ဖာဘီယို ကာပယ်လိုဟာ ဒီအပတ်အကုန်မှာ အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ခံရလိမ့်မယ်လို့ ဘီဘီစီအားကစား အစီအစဉ်က ခန့်မှန်းပါတယ်။
အီတလီသားနည်းပြဟာ အခုရက်ပိုင်းအတွင်းမှာ အက်ဖ်အေနဲ့ တရားဝင် ဆွေးနွေးဖို့အတွက် လန်ဒန်ကို လာရောက်ဖို့ မျှော်လင့်ရပါတယ်။
ဘီဘီစီရဲ့ ဘောလုံးသတင်းထောက် ဂျိုနသန် လီဂတ်က “အက်ဖ်အေနဲ့ ကာပယ်လိုတို့ အဆက်အသွယ် ရှိနေပါတယ်။ ဒီထက်ပိုပြီး ဆက်သွယ်မှုတွေ လုပ်လာပါလိမ့်မယ်” လို့ ပြော ပါတယ်။
အသက် (၆၁)နှစ်သား ရီရဲလ်၊ ဂျုဗင်တပ်၊ မီလန်နဲ့ ရိုးမားနည်းပြဟောင်းဟာ မက္ကလာရင် အ ထုတ်ခံရပြီးကတည်းက အင်္ဂလန်နည်းပြအလုပ်ကို စိတ်ဝင်စားကြောင်း ပြောဆို ထားပါတယ်။
အီတလီကို ၂၀၀၆ ကမ္ဘာ့ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ မာဆယ်လို လစ်ပီကလည်း ကာပယ်လိုနဲ့အပြိုင် ရေပန်းစား နေပါတယ်။
အာစင်နယ်နည်းပြ ၀င်းဂါးနဲ့ မန်ယူနည်းပြ ဖာဂူဆန်တို့ကတော့ အင်္ဂလန်မန်နေဂျာအလုပ်က ကာ ပယ်လိုနဲ့ သင့်တော်ကြောင်း ထောက်ခံချက် ပေးကြပါတယ်။
ဝင်းဂါးက “သူ့ရဲ့ အရည်အချင်းတွေက ထူးချွန်ပါတယ်။ ကျနော် ဖာဘီယိုကို သိနေတာ ကြာ ပါပြီ။ သူဟာ စိတ်ဓါတ်နဲ့စရိုက်လက္ခာပိုင်းမှာ ပြင်းထန်တဲ့ လူ ဖြစ်ပါတယ်။ နောက်ပြီး သူလို ချင်တဲ့ အရာတစ်ခုကို ဘယ်လို ရအောင် လုပ်ရမလဲ ဆိုတာနဲ့ ဘယ်အချိန်မှာ အဆုံး သတ်ရ မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိပါတယ်” လို့ ပြောပါတယ်။
ဖာဂူဆန်က “လက်ရွေးစင်အသင်း နည်းပြတစ်ယောက်က သင့်တော်တဲ့ အသက်အရွယ် ရှိဖို့လိုသလို အတွေ့အကြုံတွေ အများကြီးရှိဖို့လည်း လိုပါတယ်။ ကာပယ်လိုမှာ ဒါတွေ အား လုံး ရှိပါတယ်” လို့ ထောက်ခံပါတယ်။
“အသက်ငယ်တဲ့ မန်နေဂျာအနေနဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ အရမ်း ခက်နိုင် ပါတယ်။ အကြောင်းကတော့ သူက ငယ်တော့ ကစားသမားတွေနဲ့ နေ့တိုင်း အလုပ်လုပ်ချင်တဲ့ စိတ်တွေ အမြဲ ဖြစ်နေပါလိမ့်မယ်” မန်ယူနည်းပြက ထပ်ပြောပါတယ်။
ကာပယ်လိုဟာ နည်းပြသက် (၁၆)နှစ်အတွင်းမှာ အမှတ်ပေးဖလား (၉)ကြိမ်နဲ့ ၁၉၉၄မှာ မီလန်ကို ချန်ပီယံလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ |