အမှန်အတိုင်းဝန်ခံရလျှင် ဆီးဂိမ်းပြိုင်ပွဲမတိုင်ခင်က ဘရာဇီးနည်းပြ မားကို့စ် ကိုင်တွယ်နေသည့် မြန်မာ ယူ-၂၃ အသင်းကို ကျွန်တော်တို့ အားကစားကလောင်ရှင်များ အပါအ၀င် ဘောလုံး အကဲခတ်ကျွမ်းကျင်သူများနှင့် ပရိသတ်အများစုက သိပ်မမျှော်လင့်ခဲ့ကြပေ။ ထိုသို့ ဖြစ်ခဲ့ရခြင်းမှာ ပြိုင်ဘက်အသင်းများ၏ ပြင်ဆင်မှု၊ လက်ရှိအသင်းလိုက်ခြေစွမ်းနှင့် အောင်မြင်မှု အစဉ်အလာတွေ အရ ပါသကဲ့သို့ မြန်မာအသင်း၏ ပြိုင်ပွဲကြိုကာလက ခြေစွမ်းနှင့် ပြင်ဆင်မှုပိုင်းကိုလည်း အားမလို အားမရဖြစ်ခဲ့ခြင်းကြောင့်လည်း ပါသည်။ စာရေးသူတို့ တင်မကဘဲ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲကိုယ်တိုင်က မြန်မာ ယူ-၂၃ အသင်းကို အားမရဖြစ်နေခဲ့ခြင်းမှာ အမှန်ပင်။
သို့သော် ဘောလုံးမှာ ဘာမဆိုဖြစ်တတ်သည်ဆိုသော စကားအတိုင်း မမျှော်လင့်ထားသော၊ မထင်မှတ်ထားသော ရလဒ်မျိုး၊ အောင်မြင်မှုမျိုးကို မြန်မာ ယူ-၂၃ အသင်းက လုပ်ပြသွားခဲ့သည်။ ကိုယ့်မြန်မာအသင်းကိုသာ အနိုင်ရစေချင်သောစိတ်၊ ကိုယ့်မြန်မာအသင်း အောင်မြင်သည်ကိုသာ မြင်တွေ့လိုသောစိတ်နှင့် ဘောလုံးကို အခြားအားကစားနည်းများထက် ပိုမိုရူးသွပ်စွာ အားပေး တတ်သည့် စိတ်ဆန္ဒများက ပြိုင်ပွဲမ၀င်ခင်က အားနည်းချက်များ အမှန်တကယ်ရှိနေခဲ့သော မြန်မာ ယူ-၂၃ အသင်း၏ အနေအထားကို အားမလိုအားမရ စိတ်မချဖြစ်ခဲ့ခြင်းကိုလည်း အပြစ် တော့ မဆိုသာပေ။
တကယ်တမ်း ပြိုင်ပွဲစသည့်အချိန်၌လည်း မြန်မာအသင်းမှာ အိမ်ရှင်ထိုင်းအသင်းကို ပွဲဦးထွက်၌ ရှုံးနိမ့်ခဲ့သည်။ ထိုပွဲပထမပိုင်းတွင်ပင် ထိုင်းအသင်းက ၃ ဂိုးပြတ် သွင်းထားခဲ့ခြင်းကြောင့် အတော်လေး စိတ်ပျက်ခဲ့ရသည်။ သို့သော် ၃ ဂိုးပြတ်နိုင်နေ၍ စိတ်ကြီးဝင်သွားသော ထိုင်း အသင်းမှာ ထုံးစံအတိုင်း ကစားပုံအနည်းငယ် လျော့ရဲလာသည့်အပြင် ကစားအားကိုလည်း ချလိုက်သည့် အချိန်၌ မြန်မာအသင်း၏ စိတ်ဓာတ်ပိုင်းနှင့် ကစားအား ပိုတက်လာသည့်အပြင် ပထမပိုင်းတွင် နည်းဗျူဟာ ကစားကွက်ချမှတ်မှု သိပ်မမှန်ခဲ့သော မြန်မာအသင်းနည်းပြ မားကို့စ်၏ နည်းစနစ်ကစားကွက်ပြောင်းလဲမှု မှန်ကန်သွားသည့် အချိန်နှင့် ကွက်တိဖြစ်သွား၍ မြန်မာအသင်းမှာ သူတင်ကိုယ်တင် ကစားလာနိုင်သည့်အပြင် ထိုင်းအသင်းဘက်ကို ပိုမို ထိုးဖောက် ကစားနိုင်ခဲ့သည်။ ထို့ကြောင့် အနိုင်နှင့် သရေရသည်အထိ မစွမ်းဆောင်နိုင်သော် လည်း အဖိုးတန်ချေပဂိုး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ထိုင်းအသင်းကိုလည်း အနည်းငယ် ချောက်ချား သွားစေခဲ့သည်။
