အက်ဖ်အေဘုတ်အဖွဲ့က အီတလီသား ဖာဘီယို ကာပယ်လိုကို အင်္ဂလန်နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း မနေ့က အတည်ပြု လိုက်ပါတယ်။
ကာပယ်လိုရဲ့ တစ်နှစ် လခလုပ်စာဟာ ပေါင် (၆.၅)သန်းဖြစ်ပြီး (၄)နှစ်ခွဲ သက်တမ်းနဲ့ စာချုပ် ခဲ့ခြင်း ဖြစ်ပေမယ့် အပြီးသတ် စာချုပ်နိုင်ဖို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
“ဘုတ်အဖွဲ့က သူ့ကို မန်နေဂျာအဖြစ် ခန့်အပ်တာကို အတည်ပြု ပြီးပါပြီ။ နောက်ထပ် စာချုပ်ပါ အချက်တွေနဲ့ ပက်သက်ပြီး ဆွေးနွေးနေဆဲ ဖြစ်ပါတယ်” လို့ အက်ဖ်အေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။
“ဆွေးနွေးမှုတွေ ဆက်ရှိနေမှာပါ။ ဘာ ပြဿနာမှ မရှိပါဘူး။ အပြီးသတ် စာချုပ်နိုင်ဖို့ ဆက် လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်”
ဘီဘီစီ အားကစား အယ်ဒီတာ မီဟိုင် ဘိုဆီက အက်ဖ်အေနဲ့ ကာပယ်လိုတို့ဟာ စာချုပ် သက် တမ်းကို ၂၀၁၀ အထိ ချုပ်ဆိုဖို့ နှစ်ဖက် သဘောတူထားကြောင်း ပြောပါတယ်။
ကာပယ်လိုကို ၀န်းရံ အကူအညီပေးမယ့် နည်းပြအဖွဲ့ခန့်အပ်ရေးကိုတော့ ဆွေးနွေးစရာအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
အသက် (၆၁)နှစ်သား ကာပယ်လိုအနေနဲ့ သူ့ရဲ့ လက်ထောက်နည်းပြအဖြစ် အီတလီသား (၃)ယောက် ဒါမှမဟုတ် (၄)ယောက်ကို ခေါ်ယူဖွယ် ရှိပါတယ်။
အက်ဖ်အေက စောစောပိုင်းက မော်ရင်ဟိုကို ခန့်အပ်ဖို့ ဆွေးနွေးခဲ့ပေမယ့် ငြင်းဆန်တာ ခံရလို့ ကာပယ်လိုဖက်ကို လှည့်သွားခြင်း ဖြစ်ပါတယ်။
အေစီမီလန်၊ ရီရဲလ်မက်ဒရစ်၊ ဂျုဗင်တပ်နဲ့ ရိုးမားနည်းပြဟောင်းဟာ နည်းပြသက် (၁၆)နှစ် အတွင်းမှာ အမှတ်ပေးဖလား (၉)ကြိမ် ရခဲ့ဖူးပြီး ၁၉၉၄မှာ မီလန်ကို ချန်ပီယံလိဂ် ချန်ပီယံဖြစ် အောင် စွမ်းဆောင် ပေးခဲ့ပါတယ်။
ကာပယ်လိုဟာ ဆွီဒင်သား အဲရစ်ဆင်ပြီးရင် အင်္ဂလန်ရဲ့ ဒုတိယမြောက် နိုင်ငံခြားသား နည်းပြ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ အဲရစ်ဆင်က “ကျနော် ကာပယ်လိုကို သိနေတာ နှစ်ပေါင်း မနည်းတော့ ပါဘူး။ စီးရီးအေမှာ သူ့ရဲ့ပြိုင်ဖက်အဖြစ်နဲ့ (၁၀)နှစ်လောက် နေခဲ့ ဖူးပါတယ်။ သူက မန်နေဂျာ ကောင်း တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တမ်းတွေကိုကြည့်ရင် သိပ်ရှင်းပါတယ်” လို့ ပြောပါတယ်။
အဲရစ်ဆင်က “သူ့မှာ အင်္ဂလိပ်စကားပြောဖို့တော့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါက ပြဿနာ မဟုတ်ပါဘူး။ သူက အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ယောက် ဖြစ်ပါတယ်” လို့ ထပ်ပြောပါတယ်။ |