မီလန်ကိုသွားပြီး အင်တာမီလန်နဲ့ စာချုပ်ဖို့အတွက် နီးစပ်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း ချဲလ်ဆီးနည်းပြဟောင်း ဂျိုဆေ မော်ရင်ဟိုက ပြီးခဲ့တဲ့စနေနေ့က ပြောပါတယ်။
မော်ရင်ဟိုရဲ့ ကိုယ်ရေးအကြံပေးက ပေါ်တူဂီနည်းပြက အင်တာအသင်းရဲ့ ဒါရိုက်တာနဲ့ တွေ့ ဆုံစကားပြောခဲ့ကြောင်း ထုတ်ဖော်ထားပါတယ်။
မီဒီယာတော်တော်များများကလည်း မော်ရင်ဟိုဟာ အင်တာဥက္ကဌ မော်ရက်တီနဲ့ တွေ့ဆုံခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
“ကျနော် မီလန်ကို သွားခဲ့တယ်ဆိုတာ လုံးဝမမှန်ဘူး ဆိုတာကို ကျနော် ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ နောက်ပြီး ကျနော်နဲ့ ပုဂ္ဂိုလ်ရေးအရ မသိတဲ့ မော်ရက်တီနဲ့လည်း တွေ့ဆုံ ခဲ့တာ မရှိပါဘူး” လို့ ပြောပါတယ်။
အီတလီစီးရီးအေ ချန်ပီယံ အင်တာမီလန်အနေနဲ့ တရားဝင် ထုတ်ပြန်တာ မရှိပေမယ့် ဥက္ကဌ မော်ရက်တီကတော့ ကောလဟာလတွေအဖြစ် ငြင်းဆို သွားပါတယ်။
ပြီးခဲ့တဲ့ အပတ်တွေတုန်းက အင်တာနည်းပြ မန်စီနီက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကနေ အိမ် ပြန်ခဲ့ရလို့ အသင်းကနေ ရာသီကုန်ရင် နူတ်ထွက်တော့မယ်လို့ ပြောဆိုထားပြီးမှ စိတ်ပြောင်းပြီး အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။
အင်တာဟာ လောလောဆယ် စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်မှာ ဦးဆောင်နေပြီး ဒုတိယနေရာ ရိုးမားကို (၄)ဖြတ် ထားပါတယ်။
|