DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
သတိထားနိုင်ရင် ဒီအဆင့်တွေဟာ စပိန်အသင်းတွေအတွက် သိပ်မခက်နိုင်ပါ
ကိုစိုးမိုး (IBC)- ဖေဖေါ်ဝါရီ ၁၃၊ ၂၀၀၈

အခုတစ်ပတ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ကစားမယ့် ယူအီးအက်ဖ်အေဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှာ ဂျာမန်ဘွန်ဒက်စ်လီဂါက အများဆုံး ၄ သင်းပါဝင်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါနဲ့ ပြင်သစ် ပထမတန်းတွေက ၃ သင်းစီပါဝင်နေတာတွေ့ရပါတယ်။

ယူအီးအက်ဖ်အေရဲ့ သတ်မှတ်ချက်အရ ဒီအဆင့်မှာ ချန်ပီယံလိဂ်အုပ်စုအဆင့်က တတိယရပြီး ဆင်းကစားတဲ့ အသင်းတွေနဲ့ ယူအီးအက်ဖ်အေဖလား အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့တဲ့ စုစုပေါင်း ၃၂ သင်းကို မဲနှိုက် တွဲပေးပြီး ပွဲစဉ် ၁၆ ပွဲကို သူ့မြေကိုယ့်မြေ နှစ်ကျော့စနစ် ကစားရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ယူအီးအက်ဖ်အေဖလား ပြိုင်ပွဲမှာ စပိန်အသင်းတွေ အများစုပဲ ကြီးစိုးခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက်မှာ စပိန်အသင်းပဲ ချန်ပီယံဖြစ်ခဲ့ပြီး အဲဒီချန်ပီယံအသင်းဟာလည်း ဆီဗီးလားအသင်းပဲ ဖြစ်နေတာ ထူးထူးခြားခြား တွေ့ရပါတယ်။ မနှစ်က ယူအီးအက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာဆိုရင် စပိန်နှစ်သင်းဖြစ်တဲ့ ဆီဗီးလားနဲ့ အက်စ်ပန်ညော်တို့ ထိပ်တိုက်တွေ့ခဲ့တာ ဖြစ်ပါ့တယ်။ ဒါကြောင့် ဒီနှစ်ပြိုင်ပွဲမှာလည်း စပိန်အသင်းတွေပဲ လွှမ်းမိုးပြီး အောင်မြင်မှုရဦးမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါမယ်။


စပိန်လာလီဂါ အမှတ်တံဆိပ်

ဒီနှစ် ရှုံးထွက်အဆင့်ကိုတက်လာတဲ့ စပိန်အသင်းတွေကို လေ့လာကြည့်ရင်လည်း အစဉ်အလာရော ခြေစွမ်း ပါမနိမ့်တဲ့ အက်သလက်တီကို၊ ဗီလာရီးယဲလ်နဲ့ ဂီတာဖေးတို့ ဖြစ်နေတာ တွေ့ရပါ တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီ ၃ သင်းစလုံး ဒီအဆင့်မှာ ဒီတစ်ပတ်ကစားရမယ့် ပထမအကျော့ပွဲစဉ်ကို အဝေးကွင်းမှာ ကစားရမယ့်အချက်ပဲ။ ဒါပေမယ့် ဥရောပကလပ်ပြိုင်ပွဲတွေမှာ အသင်းအများစုဟာ အခုလို Play-off စနစ်နဲ့ ကစားရတဲ့ ရှုံးထွက် အဆင့် ပွဲစဉ်တွေမှာ ပထမအကျော့ပွဲကို အဝေးကွင်းမှာ အရင်ကစားရတဲ့ အသင်းက အားသာချက် ပိုရှိစေတယ်လို့ ယူဆလေ့ရှိတာကြောင့် ဒီအနေအထား ကိုကြည့်ရင် စပိန် ၃ သင်းစလုံးအတွက် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့် ချက် ပိုရှိနိုင်တယ်လို့ ဆိုရမလို ဖြစ်နေတယ်။

