DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
မြန်မာလည်းမလွယ်၊ ထိုင်းလည်းမချောင်
ကိုစိုးမိုး - ဒီဇင်ဘာ ၁၃၊ ၂၀၀၇

ထိုင်းနိုင်ငံနာစွန်ရက်ချာဆီမာမြို့မှာ မနေ့က ကစားသွားခဲ့တဲ့ ဆီးဂိမ်းအမျိုးသားဘောလုံးအကြို ဗိုလ်လုပွဲများမှာ မြန်မာက ဗီယက်နမ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ် (၃ - ၁) နဲ့နိုင်ခဲ့ပြီ အိမ်ရှင်ထိုင်းက စင်ကာပူကို ၃-၀ နဲ့ နိုင်ခဲ့လို့ နောက်ဆုံးဗိုလ်လုပွဲမှာ မဟာပြိုင်ဘက်ထိုင်းနဲ့ မြန်မာတို့ ပြန်ဆုံကြပါပြီ။


ဆီးဂိမ်းစ် အမှတ်တံဆိပ်

ပင်နယ်တီအထိတောင် မရောက်သင့်

အုပ်စုပွဲစဉ်ကနေစပြီး တစ်ပွဲထက်တစ်ပွဲ နည်းဗျူဟာမှန်လာပြီး ခြေစွမ်းလည်း ထက်လာခဲ့တဲ့ မြန်မာအသင်းဟာ တစ်ဖက်က အုပ်စုဗိုလ်နဲ့တက်လာတဲ့ ဗီယက်နမ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ ခြေအသာနဲ့ ပွဲချိန် တော် တော်များများ ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း တော်တော် ရခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအသင်းက စည်သူသန်း၊ စည်သူဝင်း၊ ရာဇာဝင်းသိန်း၊ ပိုင်စိုးတို့အုပ်စု ဂိုးသွင်းပုံ မသပ်ရပ်လို့ ဂိုးမရခဲ့ပါဘူး။ အထူးသဖြင့် ပွဲပြီးခါနီး ၁ မိနစ်အလိုမှာ ရာဇာဝင်းသိန်းကို ဗီယက်နမ်ဂိုးသမား အဖျက်ကြမ်းလို့ အဖိုးတန် ပင်နယ်တီ ကန်ခွင့် ရတာကို အလယ်တန်းလူ အောင်မျိုးသန့် ၀င်အောင် မကန်နိုင်ခဲ့လို့ အချိန်ပို၊ ပင်နယ်တီအထိ ရောက်ခဲ့ရတာပါ။

နည်းဗျူဟာ၊ နည်းစနစ်၊ စိတ်ဓာတ်နှင့် ကြိုးစားမှုကောင်းလို့

တစ်ပွဲလုံး ခြုံကြည့်ရင် မြန်မာအသင်းဟာ ထင်ထားတာထက် ကစားပုံရော၊ ကစားအားပါ ကောင်းခဲ့တဲ့အပြင် အနိုင်ရချင်စိတ်မှာလည်း ဗီယက်နမ်အသင်းထက်သာပြီး ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့လို့ ထိုက်ထိုက် တန်တန် နိုင်ခဲ့တာပဲလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနည်းပြ ဘရာဇီးသား မားကို့စ်ဟာ ဒီပွဲမှာ ၄-၄-၂ ပုံစံမှန်ကို သုံးခဲ့ပြီး ရှေ့တန်းမှာ စည်သူဝင်း၊ စည်သူသန်း၊ နောက်တန်း အတွင်းတို့မှာ ဇော်ထက်အောင်၊ မိုးဝင်းတို့အတွဲကို ပြန်ထုတ်ခဲ့လို့ အသင်း balance ပိုငြိမ်သွားပြီး ရာဇာဝင်းသိန်းနဲ့ ပိုင်စိုးတို့ တောင်ပံတွေကလည်း ဗီယက်နမ် အသင်းကို ဒုက္ခကောင်းကောင်း ပေးနိုင်ခဲ့တယ်။ အံ့သြစရာကောင်းတာက ညာနောက်ခံလူနေရာ သိပ်မ ကစားဖူးတဲ့ နေ၀င်းက အံဝင်အောင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အားထားရတဲ့ ဘယ်နောက်ခံလူ ခင်မောင်လွင်က အမှား တွေများပြီး သူဖက်ကချည်းပဲ ဗီယက်နမ်က တိုက်စစ်ဆင်ခဲ့တာ တွေ့ရတာပါပဲ။ ဒါကြောင့် ဒုတိယပိုင်းမှာ ခင်မောင်လွင်နာသွားလို့ တောင်ပံကစားသမား မျိုးမင်းထွန်း လဲလိုက်ချိန်မှာ မြန်မာအသင်း ပိုဖိကစား နိုင်ခဲ့တယ်။

