ်အသင်း အရေအတွက်မှာ အများဆုံးဖြစ်နေသည်။ ထို့ကြောင့် ဒီနှစ်ပြိုင်ပွဲတွင် မည်သည့်အသင်း ဗိုလ်စွဲနိုင်မည်ကို ယခုအဆင့်တွင် အတိအကျ ခန့်မှန်းရန် ခက်နေသေးသော်လည်း ယခု အဆင့်တွင် ပါဝင်နေသည့် အသင်းအရေအတွက်နှင့် လက်ရှိအသင်းလိုက် ခြေစွမ်းများအပါအ၀င် အောင်မြင်မှု အစဉ်အလာအရ ဂျာမန်ဘွန်ဒက်စ်လီဂါ ၄ သင်းထဲတွင် အနည်းဆုံး ၁ သင်း သို့မဟုတ် ၂ သင်း ဆီမီး အဆင့်သို့ တက်လာနိုင်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။ သို့သော် ယခုနှစ် ယူအီး အက်ဖ်အေပြိုင်ပွဲနှင့် ဂျာမန်ကလပ်အသင်းများ အလားအလာကို တွက်ဆကြည့်ရန် လိုအပ်လာပါသည်။


ယူအီးအက်ဖ်အေ အမှတ်တံဆိပ်

ဥရောပ အစဉ်အလာကြီးသော ဘိုင်ယန်မြူးနစ်

ယခုနှစ်ပြိုင်ပွဲ ရှုံးထွက်အဆင့်တက်လာသည့် ၁၆ သင်းတွင် ဥရောပအောင်မြင်မှု အစဉ်အလာ အကြီးမားဆုံး အ သင်းမှာ ဘိုင်ယန်မြူးနစ်ဖြစ်သည်။ ဥရောပကလပ်အသင်း ပြိုင်ပွဲများတွင် အဆင့်အမြင့်ဆုံးဟု ဆိုနိုင်သည့် ချန်ပီ ယံလိဂ်၌ပင် ၄ ကြိမ် ဗိုလ်စွဲထားသော ဘိုင်ယန်မြူးနစ်မှာ ဒီဘက်နှစ်များတွင် ချန်ပီယံလိဂ်၌သာ ပုံမှန်က စားခွင့် ရခဲ့သည့် အသင်းဖြစ်ပြီး ယခုနှစ်ရာသီမှ ယူအီးအက်ဖ်အေသို့ ဆင်းပြိုင်လာခြင်းဖြစ်သည်။ သို့အတွက် ဥရောပ အဆင့် ပြိုင်ပွဲကြီး အတွေ့အကြုံ အလွန်ရင့်ကျက်သည့် အသင်းဖြစ်သည့်အပြင် လက်ရှိကစားသမား အင်အားအရလည်း အတောင့်တင်းဆုံးဖြစ်၍ ယခု နှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်အစားဆုံး အသင်းထဲတွင် ပါဝင်နေခြင်းဖြစ်သည်။

အထူးပြင်ဆင်ထား

ပြီးခဲ့သည့်ရာသိတွင် ဘွန်ဒက်စ်လီဂါ၌ အောင်မြင်မှုဝေးခဲ့သလို ဥရောပအဆင့်ပြိုင်ပွဲများ၌လည်း စောစီးစွာ ကျော ခိုင်းခဲ့ရ၍ ယခုနှစ်တွင် ကစားသမားသစ်များ ခေါ်ယူနိုင်ရန် ယူရိုသန်း ၇၀ ကျော်ထိ သုံးစွဲထားပြီး မြင့်မား သည့်အောင်မြင်မှုများ ပြန်ရရန်လည်း ပြင်ဆင်ကြိုးစားနေသည့် အသင်းဖြစ်၍ ဘိုင်ယန်အနေဖြင့် ယခုနှစ် ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ရုံမက ကွာတားနှင့် ဆီမီး အဆင့်များသို့ပင် ရောက်ရှိနိုင်ရန် မျှော်လင့်ချက် ထား၍ရနေသည်။