ဒါကြောင့် ဒီနှစ်ပြိုင်ပွဲမှာ စပိန် ၃ သင်းရဲ့ အနေအထား ဘယ်လိုရှိနိုင်သလဲဆိုတာ တစ်သင်းသင်းရဲ့ အခြေအနေကို လေ့လာ သုံးသပ်ကြည့်ချင်တယ်။

အများကြီး ဖြည့်ထားတဲ့ အက်သလက်တီကို

အက်သလက်တီကိုအသင်းဟာ ဒီနှစ်ရာသီမစခင်မှာ ပြင်ဆင်အားဖြည့်မှုတွေ အများကြီးလုပ်ထားတဲ့ အသင်း ဖြစ်တယ်။ အဓိကအားထားရတဲ့ အသင်းခေါင်းဆောင် တောရက်စ်ကို လီဗာပူးကို ရောင်းထုတ်လိုက်ပေမယ့် ဖော်လန်၊ ရေးယက်စ်တို့ အုပ်စုအပါအ၀င် ထိပ်တန် ကစားသမားသစ် ၉ ဦးအထိ ခေါ်ယူ အားဖြည့်ထားခဲ့လို့ အသင်း အနေအထားဟာ မနှစ်ကထက် ပိုတောင့်တင်းတယ်လို့တောင် ပြောလို့ရတယ်။

နည်းပြ ဂျာဘီးယားအဂွီရီးကလည်း သူ့အသင်းကို ၄-၄-၂ နဲ့ ၄-၃-၂-၁ ပုံစံကို ပွဲအခြေအနေအပေါ် ကြည့်ပြီး ခြေစွမ်းနဲ့ ကစားဟန်က ခန့်မှန်းရခက်ပြီး ပြိုင်ဘက်တွေကို ဒုက္ခပေးလေ့ရှိတာ တွေ့ရတယ်။ အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ ရာသီလာလီဂါမှာ အဆင့် ၇ ချိတ်ခဲ့ပြီး ယူအီးအက်ဖ်အေဖလားပွဲ ၀င်ခွင့်ရခဲ့တဲ့ အသင်းဖြစ်ကာ အုပ်စုအဆင့်မှာ ပါနာသီနိုင်းကို့စ်၊ အဘာဒင်း၊ ကိုပေဟေဂင်၊ လိုကိုမိုးတစ်မော်စကိုစတဲ့ အသင်းကောင်းတွေပါတဲ့ အုပ်စု B မှာ ရှုံးပွဲမရှိအုပ်စုဗိုလ်စွဲခဲ့ပြီး ဒီအဆင့် တက်ခဲ့တာဖြစ်တယ်။

လက်ရှိလာလီဂါမှာလည်း ပွဲစဉ် ၂၃ ပြီးချိန်အထိ ထိပ်ပိုင်း ၄ သင်းစာရင်းဝင်နေပြီး နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလားအလာ ကောင်းနေသလို ဒီနှစ်ယူအီးအက်ဖ်အေ ဖလားပွဲမှာလည်း အောင်မြင်မှုရအောင် သေချာ အကွက်ချ ကြိုးစားနေတာကြောင့် ၃၂ သင်း ရှုံးထွက်အဆင့် မဲခွဲပြီး ချိန်မှာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေးပန်းစားတဲ့ ၃ သင်းထဲ ပါနေတာ တွေ့ရတယ်။

ပေါ့ဆလို့တော့ မရ

ဒါပေမယ့် အက်သလက်တီကိုဟာ ဒီရှုံးထွက်အဆင့်မှာ ပရီးမီးယားလိဂ်ကလပ် ဘော်လ် တန်နဲ့ လာတွေ့နေလို့ ခက်ခက်ခဲခဲ ကစားရဖွယ်ရှိတယ်။ ဘော်လ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ကာလာ သိပ်မကောင်းပေမယ့် အခုနောက်ပိုင်းမှ အသင်းလိုက်ကစားပုံ တက်လာပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 26 မှာလည်း ပို့စ်မောက် အသင်းကို အိမ်ကွင်းမှာရှုံးခဲ့တော့ အခု အက်သလက်တီကိုနဲ့ ယူအီးအက်ဖ်အေပွဲကို ရလဒ်ကောင်းအောင် ပိုအားထည့် ကစားလာမှာ သေချာတယ်။ နောက်တစ်ချက်က ဘော်လ်တန်ဟာ ဒီနှစ်ဥရောပဖလားကို ပစ်မှတ်ထားပြီး ပရီးမီးယားလိဂ်မှာ ကစားတဲ့ပုံစံနဲ့မတူတဲ့ ကစားဟန်မျိုး ခြေစွမ်းမျိုးနဲ့ သေချာပြင်ဆင်နေတာ တွေ့ရတယ်။

ဒါပေမယ့် ဘော်လ်တန်မှာ အားထားရတဲ့ တိုက်စစ်မှူး အနယ်လ်ကာ မရှိတော့လို့ အာဖရိက ကစားသမားတ ချို့ကလည်း ပွဲပန်းနေနိုင်လို့ အက်သလက်တီကိုသာ သေချာအကွက်ချ ကစားနိုင်ရင် ရလဒ်ကောင်းဖို့ မျှော်လင့်ချက် ရှိနိုင်တယ်။ နည်းပြ အဂွီရီအနေနဲ့ ဒီပွဲမှာ ဖော်လန်၊ အဂွီရို၊ ရေးယက်စ်တို့အုပ်စုကို အကောင်းဆုံးပုံစံရအောင် ပွဲထုတ်ကစားနိုင်ခဲ့ရင် အဝေးကွင်းမှာ အမှတ်ရဖို့ အခြေအနေ ကောင်းနိုင်ပါတယ်။ ဒီပွဲမှာ အနိမ့်ဆုံး သရေ လောက် ရခဲ့ရင် အဝေးကွင်းကစားပုံညံ့တဲ့ ဘော်လ်တန်ကို စပိန်မြေမှာ အနိုင်ယူဖို့ သိပ်မခက်လောက်တော့ဘူး။

မထင်မှတ်ဘဲ အခက်တွေ့နိုင်တဲ့ ဗီလာရီးယဲလ်

ဒီဘက်နှစ်ပိုင်းမှာ ဗီလာရီးယဲလ်ဟာ ဥရောပပွဲတွေနဲ့ မစိမ်းခဲ့သလို ဒီနှစ်အုပ်စုအဆင့်မှာလည်း ရှုံးပွဲမရှိအုပ်စုဗိုလ်စွဲပြီး တက်လာတဲ့အသင်းဖြစ်လို့ ဗိုလ်စွဲဖို့ရေပန်းစားတဲ့စာရင်းထဲမှာ ပါနေတာ ဆန်း တယ်လို့မဆိုနိုင်ဘူး။ အုပ်စုအဆင့်မှာ ဗီလာရီးယဲလ်ဟာ ဖီအိုရင်တီးနား၊ အေအီကေ၊ ဘိုလီဆလပ်၊ အဲလ်ဘာ့ဂ်စတဲ့ အသင်းတွေကိုကျော်ဖြတ်ပြီး အုပ်စုဗိုလ်ရခဲ့တဲ့အသင်းဖြစ်တဲ့အပြင် နည်းပြ ဟယ်ရီဂရီနီကလည်း နည်းစနစ်ပိုင်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်လို့ ဗီလာရီးယဲလ်ကို ပြိုင်ဘက်တွေက သတိထားမှာလည်း သေချာတယ်။

