အာဆီယံဒေသတွင်းမှာတော့ မြန်မာအမျိုးသမီးးဘောလုံးအသင်းဟာ ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်။ ၂၀၀၇ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲထားတဲ့အသင်းဆိုတော့ ဒီနှစ်ဆီးဂိမ်းမှာ မြန်မာအသင်းကို ဖြိုချင်တဲ့အသင်းတွေ အများကြီးရှိနေလိမ့်မယ်။ အထူးသဖြင့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရှုံးထားတဲ့ ထိုင်းအသင်းအနေနဲ့ အခုပြိုင်ပွဲမှာ အိမ်ရှင်အခွင့်အရေးနဲ့ မြန်မာအသင်းကို လက်စားပြန်ချေဖို့ သေချာ ပြင်ဆင်ထားမှာ သေချာာတယ်။ ဆီးဂိမ်းမှာ အစဉ်အလာကြီးမားပြီး မြန်မာအသင်းကို အမြဲတမ်း ဒုက္ခပေးနေကြ ဗီယက်နမ်အသင်းကလည်း မြန်မာအသင်းကို အနိုင်ထပ်ယူဖို့ ပြင်ဆင်ထားမှာဆိုတော့ ဒီပွဲဟာ မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းအတွက် ခက်ခဲပြီး စိန်ခေါ်မှုများစွာ ဆီးကြိုနေတဲ့ သဘောပဲ။ ဒါကြောင့် မြန်မာအသင်းရဲ့ နောက်ဆုံးပြင်ဆင်ထားမှု၊ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်များကို အသေးစိတ်သိရှိရအောင် မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးအေးကြူကြီးအား ထိုင်းနိုင်ငံသို့မထွက်ခွာမီ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့မှာ စကစားတဲ့ အမျိုးသမီးဘောလုံးပွဲစဉ် ပွဲဦးထွက်မှာ မျှော်လင့်ထားတဲ့ အတိုင်း အိမ်ရှင် ထိုင်းက မလေးရှားကို (၆-၀)နဲ့ ဂိုးပြတ်နိုင်ခဲ့ပြီး၊ ဒီနေ့ညနေပိုင်းမှာ လာအိုနဲ့ ဖိလစ်ပိုင်တို့ တွေ့ရမှာပါ။ အုပ်စု (ခ) ထိုင်း၊ မလေးရှားအသင်းတွေနဲ့ အတူကျနေတဲ့မြန်မာအသင်းကတော့ မနက်ဖြန်ညနေမှာ ထိုင်းကိုရှုံးထားတဲ့ မလေးရှားနဲ့ကစားရမှာပါ။ ဒါကြောင့် မလေးရှားနဲ့ မြန်မာပွဲအနေ အထားကို အနီးစပ်ဆုံးခန့်မှန်းနိုင်အောင် မြန်မာအသင်းနည်းပြချုပ် ဦးအေးကြူကြီးရဲ့ ပြောစကားတွေကို အရင်လေ့လာကြည့်လိုက်ကြတာပေါ့။

အာစီယံချန်ပီယံ ဖြစ်တုန်းက ရိုက်ကူးထားတဲ့ မြန်မာအသင်း
SM - ဆီးဂိမ်းမှာ အောင်မြင်မှုထပ်ရဖို့ Ready ပဲလား
Aye - အသင်းရဲ့အနေအထားက အကောင်းဆုံးဖြစ်နေပြီး ကစားသမားတွေကလည်း စိတ်ဓာတ်တက် ကြွနေကြတော့ Ready ပါပဲ။