သို့သော် ယခုရှုံးထွက်အဆင့်တွင် သူတို့ကဲ့သို့ပင် ဥရောပပြိုင်ပွဲ အတွေ့အကြုံ ရင့်ကျက်သည့် ဘယ်လ်ဂျီ ယံ နာမည်ကြီးကလပ် အန်ဒါ အက်ခ်ျလိုအသင်းနှင့် လာတွေ့နေသည့်အတွက် ပေါ့ဆ၍ မရပေ။ တစ်ခုရှိသည်က အန်ဒါလက်ခ်ျမှာ ယခင်နှစ်များကဲ့သို့ အကောင်းဆုံး ခြေစွမ်းမျိုးမရှိတော့ဘဲ ကစားသမားအင်အားအရလည်း ဘိုင်ယန် အသင်းထက် တစ်ဆင့်လောက်နိမ့်နေ၍ ဒီတစ်ပတ်တွင် ဘယ်လ်ဂျီယံမြေ၌ ကစားရမည့် ပထမအကျော့ ပွဲစဉ်ကိုသာ ထိန်းကစားနိုင်လျှင် ဘိုင်ယန်အတွက် မျှော်လင့်ချက်ရှိလာနိုင်သည်။ ကလိုဆေး၊ လူကာတိုနီ၊ ပိုဒေါစကီး၊ ရစ်ဘာရီ၊ ရှဝိန်းစတိန်ဂါ၊ ဗန်ဘွန်မဲလ်၊ ဇီရော်ဘတ်တို၊ လူစီယို၊ ဗန်ဘိုင်တန်တို့အုပ်စုသာ ပုံမှန်ခြေစွမ်းပြနိုင်ပါက ယခုရှုံးထွက်အဆင့်မှာ ဘိုင်ယန်အတွက် အခက်အခဲများစွာ မရှိနိုင်ပေ။ ဘိုင်ယန်အသင်းမှာ ယူအီး အက်ဖ် အေဖလားပွဲ၌ ထင်ရှားသည့်အောင်မြင်မှု တစ်ကြိမ်မျှ မရရှိခဲ့သေးခြင်းကလည်း ယခုနှစ်ပြိုင်ပွဲတွင် ပိုအားထည့် ကစား ရန် တွန်းအားတစ်ခု ဖြစ်နိုင်သည်။

မထင်မှတ်တာတွေ လုပ်ပြနိုင်သည့် ၀ါဒါဘရီမင်

ဂျာမန်ထိပ်သီးကလပ်တစ်သင်းဖြစ်သော ၀ါဒါဘရီမင်မှာလည်း ဗိုလ်စွဲရန်ရေပန်းစားနေပြီး အသင်းထဲတွင် ပါဝင် နေသည်။ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် ရီးယဲလ်၊ လာဇီယို၊ အိုလံပီ ယာကော့စ်စသည့် ထိပ်သီး အသင်းများနှင့် တစ်အုပ်စုတည်းကျခဲ့ပြီး အုပ်စု တတိယသာ ရခဲ့၍ ယူအီး အက်ဖ်အေဖလားပြိုင်ပွဲသို့ ဆင်းပြိုင် ခဲ့သည့်အသင်းဖြစ်၍လည်း ၀ါဒါဘရီမင်အသင်းမှာ ယခုနှစ်တွင် ထိပ်တန်းဥရောပအသဆင့်ပြိုင်ဘက်ကြီးများကို ရင်ဆိုင်ခဲ့ဖူးသည့် အတွေ့အကြုံကောင်းများ ရရှိထား ခဲ့၍ ယခုရှုံးထွက်အဆင့်၌ ရိန်ဂျားအသင်းအနေဖြင့် သတိထားမှ တော်ကာ ကျနိုင်သည်။