ထိပ်တန်းကစားသမားတွေနဲ့ အတွေ့အကြုံရင့်ကျက်တဲ့ နည်းပြရှိနေတဲ့ ဗီလာရီးယဲလ်ဟာ လတ်တလောမှာလည်း ခြေမှန်နေပြီး လက်ရှိလာလီဂါမှာ အဆင့် ၃ ရှိနေလို့ ဒီနှစ် ယူအီးအက်ဖ်အေဖလားရှုံးထွက်အဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထင်စရာတော့ရှီတယ်။ ဒါပေမယ့် ဒီအဆင့်မှာ သူတို့တွေ့ရမယ့် ဇင်းနစ်အသင်းဟာ ရုရှားကလပ်ဖြစ်လို့ ခပ်မာမာ ခပ်ကြမ်းကြမ်း ကစားတတ်တဲ့အပြင် အမြင့်ဘောတွေ များများသုံးပြီး set-pieces ကနေ ဂိုးသွင်းတတ်တော့ တောင်အမေရိကသားနဲ့ စပိန်ကစားသမားတွေပါတဲ့ ဗီလာရီးယဲလ်အသင်းအနေနဲ့ အခက် တွေ့နိုင်ဖွယ် ရှိတယ်။

ဒါ့အပြင် အလွန်အေးခဲတဲ့ ရုရှားမြေမှာဖြစ်လို့ ဒီနှစ်ကစားရမယ့် ပထမအကျော့ပွဲစဉ်ဟာ ဗီလာရီးယဲလ်အတွက် မမျှော်လင့်ဘဲ အတော်ခက်ခဲနိုင်တဲ့ပွဲဖြစ်လို့ နည်းပြ ပယ်ရီဂရီနီအနေနဲ့ မှန်ကန်တဲ့နည်းဗျူဟာမျိုးနဲ့ကစားနိုင်မှာသာ မျှော်လင့်ချက်ရှိနိုင်တယ်။ ဒါပေမယ့် ဗီလာရီးယဲလ်အနေနဲ့ ဒီတစ်ပတ်လာလီဂါမှာလည်း မာဆီယာအသင်းကို အဝေးကွင်းမှာနိုင်ခဲ့ပြီး အခြေအနေကောင်းနေလို့ ပယ်ရီဂရီနီတို့အုပ်စု အာရုံမများပဲ ဒီပွဲကို သေချာပြင်ဆင်ကစားနိုင် ရင်တော့ ဇင်းနစ်အတွက်လည်း အခက်တွေ့နိုင်တယ်။

သတိထားရမယ့် လော့ဒရပ်နဲ့ ဂီတာဖေး

အက်သလက်တီကိုနဲ့ ဗီလာရီးယဲလ်လိုပဲ အုပ်စုအဆင့်မှာ ဗိုလ်စွဲပြီး ဒီအဆင့်ရောက်လာတဲ့ ဂီ တာ ဖေးကိုလည်း လျှော့တွက်လို့တော့ မရဘူး။ အထူးသဖြင့် ဂီတာဖေးဟာ အုပ်စုအဆင့်မှာ တော့ တင်ဟမ်၊ အန်ဒါလက်ခ်ျတို့လို အသင်းတွေကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်ရခဲ့တဲ့အသင်းဖြစ်လို့ စောင့်ကြည့်ရမယ့် အသင်းကောင်း တစ်သင်းဖြစ်တယ်။ ဒီရာသီမှာ နည်းပြဘန့်ရှးစတား ရီးယဲလ်ကို ပြောင်းသွားပေမယ့် သူ့နေရာမှာ အစားဝင်တဲ့ ဒိန်းမတ် ဂန္ထ၀င်ကစားသမား မိုက်ကယ်လော့ဒရပ်ဟာ သူ့အသင်းကို တဖြည်းဖြည်း ပုံစံမှန်အောင် ပြန်တည် ဆောက်နေတာ တွေ့ရတယ်။