မြန်မာအသင်း အပိုင်ဂိုးသွင်းခွင့်တွေ မ၀င်ခဲ့တာကို ဗီယက်နမ်တိုက်စစ်မှူး လီကောင်ဘင်ကန် ချက် (ခင်မောင် လွင်ရဲ့ ဘယ်ခြမ်းကပဲ ထိုးဖောက်ခဲ့တာ) ဘားတန်းထိပြီး ပြန်ထွက်လာတာနဲ့ ချေလိုက်မယ်ဆိုရင်တောင် မိနစ် ၉၀ ပြည့်ခါနီး ရာဇာဝင်းသိန်း အနာခံပြီး ရခဲ့တဲ့ ပင်နယ်တီကိုတောင် အောင်မျိုးသန့် ၀င်ခဲ့ရင် ပွဲအဖြေက ဒီလောက် ပင်ပန်းစရာမလိုဘဲ ပွဲပြီးခွင့် ရသွားမှာပါ။ တကယ်ဆိုရင် ကလပ်တွေမှာ ပင်နယ်တီကန်နေကျ ဇော်ထက်အောင်၊ ထွန်းထွန်းဝင်း(၀င်လာတာသိပ် မကြာသေးလို့ လန်းဆန်းနေ) ရာဇာဝင်းသိန်း၊ စည်သူဝင်းတို့ တစ်ဦးဦးကို နည်းပြက ကန်ခိုင်းသင့်တယ်။ ဒါသင်ခန်းစာပဲ။

အချိန်ပိုမှာလည်း ဗီယက်နမ်ကစားသမားတွေ ကစားအားကျနေတာကို မြန်မာ ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးမရခဲ့တော့ ပင်နယ်တီ ကန်ခဲ့ရတယ်။ ကစားအားကျနေရုံ တင်မကဘဲ စိုးရိမ်စိတ်ဝင်နေတဲ့ ဗီယက်နမ်အသင်းဟာ ပင်နယ်တီ ၄ လုံးမှာ ပထမဆုံး ကန်သွင်းတဲ့ အသင်းက အသင်းကပ္ပတိန် လီကောင်ဘင်ပဲဝင်ပြီး ကျန်တဲ့ ၃ ယောက်ကန် တဲ့ဂိုး မ၀င်ခဲ့လို့ ရှုံးသွားခဲ့ရတာ ဖြစ်တယ်။ ဂိုးသမားချင်းမှာ မြန်မာဂိုးသမား ကျော်ဇင်ထက်က လက်စွမ်းပိုပြနိုင်(၂ ကြိမ် ကာကွယ်ခဲ့) ခဲ့တာကြောင့်လည်း မြန်မာအသင်း အနိုင်ရခဲ့တာ ဖြစ်တယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် ဒီပွဲမှာ မြန်မာအသင်းဟာ ဗီယက်နမ်ထက် နည်းဗျူဟာ၊ နည်းစနစ် ပိုင်း၊ ကစားပုံအပိုင်း၊ ကစားသမားတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုအပိုင်း၊ ကစားအားအပိုင်းမှာပါ သာခဲ့လို့ ထိုက်ထိုက်တန်တန်နိုင်ပြီး ဗိုလ်လုပွဲ တက်သွားခဲ့ တာဖြစ်တယ်။

