လာမယ့်နှစ် ယူရို ၂၀၀၈ ပြိုင်ပွဲကြီးရဲ့ အုပ်စု ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာခဲ့ရာ ကမ္ဘာ့ချန်ပီယံ အီတလီဟာ အုပ်စု (C )မှာ ထူးထူးခြားခြားပဲ ပြင်သစ်၊ ဟော်လန်တို့နဲ့ တစ်အုပ်စုတည်း ကျပါတယ်။
အီတလီဟာ ၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းမှာတုန်းက ပြင်သစ်နဲ့ ဆုံဖူးထားတဲ့ အပြင် ယူရို ခြေစစ်ပွဲမှာလည်း တစ်အုပ်စုတည်းကျပြီး အခုအခါ အုပ်စုပွဲစဉ်တွေမှာလည်း ရေစက် မကုန်ဘဲ တစ်အုပ်စုတည်း ထပ်ကျပါတယ်။
လေ့လာသူတွေကတော့ အုပ်စု (C) ကို အုပ်စု အကျပ်ဆုံးနဲ့ မရဏအုပ်စုလို့း သတ်မှတ် ကျပါ တယ်။
အုပ်စုပေါင်း (၄)ခုနဲ့ တစ်အုပ်စုမှာ (၄)သင်းစီ ပါဝင်ပြီး အုပ်စုဗိုလ်နဲ့ ဒုတိယရတဲ့ အသင်းက နောက်တဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။
အိမ်ရှင်တစ်သင်းဖြစ်တဲ့ ဆွစ်ဇာလန်ကတော့ ဇွန်လ (၇)ရက်နေ့ အဖွင့်ပွဲမှာ ချက်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဂရိအသင်းကတော့ ဆွီဒင်၊ စပိန်၊ ရုရှားတို့နဲ့ အုပ်စု (D) မှာ အုပ်စု တူပါတယ်။
အုပ်စု (A)နဲ့ အုပ်စု (C) ပွဲစဉ်တွေကို ဆွစ်ဇာလန် နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ကျန် အုပ်စု (B) နဲ့ အုပ်စု (D) ပွဲစဉ်တွေကိုတော့ ပူးတွဲအိမ်ရှင်ဖြစ်တဲ့ သြစတြီးယားက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံး ဗိုလ်လုပွဲကိုတော့ ဇွန် (၂၉)ရက်နေ့မှာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။
အုပ်စုကျပ်တဲ့ အပေါ်မှာ ပြင်သစ်နည်းပြ ရေမွန် ဒိုမီနစ်ခ်ျက “ကျနော်တို့ အီတလီနဲ့ တစ်အုပ်စု တည်းပြန် မကျသင့်ပါဘူး။ ဒါပေမယ့် ပွဲစဉ်တွေကတော့ ထွက်ပေါ်လာ ခဲ့ပါပြီ” လို့ ညဉ်းတွား ပါ တယ်။
အီတလီနည်းပြ ဒိုရာဒိုနီက “အုပ်စုအဆင့်ကနေ ဖြတ်ကျော်ဖို့ တော်တော် မလွယ်ပါဘူး။ ဒီ လိုမျိုး ထပ်ဖြစ်လာလိမ့်မယ်လို့ ခံစားမှုမျိုး ကျနော့်စိတ်ထဲမှာ နဂိုကတည်းက ဖြစ်ခဲ့ဖူးပါတယ်” လို့ ပြောပါတယ်။
ဟော်လန်နည်းပြ ဗန်ဘတ်စတန်က “တကယ့်ကို မလွယ်တဲ့ အုပ်စုပါပဲ။ ရိုမေးနီးယားက ကျနော်တို့ကို ခြေစစ်ပွဲတွေတုန်းကလည်း ကောင်းကောင်း ဒုက္ခပေး ထားပါတယ်။ အခုတစ်ခါ အီတလီ၊ ပြင်သစ်တို့နဲ့ တွေ့ပြန်ပါပြီ” လို့ ပြောပါတယ်။
ယူရို ၂၀၀၈ ပြိုင်ပွဲဝင် အုပ်စုများ
အုပ်စု (A)
ဆွစ်ဇာလန်၊ ချက်၊ ပေါ်တူဂီ၊ တူရကီ
အုပ်စု (B)
သြစတြီးယား၊ ခရိုအေးရှား၊ ဂျာမဏီ၊ ပိုလန်
အုပ်စု (C)
ဟော်လန်၊ အီတလီ၊ ပြင်သစ်၊ ရိုမေးနီးယား
အုပ်စု (D)
ဂရိ၊ ဆွီဒင်၊ စပိန်၊ ရုရှား |