ထိုပွဲ၌ ချေပဂိုးနှစ်ဂိုးသွင်းနိုင်ခဲ့ခြင်းက အင်ဒိုကို ဂိုးမရှိသရေသာ ကစားနိုင်သည့် ရလဒ်ကို ထေနိုင်ခဲ့သည်။ ပွင့်ပွင့်လင်းလင်း သုံးသပ်ရလျှင် အင်ဒိုနှင့် ဒုတိယပွဲတွင်လည်း မြန်မာ နည်းပြ၏ ကစားကွက်အခင်းအကျင်းမှာ လွဲချော်နေသေးသည်ဟု ထင်စရာရှိပြီး အားနည်းချက် အချို့လည်း ရှိနေခဲ့သေးသည်။ စင်စစ် ထိုပွဲ၌ အင်ဒိုနီးရှား၏ ခြေစွမ်းမှာ ယခင်အသင်းများနှင့် မတူဘဲ အားနည်းချက်များစွာရှိပြီး အထူးသဖြင့် ကွင်းလယ်နှင့် ခံစစ်ပိုင်းတွင် ဟာကွက်များ အတော်ရှိ နေသည်ကို တွေ့ရသော်လည်း မြန်မာအသင်းနည်းပြမှာ အနိုင်ဂိုးရနိုင်သည့် အခွင့်အရေးမျိုးဖန် တီးနိုင်၍ ရလျက်နှင့် တိုက်စစ်ကစားပုံ ပြောင်းလဲကစားသွားခြင်း မရှိခဲ့သည်မှာ အားမရစရာပင်။ တိုက်စစ်ဖွင့်ကစား၍ ရသောပွဲ၊ အနိုင်ကစား၍ ရသောပွဲကို အရှုံး သို့မဟုတ် ဂိုးပြန်သွင်းခံရမည်ကို စိုးရိမ်စိတ်ရှိနေ၍လားမသိ၊ ကစားကွက်ပုံစံကို ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိခဲ့ပေ။
အင်ဒိုကိုနိုင်လိုက်ရုံဖြင့် ကမ္ဘောဒီးယားနှင့် နောက်ဆုံးပွဲကို စိတ်လက်ပေါ့ပါးစွာ ဒူးနံ့ပြီး ကစားရုံ သာရှိသော်လည်း သရေသာ ကစားနိုင်ခဲ့၍ မြန်မာအသင်းမှာ ဖိအား ၂ ခုကို တစ်ပြိုင်တည်း ခံစားခဲ့ရသည်။ ဘာမျှော်လင့်ချက်မှ မရှိတော့၍ ဖိအား တစ်စုံတစ်ရာမရှိဘဲ ဂုဏ်သိက္ခာအရလည်း မြန်မာအသင်းကို တက်နိုင်သမျှ ခံကစားမည့် ကမ္ဘောဒီးယားအသင်းကို ဂိုးအများကြီးပြတ်အောင် အနိုင်ရမည့်အပြင် အိမ်ရှင်အခွင့်အရေးယူပြီး နောက်ဆုံးပွဲစဉ်အား နောက်ကျမှ ကစားခဲ့သည့် အုပ်စုတက်ပြီးသား ထိုင်းအသင်းက အင်ဒိုကို သရေကစားပြီး တွဲမခေါ်သွားစေရန်လည်း ဆု တောင်းမျှော်လင့်နေခဲ့ရသည်။ ထို့ကြောင့် ဒုတိယပိုင်းစစချင်း၌ ကမ္ဘောဒီးယားက တစ်ဂိုးချက် ချင်းပြန်သွင်းပြီး ၃-၂ ဖြစ်သွားချိန်တွင် မြန်မာအသင်းသားများနှင့် ကွင်းဘေးတွင် အနီးကပ်ထိုင် ကြည့်နေသော MFF ဥက္ကဋ္ဌ ဦးဇော်ဇော်တို့အဖွဲ့တော့မသိ၊ ရုပ်/သံကတစ်ဆင့် ကြည့်ရှုအားပေးနေ သော စာရေးသူတို့ မြန်မာပရိသတ်အားလုံးမှာ စိုးရိမ်စိတ်ဝင်လာပြီး အသက်ပင် ပြင်းပြင်း မရှုရဲခဲ့ကြ။

ထိုင်းအသင်းက ဂိုးသွင်းလိုက်စဉ်