SM - အခုအသင်းက အာဆီယံချန်ပီယံရှစ်မှာ ဗိုလ်စွဲထားတဲ့အသင်းကိုပဲ အခြေခံထားတာဆိုတော့ အတွေ့ အကြုံနဲ့ ခြေစွမ်းပိုင်းအရ ထိုင်း၊ ဗီယက်နမ်တို့ကို ကောင်းကောင်းယှဉ်လို့ရနေပြီပေါ့။
Aye - ဟုတ်ပါတယ်၊ အာဆီယံပြိုင်ပွဲမှာ ဗိုလ်စွဲထားတဲ့အသင်းက ၁၆ ယောက်ပြန်ပါလာပြီး အဲဒီပွဲတုန်းက ဒူးဒဏ်ရာကြောင့်နားခဲ့ရတဲ့ သူဇာထွေးလည်း ပြန်ပါလာပြီဆိုတော့ ပိုတောင့်တင်းသွားပါပြီ၊ ထိုင်းနဲ့ ဗီယက်နမ်ကို မယှဉ်နိုင်စရ မရှိပါဘူး။
SM - ထိုင်းနဲ့ ဗီယက်နမ်ကိုတောင် ကောင်းကောင်းစိန်ခေါ်နိုင်တော့ အုပ်စု(ခ)မှာ အတူကျနေတဲ့ မလေးရှားကို စာရင်းထဲထည့်စရာမလိုဘူးလို့ ပြောချင်တာလား။
Aye - အဲဒီလိုတော့ မဟုတ်ပါဘူး၊ မလေးရှားကိုလည်း ကျွန်တော် လျှော့မတွက်ပါဘူး၊ ပြိုင်ဘက်အားလုံး ကို သတိနဲ့ကစားသွားမှာပါ၊ ဒါပေမယ့် လက်ရှိကျွန်တော်တို့အသင်းရဲ့အနေအထားက မလေးရှားကို ကြောက်စရာ မလိုပါဘူး။
SM - ပူပူနွေးနွေး အာဆီယံချန်ပီယံရှစ်မှာ ဗိုလ်စွဲထားတော့ ဒီပွဲမှာ Pressure ရှိနိုင်မလား။
Aye - မရှိပါဘူး၊ ကျွန်တော်တို့ပွဲတိုင်းကို သတိနဲ့ကစားဖို့ ပြင်ဆင်ထားတာပဲရှိပါတယ်၊ တစ်ခုပဲရှိတာက ရန်ကုန်မှာကစားခဲ့တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ကျွန်တော်တို့က အုပ်စုမှာရော၊ ဗိုလ်လုပွဲမှာ ပါ ၂ ကြိမ်စလုံးနိုင်ထားတော့ ထိုင်းက ဒီရှုံးကြွေးကို ပြန်ဆပ်ဖို့ သေချာ ပြင်ဆင်ထားလိမ့်မယ်။ ထိုင်းဟာ တစ်ဦးချင်း ဘောလုံးပညာကောင်းပြီး Long Pass တွေနဲ့ကစားကွက်ဖော် ကစားတာ ကောင်းတာကို ကိုစိုးမိုးလည်း သိတာပဲ။ ဒါပေမယ့် စိတ်ဓာတ်ပိုင်းနဲ့ ကစားအားပိုင်းမှာတော့ ကျွန်တော်တို့ကို မမှီပါဘူး၊ အခုသူတို့မြေမှာ ကစားရမှာဖြစ်ပေမယ့် ထိုင်းအသင်းရဲ့ အားနည်းချက်ကိုနင်းပြီး အနိုင်ရအောင် ကြိုးစားသွားမှာပါ။
SM - အာဆီယံပွဲတုန်းက ဆီးမီးနဲ့ ဗိုလ်လုပွဲ ၂ ပွဲစလုံးမှာ Left Wing က အေးနန္ဒာလှိုင်ဟာ အတော်လေး ပျက်ခဲ့တယ်နော်၊ အခုသူဇာထွေးပြန်ပါလာတော့ အသင်းအလယ်တန်းက Balance ပိုကောင်းသွားပြီပေါ့။
