DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
၂၀၀၈ အာရှဖလား ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြသစ်နှင့်တွေ့ဆုံခြင်း
ကိုစိုးမိုး (IBC) - မတ်လ ၁၈၊ ၂၀၀၈

စတင်ဖွဲ့စည်းခဲ့ကတည်းက အောင်မြင်မှု အရိပ်အငွေ့များ သန်းခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် အသင်းသက်တမ်း တဖြည်းဖြည်းရင့်ကျက်လာမှုနှင့်အတူ အောင်မြင်မှု အသီးအပွင့်များလည်း မကြာခဏ ခံစားခွင့်ရလာခဲ့သည်။ ဆယ်စုနှစ် တစ်ခုအကျော်ကာလအတွင်း မြင့်မားသည့် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် အမျိုးသမီးဘောလုံးမယ်များနှင့် နှစ်အလိုက် တာဝန်ယူခဲ့သော မြန်မာနည်းပြ ဆရာများကိုလည်း ချီးကျူး မှတ်တမ်းတင်ရမည် ဖြစ်သည်။


ရန်ကုန်မြို့ရှိ လေ့ကျင့်ရေးကွင်းက မြန်မာအမျိုးသမီးအသင်းသားများ

နှစ်သစ်၌ နည်းပြသစ်နှင့်အတူ

၂၀၀၇ ခုနှစ်ထိ မြန်မာအမျိုးသမီးအသင်းကို နောက်ဆုံးတာဝန်ယူခဲ့သော ဦးအေးကြူကြီးဦး ဆောင်သည့် နည်းပြ အဖွဲ့မှာ ၂၀၀၇ ခုနှစ်အတွင်း၌ အာဆီယံချန်ပီယံဆုဖလားနှင့် ဆီးဂိမ်း တတိယ ကြေးတံဆိပ် ရယူပေးပြီး တာဝန် ကျေခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် နှစ်သစ်တွင် နည်းပြသစ်ဖြင့် အောင်မြင်မှုများထပ်မံရရှိရန် ပြင်ဆင် ကြိုးစားလာပြန်သည်။

၂၀၀၈နှစ်ဦးပိုင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့်သူမှာ အခြားသူမဟုတ်ဘဲ မြန်မာပြည် ချန်ပီယံကလပ် ဘဏ္ဍာအခွန်အသင်း၏နည်းပြလည်းဖြစ်ခဲ့ပြီး မြန်မာ ယူ-၂၃ လက်ရွေးစင်အမျိုးသားအသင်း အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရအောင် ပဲ့ကိုင်လမ်းညွှန်ပေးနိုင်ခဲ့သည့် ငွေခေတ် လက်ရွေးစင်ဟောင်း ဦးတင်မြင့်အောင်ပင်ဖြစ်သည်။ ယခုနှစ်မှစ၍ အမျိုးသမီးအသင်းအား ကိုင်တွယ်ဖူးသော ဦးတင်မြင့်အောင်အနေဖြင့် သူ့လက်ထက်တွင် စုပေါင်းလေ့ကျင့်ချိန် အနည်းငယ်သာ ရသေးချိန်၌ပင် နိုင်ငံတကာပြိုင်ပွဲကြီး တစ်ခုတွင် ရင်ဆိုင်ယှဉ်ပြိုင်ရဖို့ ရှိလာခဲ့သည်။ ထိုအချက်က ဦးတင်မြင့်အောင် ခေါင်းဆောင်သော မြန်မာအမျိုးသမီးအသင်း နည်းပြအဖွဲ့သစ်အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