သို့သော် ကစားနေသည့် ခြေစွမ်းအရ၊ မြန်မာနည်းပြ၏ နည်းစနစ်မှန်ကန်မှုအရ ထိုပွဲကို ၃ ဂိုးပြတ်အထက်နိုင်မည်ကိုတော့ ကြိုတွက်၍ ရနေသည်။ သို့သော် စိတ်မအေးနိုင်သေး။ ညပိုင်းမှ ကစားမည့် ထိုင်း-အင်ဒို ပွဲက ဘာဖြစ်မည်ကို မပြောနိုင်သေးခြင်းကြောင့်ပင်။ သို့ပေသည့် ပရိုစိတ် ဓာတ်ရှိသော ထိုင်းအသင်းက သူ့အလုပ် သူလုပ်သွား၍ ကျေးဇူးတင်ရသည်။ အီဗန်ကိုလက်ဗ်ဦး ဆောင်သည့် အင်ဒိုအသင်းသားတွေ ကြေကွဲ၊ မြန်မာတွေ ထခုန်ခွင့်ရအောင် အခြေအနေက ဖန်တီးလာသည်။ မဆီမဆိုင် ယူရို ၂၀၀၈ ခြေစစ်ပွဲက ရုရှားနှင့် အင်္ဂလန်အသင်းတို့၏ အနေအထားကို သွားမြင်မိနေသေးသည်။ အုပ်စု ဒုတိယနှင့် တက်လာခဲ့သော်လည်း ဆီမီးတွင် ဘယ်အသင်းတွေတွေ့တွေ့ အနိုင်ကစားရုံသာရှိတော့သည်မဟုတ်ပါလား။
ဆီမီးတွင် ဗီယက်နမ်နှင့်တွေ့ရ၍ အနည်းငယ် စိုးရိမ်မိခဲ့သေးသည်။ ယခင်က အစဉ်အလာများ၊ ဗီယက်နမ်အသင်း၏ ကြိုတင်ပြင်ဆင်မှုများနှင့် မြန်မာအသင်း၏ ခြေစွမ်းပိုင်းကို အပြည့်အ၀ အားမရသေး၍ ဖြစ်သည်။ သို့သော် တကယ်ကစားသည့်အချိန်တွင် ဗီယက်နမ်မှာ ယခင်အ သင်းများနှင့်မတူဘဲ ကစားအားရော ခြေစွမ်းပိုင်းပါ သိပ်အကောင်းကြီး မဟုတ်ခဲ့သည့် အပြင် မြန်မာအသင်း၏ ကစားကွက်နှင့် ကစားအားမှာလည်း သိသိသာသာကောင်းလာသည့် အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာ အနေအထားအရလည်း ဗီယက်နမ်ထက်သာနေ၍ ကြည့်နေရင်းပင် မြန်မာနိုင်ချေရှိသည်ဟု တွက်မိခဲ့သည်။
မြန်မာအသင်းသားများ ဂိုးသွင်းမသေချာမှု များစွာအတွက် အားမလိုအားမရဖြစ်နေသော စိတ်မှာ လက်မှန်ပြီး စိတ်ချရသော ဂိုးသမား ကျော်ဇင်ထက်ကြောင့် အနည်းငယ်တော့ စိတ်အေးခဲ့ရသည်။ ပွဲပြီးရန် ၁ မိနစ်အလိုတွင် ရာဇာဝင်းသိန်း အနာခံပြီး ပင်နယ်တီရသည့် အချိန်တွင် OK ပြီဟု ထင်ပြီး အပျော်လွန်သွားခဲ့သော်လည်း စိတ်လှုပ်ရှားလွန်းနေသော အောင်မျိုးသန့်က ဗီယက်နမ် ဂိုးသမား အခွင့်သာစေသည့် ကန်ချက်မျိုးဖြင့် ဗီယက်နမ်ကို ကံအလွန်ကောင်း စေသည့် ကန်ချက်မျိုးဖြင့် စိုးရိမ်စိတ်ပြန်မြင့်တက်လာခဲ့သည်။ အချိန်ပိုမိနစ် ၃၀ တွင်လည်း ဂိုးမသွင်း နိုင်ခဲ့တော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာခဲ့သည်။ သို့သော် ကျော်ဇင်ထက်မှာ ဗီယက်နမ်ဂိုး သမားထက် သာလွန်ကြောင်း ပြသသွားပြီး တစ်ဘက်ကစားသမား နှစ်ဦး၏ ပင်နယ်တီ ကန်ချက်များကို ပြောင်မြောက်စွာ ကာကွယ်ပေးသွားခဲ့ပြီး ၁၄ နှစ်အကြာ တွင် မြန်မာအသင်းကို ပထမဆုံး ဆီးဂိမ်းဗိုလ်လုပွဲ ပြန်တက်စေခဲ့သည်။