ဒီတစ်ပတ်လာလီဂါပွဲမှာ ဒီပို့တီဗိုအသင်းကို အဝေးကွင်းမှာ တစ်ဂိုးစီသရေကစားနိုင်ခဲ့တဲ့ ခြေစွမ်းအရ ဒီအဆင့်မှာ သူတို့နဲ့တွေ့ရမယ့် အေအီးကေအသင်းအနေနဲ့ အတော်သတိထားကစား ရဖွယ်ရှိတယ်။ အေအီးကေအသင်းဟာ ခြေစွမ်းပိုင်းနဲ့ အတွေ့အကြုံပိုင်းမနိမ့်ပေမယ့် အုပ်စုအဆင့်မှာ ဗီလာရီးယဲလ်၊ ဖီအိုရင်တီနားတို့လို အသင်းတွေ အောက် အကောင်းဆုံး တတိယအဆင့် အဖြစ်နဲ့သာ ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်းဖြစ်လို့ တကယ့် ခြေမှန်အရဆိုရင်တော့ ဂီတာဖေးက နည်းနည်း သာပါတယ်။

ဒါပေမယ့် သူတို့ရဲ့ဂရိမြေမှာဆိုရင် အေအီးကေရဲ့ကစားပုံဟာ ပိုမာ ကျောပြီး ပရိသတ်တွန်းအားလည်း ပိုရှိနေလို့ လော့ဒရပ်တို့အုပ်စု ပေါ့ဆလို့တော့ မရနိုင်ပါဘူး။ တစ်ခု ရှိတာက ဂီတာဖေးဟာ လာလီဂါမှာ အလားအလာ သိပ်မကောင်းလို့ ယူအီးအက်ဖ်အေဖလားပွဲကို ပို အားထည့်ပြီး ကစားလာနိုင်တဲ့ အချက်ပဲ။ အထူးသဖြင့် အုပ်စု အဆင့်မှာ တော့တင်ဟမ်လို အသင်းမျိုးကိုတောင် အနိုင်ရအောင် ကစားနိုင်တဲ့ ခြေစွမ်းမျိုး ပြန်ရခဲ့ရင် အေအီ ကေအသင်းအတွက်လည်း အခက်အခဲတွေအများကြီး ကြုံတွေ့ရ နိုင်ပါတယ်။

အနိမ့်ဆုံး နှစ်သင်း တက်လာမယ်

လက်ရှိ ယူအီးအက်ဖ်အေ ရှုံးထွက်အဆင့်ကိုတက်ရောက်လာတဲ့ စပိန် ၃ သင်းစလုံးဟာ တစ်မျိုးစီ အားသာချက် တွေရှိနေသလို သူတို့နဲ့တွေ့ရမယ့် အသင်းတွေရဲ့ အနေအထားကလည်း အလွန်တောင့်တင်းတဲ့ အခြေအ နေရှိတဲ့အပြင် ပွဲစဉ်လမ်းကြောင်းအရလည်း အဝေးကွင်းမှာ အရင်ကစားရမှာဖြစ် လို့ ပုံမှန်ခြေစွမ်းမျိုးသာရခဲ့ရင် စပိန် ၃ သင်းစလုံး မျှော်လင့်ချက် ရှိနိုင်ပါတယ်။ ခြုံငုံသုံးသပ်ရရင်တော့ လက်ရှိအခြေအနေ အရပ်ရပ်နဲ့ ဒီနှစ် ဘက်ပြိုင်ပွဲတွေမှာ စပိန်အသင်းတွေပဲ အောင်မြင်မှုပိုရခဲ့တဲ့အစဉ်အလာအရတော့ စပိန် ၃ သင်းထဲက အနိမ့်ဆုံး နှစ်သင်းလောက်တော့ နောက်တစ်ဆင့်ကို တက်လာလိမ့်မယ်လို့ ခန့်မှန်းချင်ပါတယ်။