နည်းပြသစ်နှင့် မြန်မာအမျိုးသမီးအသင်းအား ဆီးကြိုနေသော နိုင်ငံတကာပြိုင်ပွဲမှာ ၂၀၀၈ အာရှဖလား အမျိုး သမီးဘောလုံးပြိုင်ပွဲအတွက် ဒုတိယအဆင့်ခြေစစ်ပွဲပင်ဖြစ်သည်။ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲကို အုပ်စု နှစ်စုခွဲထားရာ မြန်မာအသင်းမှာ အိမ်ရှင် ဗီယယ်နမ်နှင့်အတူ တရုတ်တိုင်ပေ၊ အီရန်အမျိုးသမီးအသင်းများနှင့် အုပ်စု(က)တွင် အတူ ကျနေသည်။ အုပ်စု(ခ) တွင်တော့ ခြေစစ်ပွဲပူးတွဲအိမ်ရှင်ဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား အသင်းများ ပါဝင်နေသည်။ လက်ရှိ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း သားအများစုမှာ အာဆီယံ ချန်ပီယံဖြစ်ခဲ့သည့် အတွေ့အကြုံရှိကစားသမားများပင်ဖြစ်၍ နည်းပြသစ်အနေဖြင့် မြန်မာအသင်းအား အာရှဖလားဒုတိယအဆင့်ခြေစစ်ပွဲတွင် အောင်မြင်မှုရအောင် မည်သို့ ကိုင်တွယ်မောင်းနှင် သွား မည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းနေသည်။ ထို့ကြောင့် အာရှဖလားခြေစစ်ပွဲ အတွက် မြန်မာ အမျိုးသမီးအသင်းအား စနစ်တကျ လေ့ကျင့်ပေးနေသည့် နည်းပြချုပ် ဦးတင်မြင့်အောင်နှင့် မြန်မာအသင်းသားများ၏ စိတ်ဓာတ်နှင့်ခံယူချက်၊ ကြိုတင်လေ့ကျင့်ပြင်ဆင်မှု၊ ပြိုင်ပွဲနှင့် ပတ်သက်သည့် ရည်မှန်းချက်များကို အချိန်ယူ လေ့လာမေးမြန်းကာ မြန်မာဘောလုံးပရိသတ် အတွက် ပြန်လည် တင်ပြပေးလိုက်ပါသည်။

ယုံကြည်မှုအပြည့်ဖြင့် ကြိုးစားသွားမည့်နည်းပြ

ကိုစိုးမိုး။ ။ ကိုတင် (ဦးတင်မြင့်အောင်)အနေနဲ့ အခုမှ အမျိုးသမီးအသင်းကို စကိုင်ဖူးတော့ အမျိုးသား အသင်းကို ကိုင်တွယ်ရတာနဲ့ တော်တော် ကွာခြားမှာပေါ့။

ဦးတင်မြင့်အောင်။ ။ ဟုတ်ပါတယ်၊ အမျိုးသားနဲ့ အမျိုးသမီးအသင်းဟာ ကွာတဲ့အပိုင်းတွေ တော်တော် ရှိပါတယ်၊ ဘောလုံးအထိန်းအသိမ်း၊ ပါဝါ၊ ကြံ့ခိုင်မှု၊ ခံနိုင်ရည်နဲ့ မာကျောမှုတွေအပြင် ဘောလုံးပညာနဲ့ ဘောလုံး အမြင်ပါ အမျိုးသားတွေလောက် မရှိနိုင်ပါဘူး၊ ဒါကြောင့် အမျိုးသားအသင်းကို မောင်းသလိုမျိုး အမျိုးသမီးအသင်းကို မောင်းလို့မရပါဘူး၊ ဒါပေမယ့် အမျိုးသမီးအသင်းဟာ အမျိုးသားတွေထက် အနိုင်ရချင်တဲ့ စိတ်ဓာတ်တော့ ပိုပြင်း ထန်ပါတယ်၊ ဒီအချက်ကလေးကို အရင်းတည်ပြီး ကျွန်တော့်အသင်းကို သင့်တော်တဲ့နည်းဗျူဟာ ကစားကွက်ပုံစံနဲ့ အကောင်းဆုံးပုံစံရအောင် ကိုင်တွယ်သွားမှာပါ။

ကိုစိုးမိုး။ ။ လက်ရှိ ကစားသမားအများစုဟာ အရင်နည်းပြတွေနဲ့ အကြာကြီးတွဲလာခဲ့သူတွေဆိုတော့ အခုမှ အမျိုးသမီးအသင်းကို စတာဝန်ယူရတဲ့ ကိုတင်အတွက် ဘာအခက်အခဲ ရှိသေးလဲ။

ဦးတင်မြင့်အောင်။ ။ မရှိပါဘူး၊ အဓိကက မိန်းကလေးကစားသမားတွေရဲ့ အနေအထားနဲ့ သူတို့ရဲ့ စိတ် ဓာတ်ကိုသိအောင် လေ့လာပြီး ဘယ်အတိုင်းအတာထိ လေ့ကျင့်လို့ ရမလဲဆိုတာ ကျွန်တော်တို့နည်းပြအဖွဲ့ သေ ချာ တိုင်ပင်ပြီး ကိုင်တွယ်နေတာပါ၊ ကစားသမားတွေအားလုံးကို ကျွန်တော်ယုံသလို ကျွန်တော့်ကိုလည်း သူတို့ ယုံကြည်မယ်လို့ ယုံပါတယ်၊ အသင်းတစ်သင်းမှာ နည်းပြနဲ့ ကစားသမားကြားမှာ အပြန်အလှန် ယုံကြည်မှုက အရေး ကြီးဆုံးပဲ၊ ဒီလိုဖြစ်သွားရင် တခြားဟာက သိပ်မခက် တော့ပါဘူး။

