ဒီည ပြင်သစ်နဲ့ ခြေစမ်းမယ့်ပွဲမှာ အင်္ဂလန်အသင်း ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရတဲ့ အတွက် ဂုဏ်ယူပါကြောင်း မန်ယူအသင်းခေါင်းဆောင် ရီယိုဖာဒီနန်က ပြောပါတယ်။
နည်းပြ ဖာဘီယို ကာပယ်လိုက ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီအထိ ကျင့်သုံးသွားမယ့် အလှည့် ကျ အသင်းခေါင်းဆောင်စနစ်ရဲ့ အစိတ်အပိုင်းအဖြစ် အသက် (၂၉)နှစ်အရွယ် နောက်ခံလူကို တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
“ဒါက ကျနော့်အတွက် ကြီးကျယ်တဲ့ ဂုဏ်ပြုမှု တစ်ခုပါ။ ကလေးဘ၀ကနေ ကြီးပြင်းလာတဲ့ အထိ ကျနော့်တိုင်းပြည်အတွက် ဦးဆောင်ပြီး ကစားပေးချင်တဲ့ ဆန္ဒတွေ ရှိပါတယ်။ အခု ဒီအခွင့်အရေးကို ရတဲ့အတွက် ကျနော့်ရဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားသွားမှာပါ” လို့ ဖာဒီနန်က ပြောပါတယ်။
နည်းပြဟောင်း မက္ကလာရင် လက်ထက်က အသင်းခေါင်းဆောင်ဖြစ်တဲ့ အသက် (၂၇)နှစ် အရွယ် ချဲလ်ဆီးနောက်ခံလူ ဂျွန်တယ်ရီဟာ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်ဖို့ မျှော်မှန်း နေသူ ဖြစ်ပါတယ်။
တယ်ရီနဲ့ သက်တူရွယ်တူဖြစ်တဲ့ စတီဗင် ဂျရတ်ဟာ ကာပယ်လိုရဲ့ ပြီးခဲ့တဲ့လက ဆွစ်ဇာလန်နဲ့ ပွဲဦးထွက် ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ခဲ့ပါတယ်။
ဖာဒီနန်ကို အသင်းခေါင်းဆောင် ခန့်ရတာနဲ့ ပက်သက်လို့ ကာပယ်လိုက “သူနဲ့ ကျနော် (၆) ရက်လောက် အတူရှိနေတဲ့ အချိန်အတွင်းမှာ သူ ကစားနေတာတွေကို စောင့်ကြည့်ခဲ့ ပါတယ်။ ရီယိုက တကယ့် ပရော်ဖက်ရှင် ကစားသမားတစ်ယောက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
“အခု လက်ရှိ ကစားသမားတော်တော်များက အသင်းကို ဘယ်လို ဦးဆောင်မှု ပေးမလဲ ဆို တာကို ကျနော် စောင့်ကြည့်ချင်ပါတယ်။ ခြေစမ်းပွဲတွေအတွင်းမှာ အသင်းခေါင်းဆောင် ရွေးချယ်မှုကို အလှည့်ကျစနစ်အတိုင်း ကျနော် ကျင့်သုံးသွားမှာပါ။ နောက်ထပ် အနည်းဆုံး (၂)ယောက်လောက်ကို ထပ်ပြီး စမ်းသပ်ဦးမှာပါ”
အင်္ဂလန်နည်းပြက အသင်းခေါင်းဆောင်ဟောင်း တယ်ရီကို မရွေးချယ်တဲ့ အပေါ်မှာ အက်ဖ် အေကနေ ဖိအားတွေပေးတာ မရှိကြောင်း ရှင်းပါတယ်။
“ကျနော်က ဘယ်ဖိအားတွေအောက်မှာမှ ရောက်မနေပါဘူး။ နည်းစနစ်ပိုင်းနဲ့ တခြားအားလုံး ကို ကျနော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ချည်းပဲ လုပ်တာပါ။ ကျနော့်မှာ ကိုယ်ပိုင်မျက်လုံးနဲ့ နားလည် နိုင်စွမ်း ရှိပါတယ်”
နည်းပြသစ်က “အရင်တုန်းက ပြောခဲ့သလို အလှည့်ကျ အသင်းခေါင်းဆောင်စနစ်ကို ကျင့်သုံး သွားမှာပါ။ သြ ဂုတ်လကျမှ သတ်သတ်မှတ်မှတ် ရွေးချယ်မှာပါ။ တယ်ရီမှာလည်း အသင်း ခေါင်း ဆောင်ဖြစ်ဖို့ အခွင့်အရေး ရှိနေပါတယ်” လို့ ထပ်ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “အသင်းခေါင်းဆောင်တစ်ယောက်က ကွင်းထဲမှာတင် မဟုတ်ဘဲ ပုဂ္ဂိုလ် ရေး ဘ၀မှာလည်း စံပြုလောက်တဲ့ ကစားသမား ဖြစ်ရပါမယ်။ သူက ကျန်တဲ့ ကစားသမား တွေအတွက် နမူနာ ယူစရာ ဖြစ်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။
|

အင်္ဂလန်အသင်းခေါင်းဆောင်သစ် ဖာဒီနန်
|