၃၄ နှစ်တောင် ကြာခဲ့ပြီ

တကယ်တော့ မြန်မာအသင်းဟာ ကျွန်းစွယ်ပွဲလို့ အမည်တွင်ခဲ့သေးတဲ့ ပြိုင်ပွဲကစပြီး ဗီယက်နမ်ကို အသာမ ရခဲ့သေးတာ ၃၄ နှစ်တောင်ရှိပါပြီ။ 1995 ဆီးဂိမ်းဆီးမီးပွဲမှာလည်း လီယွန်ဒက်ရဲ့ ကရာတေးကစ်နဲ့ ၀င်လာတာကို မြန်မာဂိုးသမား အောင်ကျော်ကျော် စိတ်မထိန်းနိုင်ဘဲ မထိတထိ တုန့်ပြန်ခဲ့မိလို့ အနီကတ် ထိခဲ့တဲ့အပြင် အလယ် တန်းလူ အေးနိုင်ကလည်း 2 ၀ါ၊ တစ်နီနဲ့ ထွက်ခဲ့ရပြီး ၉ ယောက်ထဲ ရှိတော့လို့ ဗီယက်နမ်ကို ခြေသာ၊ ဂိုးသာ နေရက်နဲ့ ရှုံးခဲ့ရတာဖြစ်တယ်။ အခုတော့ ၃၄ နှစ်တာ ဗီယက်နမ်ကို မကျော်နိုင်ခဲ့တာကို ဒီနှစ်မြန်မာအသင်းက ချေဖျက်ပစ်လိုက်နိုင်ခဲ့ပါပြီ။ SEAP, SEA Game မှာ မြန်မာဘောလုံးအသင်း နောက်ဆုံး ဗိုလ်စွဲခဲ့တာကလည်း 1973 နောက်ပိုင်းပြိုင်ပွဲတွေ အားလုံးပဲဆိုတော့ အခုဆို 34 နှစ်တောင် ရှိနေပြီဆိုတာပါ တိုက်ဆိုင်နေပါတယ်။

စင်ကာပူကို ထိုက်တန်စွာနိုင်ခဲ့တဲ့ ထိုင်း

ဒုတိယဆီမီးပွဲမှာလည်း အိမ်ရှင်ထိုင်းက စင်ကာပူကို 3-0 နဲ့ ထိုက်ထိုက်တန်တန် နိုင်ခဲ့တာပါ။ စင်ကာပူဟာ တစ်ဦးချင်းခြေစွမ်းမှာ ထိုင်းထက် အများကြီးမနိမ့်ပေမယ့် နည်းဗျူဟာကျကျ System Play ကစားတဲ့နေရာနဲ့ Finishing ပိုင်းမှာတော့ ထိုင်းကသာခဲ့တာ အမှန်ပါပဲ။ နိုင်ချင်စိတ်ပြင်းပြမှုနဲ့ ကြိုးစား အားထုတ်မှုအပိုင်းမှာလည်း ထိုင်းကသာခဲ့သလို ဒီပွဲမှ ထုတ်သုံးခဲ့တဲ့ နည်းစနစ်ကစားကွက်မှာလည်း ထိုင်းနည်းပြ ပိုချီဝင်းက စင်္ကာပူနည်းပြ အဘရာမိုဗစ်ခ်ျထက်သာခဲ့တဲ့အပြင် အိမ်ရှင်အခွင့်အရေးလည်း ရှိနေလို့ ထိုင်းနိုင်သင့်တာ အမှန်ပဲလို့ ဆိုရမှာပါ။

