အင်္ဂလန်အနေနဲ့ ပထမ ခြေစမ်းပွဲတုန်းက ကြိုးစားပုံမျိုးနဲ့ဆို နောက်ထပ် (၂၀)ရာခိုင်နှုန်း လောက်အထိ တိုးတက်လာနိုင်တယ်လို့ နည်းပြ ဖာဘီယိုကာပယ်လိုက ယုံကြည်နေပါတယ်။
အီတလီသားနည်းပြက ဆွစ်ဇာလန်ကို (၂ - ၁)နဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ကစားသွားတဲ့ အင်္ဂလန်ကစားသမားတွေရဲ့ စိတ်ဓါတ်အပေါ်မှာ ကျေနပ် နေပါတယ်။
ကာပယ်လိုက “အင်္ဂလိပ်ကစားသမားတွေက နည်းစနစ်ပိုင်းမှာ တော်ပါတယ်။ နည်းစနစ် ကျကျ ဘယ်လို ရွေ့လျားရမယ် ဆိုတာကို သူတို သိပါတယ်။ နည်းပြတိုင်းမှာလည်း သူတို့မှာ ကိုယ်ပိုင် အယူအဆနဲ့ အမူအကျင့်တွေ ရှိပါတယ်” လို့ ပြောပါတယ်။
“အင်္ဂလိပ်ကစားသမားတွေအနေနဲ့ ကျနော် ပြောခဲ့သလို လုပ်ဖို့တော့ လိုပါတယ်။ ဆွစ်ဇာလန်နဲ့ ပွဲတုန်းက သူတို့ (၈၀)ရာခိုင်နှုန်းလောက်ပဲ ကစားနိုင် ခဲ့ပါတယ်”
“အဲဒီပွဲမှာ ကစားသမားတွေရဲ့ စိတ်အားထက်သန်မှုကို ကျနော် သတိထားမိ ခဲ့ပါတယ်။ အဲဒီ အပေါ်မှာ အများကြီး ကျေနပ်မိပါတယ်”
အသက် (၆၁)နှစ်အရွယ် နည်းပြ ကာပယ်လိုဟာ လာမယ့် တနင်္ဂနွေ့နေ့ ကားလင်းဖလား ဗိုလ် လုပွဲ လူစာရင်းမှာ ချဲလ်ဆီးက တယ်ရီနဲ့ လမ်းပတ်တို့ ရွေးခဲ့ရင် ၀င်ဘလေကွင်းကို လာ ရောက် ကြည့်ရှု့မှာ ဖြစ်ပါတယ်။
လီဗာပူးကို အင်တာမီလန်ကို အန်းဖီးလ်မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ရလိုက်တဲ့အတွက် နောက်တ ဆင့်ကို တက်သွားနိုင်ပြီလို့ မယုံကြည်သင့်ကြောင်း ကာပယ်လိုက သတိပေးပါတယ်။
၎င်းက ဆက်လက်ပြီး “ဆန်စီရိုကွင်းမှာ ကစားရင် လီဗာပူး သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ အင်တာက အိမ်ကွင်းမှာဆိုရင် အရမ်းတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ သူတို့က ရလဒ်တွေကို ပြောင်းပြန် လုပ်ပစ်နိုင်ပါတယ်” လို့ ပြောပါတယ်။ |