ကိုစိုးမိုး။ ။ ပြီးခဲ့တဲ့တစ်ပတ်က လက်ရွေးစင် ၂၃ ယောက်ဖြတ်လိုက်ပြီလို့သိရတယ်။ သူတို့ အားလုံးကို ခေါ်သွားမှာလား။

ဦးတင်မြင့်အောင်။ ။ ဟုတ်ကဲ့၊ ဒီပြိုင်ပွဲရဲ့သဘောအရလည်း ကစား သမား ၂၃ ယောက်နဲ့ အသင်း တာဝန်ရှိသူ ၇ ဦးခေါ် ခွင့်ရှိတော့ ဖြစ်နိုင်ရင်အကုန် ခေါ်သွားမှာပါ။

ကိုစိုးမိုး။ ။ ကွင်းလယ်မှာအားထားရတဲ့ သန်းသန်းထွေး အပါအ၀င် ကစားသမားအချို့ ဒဏ်ရာ နည်းနည်းရှိနေ တော့ အပြီးသတ်ကစားကွက် ပုံဖော်လေ့ကျင့်လို့ မရသေးဘူးထင်တယ်။ သူတို့အုပ်စု အချိန်မီ Fit မဖြစ်ရင် Line-up, Formation နဲ့ ကစား ကွက်ဗျူဟာကို ထိခိုက်နိုင်မလား။
ဦးတင်မြင့်အောင်။ ။ ဟုတ်ပါတယ်၊ ၀န်ကြီးဌာနပေါင်းစုံ အမျိုးသမီးအလွတ်တန်း ဘောလုံးပြိုင်ပွဲ အပြီးမှာ ကျွန်တော်တို့ လက်ရွေးစင် ကစားသမား ၃၊ ၄ ဦးလောက် ဒဏ်ရာကိုယ်စီရခဲ့ကြတယ်၊ ကျွန်တော် အသင်းကို စကိုင်ခဲ့တာ နှစ်လနီးပါး လောက်ရှိနေပေမယ့် လူစုံစုပေါင်း လေ့ကျင့်ရတဲ့အချိန်ကတော့ တစ်လ တောင်မပြည့်သေးဘူး၊ ဒီကြားထဲမှာ သန်းသန်းထွေးနဲ့ ကစားသမား တချို့က ဒဏ်ရာတွေရှိနေတော့ နည်းနည်းတော့ အခက်တွေ့ပါတယ်၊ ဒါပေမယ့် တံတောင်ဆစ်အရိုးပဲ့သွားတဲ့ သန်းသန်းထွေးရဲ့ ဒဏ်ရာဟာ ဆရာဝန်မှတ်ချက်အရ ပွဲမှာ ပတ်တီးစီးပြီး ကစားလို့ရမယ့်အနေ အထားရှိပါတယ်၊ ကျွန်တော့်လက်ထက်မှာ ကစားသမားအများစုဟာ အာဆီယံချန်ပီယံအသင်းသားအများစုပဲ ဖြစ်ပေမယ့် လူငယ်ခြေတက်တချို့ကိုလည်း ရွေးထားလို့ကစားကွက်၊ ကစားဟန်ကတော့ နည်းနည်း လေးအပြောင်းအလဲရှိနိုင်ပါတယ်၊ အခု ကျွန်တော်အသင်းကို ၄-၅-၁၊ ၄-၁-၃-၂၊ ၄-၂-၃-၁ စတဲ့ ပုံစံ အမျိုးမျိုးကစားနိုင်အောင် အတတ်နိုင်ဆုံးလေ့ကျင့်ပေးနေပါတယ်၊ ပြိုင်ဘက်နဲ့ ပွဲအနေအထား ပေါ်မူ တည်ပြီး ပြောင်း ကစားသွားမှာပါ။

ကိုစိုးမိုး။ ။ ဒီပြိုင်ပွဲအတွက် ဗီယက်နမ်ဟာ တရုတ်မှာ ၁၀ ရက်သွားလေ့ကျင့်ပြီး တရုတ် လက်ရွေးစင် အသင်းကြီးနဲ့ ခြေစမ်းကစားထားသလို တခြားအသင်းတွေကလည်း ကြိုတင်ပြင်ဆင်မှု ကောင်းကောင်း လုပ်ထား တဲ့အချိန်မှာ မြန်မာအသင်းက ယူ-၁၄ အမျိုးသား အသင်းလေးတွေနဲ့ပဲ ခြေစမ်းကစား နေရတော့ ပြင်ဆင်မှု အပိုင်း အား မနည်းဘူးလား။