အုပ်စုအသင်းချင်း ပြန်တွေ့

ဒီဇင်ဘာ ၁၄ ရက်မှာ ကစားမယ့် တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲမှာ ဗီယက်နမ်-စင်ကာပူ၊ ထိုင်း-မြန်မာတို့ ကစားရမှာဆိုတော့ အုပ်စုမှာတွေ့ခဲ့တဲ့ အသင်းချင်း တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းသိ အသင်းချင်းပြန်တွေ့တာဖြစ်လို့ တစ်သင်းနဲ့ တစ်သင်းသိပ်မကွာဘဲ အမှားများများ လုပ်မိတဲ့အသင်း၊ ဂိုးသွင်း မသေချာတဲ့ အသင်းက ရှုံးပွဲတွေ့သွားမှာ ဖြစ်တယ်။

ဗီယက်နမ် မသာပေမယ့်

အရင်ကစားရမယ့် တတိယလုပွဲမှာ ဗီယက်နမ်ဟာ အုပ်စုမှာ သူတို့ရှုံးခဲ့တဲ့ စင်ကာပူနဲ့ ပြန်တွေ့ရမှာဆိုတော့ လက်စား ပြန်ချေခွင့် ရသွားတဲ့ သဘောပဲ။ ဒါပေမယ့် ဒီနှစ် ဗီယက်နမ်အသင်းမှာ အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမား (၆)ဦးလောက် ပြန်ပါလာပြီး စကာင်္ပူမှာတော့ (၉) ဦးလောက် ပြန်ပါနေတဲ့အပြင် လက်ရှိအသင်း လိုက်ခြေစွမ်း၊ ကစားအားနဲ့ မာကျောမှုမှာလည်း စကာင်္ပူက နည်းနည်းသာနေလို့ ဗီယက်နမ် မချောင်လောက်ဘူး။

သို့သော် ပြီးခဲ့သည့် 2000 ပြည့်နှစ် နောက်ပိုင်း ဒီ ၂ သင်းထိပ်တိုက်တွေ့ဆုံခဲ့သော ပွဲစဉ် ၄ ပွဲတွင် ဗီယက်နမ်က ၂ ပွဲနိုင်ပြီး ၂ ပွဲသရေကျခဲ့ရာ အစဉ်အလာအရ ဗီယက်နမ်က သာနေသည်။ အုပ်စုပွဲစဉ်၌လည်း စင်ကာပူကို မမျှော်လင့်ပဲ ၂-၃ ဖြင့် ရှုံးနိမ့်ထားခဲ့သော ဗီယက်နမ်အသင်းအနေဖြင့် ယခုပွဲကို အတိုးချပြီး “တင်” ကစားလာ နိုင်လို့ စင်္ကာပူလည်း မချောင်နိုင်ပေ။ သို့သော် ဆီမီးပွဲ အနေအထားအရ စင်ကာပူထက် ဗီယက်နမ်က ပွဲပို ပန်းထားသည်။ ခြုံငုံသုံးသပ်ရပါက နိုင်ချေ ဆတူရှိနေပြီး အချိန်ပိုအထိ သွားနိုင်ဖွယ်လည်း ရှိနေသည်။ လက်ရှိ စိတ်ဓာတ်ပိုင်းနဲ့ ဆီးဂိမ်း အစဉ်အလာအရဆိုလျှင်တော့ ဗီယက်နမ်ကို နည်းနည်းလေး ပိုကြိုက်ချင်သည်။

(၂) သင်းစလုံး မချောင်သည့် ဗိုလ်လုပွဲ

မြန်မာနှင့် မမျှော်လင့်ပဲ ပြန်ဆုံရ၍ ထိုင်းအခက်တွေ့နိုင်သည်။ ခြေစွမ်းပိုင်းအရ ထိုင်းကသာသော်လည်း လက်ရှိ စိတ်ဓာတ်ပိုင်းအရ မြန်မာအသင်းကသာနေသည်။ ထိုင်းအသင်းအနေဖြင့် အစဉ်အလာအရ မြန်မာအသင်းထက် အသာစီး ရရှိခဲ့တာများပြီး အုပ်စုပွဲတုန်းကလည်း 3-2 ဖြင့် နိုင်ထားခဲ့သော်လည်း မသိစိတ်ထဲတွင် မြန်မာနှင့် တွေ့တိုင်း အနည်းနှင့်အများတော့ စိုးရိမ်စိတ် ၀င်နေတတ်သည်။ ယခုဆိုရင် ပိုဆိုးသည်။ ဗီယက်နမ်ကို ကျော် ဖြတ်လာသော မြန်မာအသင်း၏ ကစားပုံ၊ ကစားအားနှင့် စိတ်ဓာတ်ပိုင်းက ထိုင်းကို ပိုပြီး စိတ်ချောက်ခြား စေနိုင်သည်။