Aye - ဟုတ်ပါတယ်၊ အဲဒီတုန်းက အေးနန္ဒာလှိုင်က Pressure ၀င်ပြီး အမှားတစ်ချို့လုပ်ခဲ့လို့ အခွင့်အရေးတစ်ချို့ ကျွန်တော်တို့ လက်လွှတ်ခဲ့ရတယ်။ အခုသူလည်း ယုံကြည်မှုနဲ့ ခြေစွမ်းပြန် တက်လာပါပြီ၊ သူက Skill ရော၊ အတွေ့အကြုံပါရှိတဲ့ သူဖြစ်တော့ ဒီပွဲမှာ အဓိကအားကိုးရမှာပါ။ ပင်နယ်တီနဲ့ Free Kick ရရင်လည်း သူပဲ ဦးစားပေးကန်ရမှာပါ၊ အခုဆို သူဇာထွေးလည်း ပြန်ပါလာပြီဆိုတော့ သန်းသန်းထွေးနဲ့ အေးနန္ဒာလှိုင်တို့လည်း အရင်လောက် Function မများ တော့ဘူးပေါ့။ သူဇာထွေး ပြန်ကစားနိုင်တာဟာ ကျွန်တော်တို့အသင်း အလယ်တန်း ပိုတောင့်တင်း သွားစေပါတယ်။
SM - အိမ်ရှင်ထိုင်းနဲ့တွေ့ရင် Pressure ပေါင်းစုံခံရမှာလေ၊ အဲဒီအတွက် ပြင်ဆင်ထားပြီးပြီလား။
Aye - မှန်ပါတယ်၊ ထိုင်းနဲ့ပွဲက Pressure တော်တော်များမှာပါ၊ ဒါကြောင့် ကျွန်တော့်ကလေးတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ အမှားမလုပ်မိဖို့၊ စိတ်ရှည်ရှည်ထားပြီး သူတို့အသင်းရဲ့ ထောင်ချောက်ထဲ ၀င်မသွားမိစေဖို့ အခွေပြန်ပြပြီး သေခြာလေ့ကျင့် ပေးထားပြီး ပါပြီ။
SM - လက်ရှိအနေအထားအရ ဒီဆီးဂိမ်းမှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် ၃ သင်းထဲကပဲ ဗိုလ်စွဲနိုင်တယ် ဆိုတော့ မြန်မာအသင်းရဲ့ အဓိက ရည်မှန်းချက်ကလည်း ဗိုလ်စွဲဖို့ပဲပေါ့။
Aye - ဟုတ်ပါတယ်၊ ဒီ ၃ သင်းထဲကပဲ ဗိုလ်စွဲမှာပါ၊ ကျွန်တော်တို့အသင်းရဲ့ အဓိကပစ်မှတ်ကလည်း ချန်ပီယံဖြစ်ရေးပါပဲ။ ဒီလိုဖြစ်အောင်လည်း အစစပြင်ဆင်ထားပြီးပါပြီ။ တကယ်ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး ကံဖေးမမှုပါရခဲ့ရင်တော့ ကျွန်တော်တို့ချန်ပီယံသေခြာပေါက်ဖြစ် မှာပါ၊ ဒီအတွက်လည်း ယုံကြည်မှုအပြည့်ရှိပါတယ်။
ဆီးဂိမ်းအမျိုးသမီးပွဲစဉ်
အုပ်စု(က) ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်
အုပ်စု(ခ) ထိုင်း၊ မြန်မာ၊ မလေးရှား
2-12-07 ညနေ ၃း၀၀ နာရီ ထိုင်း - မလေးရှား
3-12-07 ညနေ ၃း၀၀ နာရီ လာအို - ဖိလစ်ပိုင်
4-12-07 ညနေ ၃း၀၀ နာရီ မလေးရှား - မြန်မာ
5-12-07 ညနေ ၃း၀၀ နာရီ ဖိလစ်ပိုင် - ဗီယက်နမ်
7-12-07 ညနေ ၃း၀၀ နာရီ ထိုင်း - မြန်မာ
8-12-07 ညနေ ၃း၀၀ နာရီ ဗီယက်နမ် - လာအို
10-12-07 ဆီမီးဖိုင်နယ်ပွဲစဉ်များ
13-12-07 တတိယလုပွဲနှင့် ဗိုလ်လုပွဲ
|