ဖလားနှစ်လုံး မှန်းထား၍

အထူးသဖြင့် ၀ါဒါဘရီမင်အသင်းမှာ ယခုနှစ်တွင် ပြည်တွင်း ဘွန်ဒက်စ်လီဂါအပါအ၀င် ဥရောပ အဆင့်ပြိုင်ပွဲများထဲ၌ ဖလားနှစ်လုံးခန့်ရရန် ရည်မှန်းကြိုးစားနေသည့် ထိပ်သီးအသင်းဖြစ်၍ ရိန်းဂျား အသင်း အတော်အခက်တွေ့နိုင်သည်။ သို့သော် ရိန်းဂျားအသင်းမှာလည်း ယခုနှစ် ချန်ပီယံလိဂ်မှ ဆင်းပြိုင်လာသည့်အသင်းဖြစ်၍ အတွေ့အကြုံပိုင်းတွင် ၀ါဒါဘရီမင်ထက် မနိမ့်ပေ။ ထို့ကြောင့် ၀ါဒါ ဘရီမင် အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်မှသာ မျှော်လင့်ချက် ကောင်းနိုင်မည်ဖြစ်သည်။ သို့သော် ၀ါဒါဘရီမင်နည်းပြ သောမတ်စ်ရှက်ဖ်သည် နည်းစနစ်ပိုင်းမှာ ကျွမ်းကျင်ပြီး ကစားသမားအများစုမှာ လည်း ခြေစွမ်းနှင့် အတွေ့အကြုံအတော့် မြင့်ကြ၍ ယခုတစ်ပတ် စကော့တလန်မြေတွင် တွေ့ရမည့် ရိန်းဂျားအသင်းနှင့်ပွဲကို အနိမ့်ဆုံးသရေကျအောင် ထိန်းကစားပြီး ဂျာမန်မြေ ဒုတိယအကျော့ ပွဲစဉ်တွင် ပြန်အနိုင်ယူရန် စီမံအကွက်ချ ကစားသွားမည်ဖြစ်သည်။

ခြေမကွာသည့် ပြည်တွင်းပြိုင်ဘက်နှစ်သင်း

တိုက်ဆိုင်စွာပင် ယခုရှုံးထွက်အဆင့်တွင် ဂျာမန်ကလပ် ၂ သင်းဖြစ်သော လီဗာကူဆင်နှင့် ဟမ်းဘာ့ဂ်တို့ လာ တွေ့နေသည်။ လက်ရှိဘွန်ဒက်စ်လီဂါတွင်လည်း ယင်းနှစ်သင်းမှာ ခြေမကွာကြသည့် အပြင် အမှတ်တူသဖြင့် အဆင့် ၃၊ ၄ တွင်ရပ်တည်နေကြ၍ ထိုနှစ်သင်းထိပ်တိုက်တွေ့သည့်ပွဲ မှာလည်း စိတ်ဝင်စားရာကောင်းနေပြီး အကြိတ် အနယ်ရှိနေသည်။