ဦးတင်မြင့်အောင်။ ။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ အခြေအနေအရ ပြည်တွင်းမှာဘဲ ယူ-၁၄ လူ ငယ်အသင်းလေး တွေနဲ့ ခြေစမ် ကစားနေရပေမယ့် ဒါ ဟာ အမျိုးသမီးအသင်းရဲ့ ပါဝါ၊ ခံနိုင်ရည်၊ ခြေစွမ်းနဲ့ ဆိုရင် အကျိုးသက်ရောက်မှုအတော်ရှိပါတယ်၊ တချို့ပွဲတွေမှာဆိုရင် ကွင်းထဲမှာကျွန်တော် ကိုယ်တိုင်ဝင်က စားပြီး ဘယ်နေရာမှာ၊ ဘယ်အချိန်မှာ၊ ဘယ်လိုကစားရမလဲဆိုတာကိုပါ အသေးစိတ် သေချာသင် ပေး နေပါတယ်၊ ကလေးတွေလည်း အပြည့်မဟုတ်တောင် တော်တော်လေးတော့ လိုက်နိုင်အောင် ကြိုးစားကြပါတယ်။

ကိုစိုးမိုး။ ။ အခုတွေ့ရမယ့် ၃ သင်းမှာ အီရန်ကလွဲရင် တိုင်ပေနဲ့ ဗီယက်နမ်တို့ဟာ ခက်ခဲတဲ့ပြိုင် ဘက်တွေဆိုတော့ ဒီအသင်းတွေအကြောင်းကိုရော ကြိုတင်လေ့လာထားပြီးပြီလား၊ ဘယ်လောက်ရော မျော်မှန်း ထားသလဲ။

ဦးတင်မြင့်အောင်။ ။ ဗီယက်နမ်အသင်းဟာ မြန်မာအသင်းနဲ့ မကြာခဏကစားဖူးတဲ့ ဒေသတွင်းပြိုင် ဘက်ဖြစ်လို့ သူတို့အသင်းအကြောင်းကို အတော်လေးသိပြီးပါပြီ၊ တိုင်ပေနဲ့ အီရန် အကြောင်းကိုတော့ သေချာမသိပါဘူး၊ တိုင်ပေဆိုရင် တော်တော်ကောင်းပြီး ကျွန်တော်တို့အသင်းထက်လည်း ကမ္ဘာ့အဆင့်၊ အာရှ အဆင့် ပိုမြင့်လို့ ခက်ခက်ခဲခဲ ကစားရမှာပါ၊ အီရန်ကိုလည်း လျော့တွက်လို့မရဘဲ သတိထားပြီး ကစားရမှာပါ၊ ကျွန်တော့် အမြင်တော့ ဘယ်ပွဲမှမချောင်ပါဘူး၊ ဒါကြောင့် အကောင်းဆုံးကစားနိုင်ပြီး ရလဒ်ကောင်းထွက်ဖို့ ကျွန်တော်တို့ တတ်စွမ်းသမျှ အစွမ်းကုန်ကြိုးစား သွားမှာပါ။

မြန်မာ့လက်ရွးစင် အမျိုးသမီးအသင်းနည်းပြချုပ် - ဦးတင်မြင့်အောင်
လက်ထောက်နည်းပြ - ဦးစိုးမိုး၊ ဦးမျိုးချစ် (ဂိုး)

ကစားသမားများ -

(ဂိုး) - မေခင်ယမင်း၊ သင်းသင်းစိုး၊ ဖြဖူးငုံ
(နောက်) - စန်းစန်းမော်၊ မိုးမိုးဝါ၊ စုစုဝေ၊ မြင့်မြင့်အေး၊ သီတာဦး၊ နေဇာလင်းလင်းအောင်၊ မေသူဝင်း
(လယ်) - အေးနန္နာလှိုင်၊ သန်းသန်းထွေး၊ စန်းယုနိုင်၊ ခင်မိုးဝေ၊ စန်းစန်းသိန်း၊ သိရီမြတ်၊ နီလာမြင့်၊ နန်းကြေးမုံ
(ရှေ့) - မိုင်နီလာထွေး၊ ခင်မာလာထွန်း၊ မာဂရက်မေရီ၊ မူမူလွင်၊ နန်းခမ်းမို