ဒေးဗစ်ဘန်တလေက သူ့ရဲ့ အဓိကရည်ရွယ်ချက်က ဒေးဗစ်ဘက်ဟမ်းရဲ့ အင်္ဂလန်ကွင်း လယ်နေရာကို ၀င်ယူဖို့ဖြစ်ကြောင်း သတိပေး ပြောဆိုလိုက်ပါတယ်။
အသက် (၃၂)နှစ်ရှိပြီဖြစ်တဲ့ ဘက်ဟမ်းဟာ အင်္ဂလန်အတွက် ကစားပေးတာ ပွဲ (၁၀၀)ပြည့်ဖို့ (၁)ပွဲသာ လိုပါတော့တယ်။
နည်းပြသစ် ကာပယ်လိုက သူ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ဘက်ဟမ်းနဲ့ ပက်သက်လို့ အကောင်းမြင်နေပြီး ကြံ့ခိုင်မှုအတွက် အနီးကပ်စောင့်ကြည့် နေပါတယ်။
အယ်လေဂလက်စီအသင်းရဲ့ မေဂျာလိဂ်ရာသီ ပြီးဆုံးသွား ပြီဖြစ်တဲ့အတွက် ဘက်ဟမ်းဟာ လောလောဆယ် အနားရနေပြီး အင်္ဂလန်ကလည်း ဖေဖေါ်ဝါရီအတွင်းမှာ ဆွစ်ဇာလန်နဲ့ ခြေ စမ်းပွဲ ကစားရဖို့ ရှိပါတယ်။
အသက် (၂၃)နှစ်အရွယ် ဘလက်ဘန်းတောင်ပံသမား ဘန်တလေဟာ လာမယ့် တနင်္ဂနွေ နေ့မှာ ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် ကာပယ်လို အထင်ကြီးလာအောင် ခြေစွမ်း ပြသ ခွင့် ရမှာ ဖြစ်ပါတယ်။
“ချဲလ်ဆီးနဲ့ ပွဲမှာတင် မဟုတ်ပါဘူး။ ပွဲတိုင်းမှာ အထင်ကြီး လေးစားမှုရအောင် ကျနော် လုပ် သွားမှာပါ။ ပွဲတိုင်းကို အားစိုက် ကစားသွားမှာပါ”
“အခုအချိန်ဟာ ကျနော့်အတွက် အချိန်ကောင်းပါပဲ။ လက်ရွေးစင်အသင်းမှာ ပြန်ကစားဖို့အ တွက် လုံလောက်တဲ့ ယုံကြည်မှုတွေ ကျနော်မှာ ရှိပါတယ်။ ဘက်ဟမ်းကို ရပ်တန့်အောင် လုပ်ဖို့က ကျနော့် အလုပ်ပါ။ ဘက်ဟမ်းအနေနဲ့ ကျနော့် ရည်မှန်းချက်ကို ပျက်အောင် လုပ်နိုင် မယ်လို့ မထင်ပါဘူး”
“ဘောလုံးလောကမှာ ဘက်ဟမ်းရဲ့ အောင်မြင်မှုတွေနဲ့ ပက်သက်လို့ ကျနော် တကယ့် တန်ဖိုး ထားပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းမှာ သူ့အစား ကျနော့်ကို အစားထိုး သင့်တယ်လို့ ထင်ပါတယ်”
အင်္ဂလန်ဟာ ယူရို ၂၀၀၈ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရို အေးရှားနဲ့ တစ်အုပ်စုတည်း ထပ်မံ ကျရောက်နေပေမယ့် ဘန်တလေကတော့ ခြေစစ်ပွဲ အောင်မြင်ဖို့ အားခဲ ထားပါတယ်။
ကွင်းလယ်သမား ဘန်တလေက “ကျနော်တို့ ခရိုအေးရှားထက် ပိုကောင်းရဲ့သားနဲ့ ယူရို ၂၀၀၈ ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။ ကျနော်တို့က အခုအချိန်မှာ ဒဏ်ရာရနေတဲ့ ခြင်္သေ့လို့ပါပဲ” လို့ ထပ်ပြောပါတယ်။
လက်ရွေးစင်အသင်းမှာ (၂)ပွဲသာ ကစားခွင့်ရသေးတဲ့ ဘန်တလေဟာ ဘလက်ဘန်းအတွက် ပွဲပေါင်း (၆၇)ပွဲနဲ့ (၁၁)ဂိုး သွင်းပေးထားပါတယ်။ |

သြစတြီးယားနဲ့ ပြီးခဲ့တဲ့လ ခြေစမ်းပွဲမှာ ဘက်ဟမ်းအစား ၀င်ကစားဖို့ ဘန်တလေ(ယာ) အပြန်အလှန် နူတ်ဆက်နေစဉ်
|