အတွေ့အကြုံပိုင်းတွင် လီဗာကူဆင် သာသော်လည်း

ယင်းနှစ်သင်း၏ ဥရောပပြိုင်ပွဲအတွေ့အကြုံကို ယှဉ်ကြည့်လျှင် လီဗာကူဆင်က အနည်းငယ် သာသော်လည်း နှစ်သင်းစလုံးတစ်ကြိမ်စီသာ ဗိုလ်စွဲထားဖူးသည်။ လက်ရှိ ခြေစွမ်းပိုင်းအရမူ ဟမ်းဘာ့ဂ်က ကစားပုံပိုသွက်သလိုရှိပြီး ယခုနှစ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် နှစ်ကြိမ်စလုံးတွေ့ဆုံခဲ့ ခြင်း ဖြစ်ရာ ဟမ်းဘာ့ဂ်က သူ့ကွင်းတွင် ၁-၀ဖြင့်နိုင်ပြီး လီဗာကူဆင် ကွင်း၌မူ တစ်ဂိုးစီသရေကျခဲ့ သည်။ သို့သော်ကစားသမားများ၏ အတွေ့အကြုံပိုင်းနှင့် နည်းပြ အရည်အသွေးတွင် လီဗာကူဆင်မှာ ဟမ်းဘာ့ဂ်ထက် မနိမ့်ဘဲစိတ်ဓာတ်လည်း ပိုမာကျောသည်။ တစ်ခုရှိသည်က ဟမ်းဘာ့ဂ်တွင် ဗန်ဒါ ဘတ်ကဲ့သို့ ပွဲအဖြေ ရုတ်ချည်းပြောင်းလဲပေးနိုင်သော Fantastic Player မျိုး လီဗာကူဆင်တွင် ရှိမနေဘဲ လက်ရှိအသင်းလိုက်ကစားပုံအရလည်း ဟမ်းဘာ့ဂ်က အနည်းငယ်သာသယောင် ရှိနေသည်။ သို့သော် ပထမအကျော့အား လီဗာကူဆင်ကွင်း၌ စတင်ကစားရမည်ဖြစ်ရာ ဟမ်းဘာ့ဂ်အနေဖြင့် အနိမ့်ဆုံး သရေ ကစား နိုင်မှသာ နောက်တစ်ဆင့်တက်ရန်မျှော်လင့်ချက်ကောင်းနိုင်မည်ဖြစ်သည်။

ဖလားမှန်းထားသည့် အသင်းများ

ယခုနှစ် ရှုံးထွက်အဆင့်ကို တက်လာသော ၁၆ သင်းအနက် အသင်းတစ်ဝက်လောက်မှာ ဒီနှစ် ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အထူးရည်မှန်းကြိုးစားနေသော ထိပ်သီးအသင်းများဖြစ်နေ၍ ဂျာမန်အသင်းများ အနေဖြင့် မည်သည့်ပွဲကိုမျှ အလွယ်တကူကျော်ဖြတ်နိုင်မည်တော့ မဟုတ်ပေ။ ယခင်က ယူအီးအက်ဖ် အေဖလားဗိုလ်လုပွဲအား နှစ်ကျော့စနစ်ဖြင့် ကစားခဲ့စဉ်ကာလတွင် ဂျာမန်အသင်းများမှ အောင်မြင်မှုအစဉ်အလာ အတော်ကြီးမားခဲ့သော်လည်း တစ်ကျော့ တည်းအား ကြားကွင်း၌ကစားရသည့်စနစ် ပြောင်းလဲကျင့်သုံးခဲ့သည့် ကာလတွင်တော့ ပြီးခဲ့သည့် ၂၀၀၁-၀၂ တွင် ဒေါ့တ်မန်အသင်း နောက်ုဆံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီးနောက်ပိုင်း ဂျာမန်အသင်းများမှာ ယူအီးအက်ဖ်အေဖလား ဗိုလ်လုပွဲနှင့် ဝေးခဲ့ရသည်။ ထိုအချက်က ယခုနှစ် ရှုံးထွက်အဆင့်ရောက်လာသော ဂျာမန် ၄ သင်းထဲ မှ တစ်သင်း သင်းမှာ ပရိသတ်မမျှော်လင့်ထားသည့် ခြေစွမ်းနှင့်ရလဒ်မျိုး ထုတ်ပြလာနိုင်သည့် တွန်း အားတစ်ခုဖြစ်လာနိုင်သည်။ လက်ရှိခြေစွမ်းပိုင်းနှင့် ကစားသမားအင်အားကြည့်ရင်လည်း ဂျာမန် အသင်းများမှာ ပြိုင်ဘက်များကို ပြိုင်ပွဲ အဆုံးသတ်ကာလထိ ဒုက္ခပေးလာနိုင်ဖွယ်ရှိနေသည်ဟု ယူဆမိပါသည်။