စာကျက်ချိန်သိပ်မရ၊ အကောင်းစားကျူရှင်တွေလည်း မတက်နိုင်သည့် ကျောင်းသား ၁၀ တန်းကို ဂုဏ်ထူး ၃ ခု လောက်ဖြင့် အောင်လိုက်သကဲ့သို့ ပျော်လိုက်သည့်ဖြစ်ချင်း။ ယခုဆီးဂိမ်းတွင် ရေပန်းမစားခဲ့ဘဲ ဗိုလ်လုပွဲအဆင့်အထိ တက်အောင် စွမ်းဆောင်နိုင်ခဲ့သည့် မြန်မာအသင်း သားအားလုံးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုချင်မိသည်။ ယခု အနေအထားမျိုးရအောင် ကြိုးစားခဲ့သည့် မြန်မာအသင်းသားများအားလုံးနှင့် အနီးကပ်ကြီးကြပ်ပံ့ပိုးပေးခဲ့ကြသည့် MFF ဥက္ကဌနှင့် တာဝန်ရှိသူများကို ချီးကျူးရပါမည်။

ပွဲအတွင်းမှ မြင်ကွင်း
ဖြစ်နိုင်ချေသိပ်မရှိမှန်း စိတ်ထဲတွင်သိနေသော်လည်း မြန်မာဆိုသည့်စိတ်ကြောင့် နောက်ဆုံး ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို ခက်ခက်ခဲခဲကစားရနိုင်သော်လည်း မြန်မာအသင်း လည်း နိုင်ချေ နည်းနည်းတော့ ရှိလာနိုင်သည်ဟု မျှော်လင့်ချက်ဖြင့် အားပေးခဲ့သည်။ တကယ် ကစား လျှင် တစ်ဦးချင်းရော အသင်းလိုက်ကစားပုံပါ ထိုင်းကသာသည့်အပြင် ထိုင်းဘုရင်မင်းမြတ်၏ သက်တော် ၈၀ ပြည့်အထိမ်းအမှတ် ဆီးဂိမ်းပွဲတွင် ထိုင်းအသင်းများမှာ အုပ်စုပွဲကနှင့်မတူဘဲ စိတ်ဓာတ်ရော ကစားအားပါအပြည့်ထည့် ကစားလာနိုင်၍ ခြေမှန်အရဆိုရင် မြန်မာအသင်း နိုင်ချေအလွန်နည်းမှန်းသိသည်။ ထိုင်းမြေ၊ ထိုင်းကွင်း၊ ထိုင်းပရိသတ်ပေါင်းများ စွာ တခဲနက် အားပေးမှုပါ ပေါင်းစပ်လိုက်လျှင် မြန်မာအသင်းအတွက် အခွင့်အရေး သိပ်မရှိမှန်း ပွဲကစား သည့်အချိန်တွင် လက်တွေ့ကြုံလိုက်သည်။
မြန်မာကစားသမားအားလုံး တက်စွမ်းသမျှ ခြေကုန်ထုတ်ပြီး ကြိုးစားအားထုတ်ခဲ့သော်လည်း ထိုင်းအသင်းသည် ပြိုင်ပွဲအကြိုကာလတွင် အသင်းကောင်း၊ အသင်းကြီးများနှင့် ပြိုင်ပွဲ ပေါင်းစုံကစားခဲ့ရသည့် အတွေ့အကြုံနှင့် တစ်ဦးချင်းဘောလုံးပညာ ကျေညက်မှုကြောင့် မြန် မာအသင်းမှာ ထိုင်းကစားသမားများအား တစ်ဦးချင်း မယှဉ်သာခဲ့သည့်အပြင် ထိုင်းနည်းပြ၏ နည်းဗျူဟာကစားကွက်မှာလည်း ယခုပွဲတွင် မြန်မာနည်းပြ မားကို့စ်ထက် များစွာသာခဲ့၍ ထိုင်း အသင်းမှာ ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲသွားခဲ့ခြင်းဟု မုဒိတာ ပွားရမည်ဖြစ်သည်။ အထူးသဖြင့် ထိုင်းအသင်းမှ ၀ီနိုထိုင်း (၁၄)၊ ဆန်တာနို(၁၀)၊ ချန်ဘတ် (၁၁) တို့မှာ ခြေစွမ်းနှင့် ကစားပုံ အတော်မြင့်ပြီး သူတို့ သုံးယောက်အား မြန်မာကစားသမားများ ထိန်းချုပ် နိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ထိုင်းအသင်းမှာ တိုက်စစ်ကို စိတ်ကြိုက်ပုံဖော် ကစားသွားနိုင်ခြင်းဖြစ် သည်။
ပိုင်စိုး၊ စည်သူဝင်း၊ စည်သူသန်းတို့ ဂိုးသွင့်ခွင့်အချို့ရခဲ့သော်လည်း အတွေ့အကြုံနှင့် တည်ငြိမ် မှုပိုင်း အားနည်းနေသည့်အပြင် ဂိုးရချင်စိတ်လည်း လောကြီးနေ၍ မြန်မာအသင်း အခွင့်အရေး တချို့ လက်လွတ်ခဲ့ရသည်မှာ မှန်သော်လည်း ထိုးဖောက်နိုင်မှု အကြိမ်နှင့် ဂိုးရနိုင်မည့် အ ခွင့်အရေး ဖန်တီးနိုင်မှုအပိုင်းတွင် ထိုင်းက အကြိမ်ပိုများခဲ့သည်။ ထိုင်းအသင်းသွင်းယူ သွားသော နှစ်ဂိုးစလုံးမှာလည်း လှပပြီး အလွန် အဆင့်မြင့်လှသည်။ အထူးသဖြင့် ထိုင်းသည် အုပ်စုအဖွင့် ပွဲ ဒုတိယပိုင်း၌ လျော့ရဲရဲကစားမိ၍ နှစ်ဂိုးပြန်သွင်းခံလိုက်ရသည်ကို သင်ခန်းစာယူ၍ ယခုပွဲတွင် အကောင်းဆုံး ပြင်ဆင်ကစားခဲ့ခြင်းကြောင့် ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲသွားခြင်း ဖြစ် သည်ဟု လက်ခံရမည်သာဖြစ်သည်။
ချန်ပီယံဆုဖလားရရန် လက်တစ်ကမ်းအလိုရောက်မှ လက်လွတ်လိုက်ရခြင်းအတွက် အလွန် ကြေကွဲဝမ်းနည်းစရာကောင်းသော်လည်း တစ်ပွဲလုံးခြုံကြည့်ရင် ယခုပွဲတွင် ထိုင်းအသင်းမှာ မြန်မာအသင်းထက် သာခဲ့သည်မှာ ငြင်းမရပေ။ ယခုဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ ထိုင်းအသင်း အပါအ၀င် ပြိုင်ဘက်အသင်းများက တောင့်တင်းသော အသင်းများအဖြစ် ခြေစမ်းပွဲ၊ ခြေသွေး ပွဲများစွာ ကစားခဲ့ပြီး စနစ်တကျ ပြင်ဆင်ခဲ့သော်လည်း မြန်မာအသင်းမှာ ထိုသို့ မလုပ်နိုင်ခဲ့ပေ။ ထိုအချက်က နောက်ဆုံးဗိုလ်လုပွဲတွင် အလွန်စကားပြောကြောင်း ယခုပွဲက သက်သေပြသွားခဲ့သည်။

ဒုတိယငွေတံဆိပ်ဆုနဲ့အတူ မြန်မာအသင်း အဖွဲ့သားများကို တွေ့ရစဉ်
မည်သို့ဆိုစေ ၁၉၉၃ ခုနှစ်နောက်ပိုင်း ဆီးဂိမ်းဗိုလ်လုပွဲကို ပထမဆုံး ပြန်လည်တက်ရောက် နိုင်ခဲ့သည့် မြန်မာအသင်းအတွက် ဒုတိယငွေတံဆိပ်ဆုမှာလည်း ကျေနပ်စရာဖြစ်ပြီး ဂုဏ်ငယ် စရာလုံးဝမရှိပေ။ သို့အတွက် ဒုတိယငွေတံဆိပ်ကို ရရှိကာ နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့ သော မြန်မာယူ-၂၃ အသင်းသားများအားလုံးကို ဂုဏ်ပြုရမည်သာ ဖြစ်သည်။ |