သို့သော် ထိုင်းအသင်းမှာ System Play ကစားတာ ကျွမ်းကျင်ပြီး ဘယ်အချိန်မှာ ကစားအား၊ ကစားကွက်ကို ဘယ်လိုတင်ကစားရမလဲဆိုတာ ကောင်းကောင်းသိပြီး၊ ဂိုးလည်း စောစောသွင်းတတ်သည့် အနေအထားရှိ၍ မြန်မာအသင်း သတိလွတ်လျင် ခံသွားရနိုင်သည်။ ထိုင်းမှာ သည်ဘက် နှစ်ပိုင်းများတွင် မြန်မာအသင်းကို ရှုံးပွဲ လုံးဝမရှိသေးဘဲ ငယ်နိုင်လို ဖြစ်နေသည့်အပြင် ဆီးဂိမ်း (၇) ကြိမ် ဆက်တိုက် ချန်ပီယံဖြစ်ထားသည့် အရှိန် အ၀ါလည်း ရှိနေခြင်းကြောင့် မြန်မာအသင်း တက်ထောင်မိရင် ခံစား သွားရနိုင်သည်။

မားကို့စ် အဓိက

မြန်မာနည်းပြမားကို့စ်အနေဖြင့် တစ်ပွဲထက်တစ်ပွဲ နည်းဗျူဟာ ချမှတ်မှု မှန်ကန်လာပြီး အသင်းလိုက် ကစားပုံ လည်း ပိုကောင်းလာသည်မှာ မှန်သော်လည်း ထိုင်းနည်းပြ ပိုချီဝင်းက သူ့ထက်ပိုပြီး နည်းစနစ်ပိုင် နိုင်သည်။ အတွေ့အကြုံလည်း ရင့်သည်။ ထို့ကြောင့် အုပ်စုပွဲက ပုံစံအတိုင်း သွားကစား၍ မရတော့။ ပုံစံမျိုးစုံနှင့် နေရာစုံ ထိုးဖောက် တိုက်စစ်ဆင်တက်သော ထိုင်းအသင်း၏ အဓိက တိုက်စစ်မှူး မှာ “၀ီနိုထိုင်း”ဟု ထင်မှတ်ရသော်လည်း Shawdow Striker ဒေါင်ဒါနှင့် Midfield Attacker ဆန်ဆာနို တို့မှာလည်း မထင်မှတ်သည့် အချိန်တွင် ဂိုးတွေ တက်သွင်းနေခြင်းကြောင့် မြန်မာခံစစ်သမားများ “၀ီနိုထိုင်း” တစ်ဦးတည်းကို စောင့်ကြည့်နေလျှင် တစ်ခြား ကစားသမားတွေက ဂိုးသွင်း သွားနိုင်သည်။

မြန်မာတိုက်စစ်အတွက် အားထားရသည့် ရာဇာဝင်းသိန်းနဲ့ ပိုင်စိုးတို့ကိုလည်း ထိုင်းက လှုပ်ရှားခွင့် သိပ်မရအောင် Marking လုပ်ကစားမည်ဖြစ်၍ မြန်မာနည်းပြ မားကို့စ်အနေဖြင့် နည်းစနစ်၊ ကစားကွက်၊ လူထုတ်ပုံ အမှား မရှိမှ သာ ထိုင်းအသင်းကို အငိုက်ဖမ်းပြီး အနိုင်ယူနိုင်မည့် အခွင့်အရေး ရနိုင်သည်။

ထိုင်းမှာ အိမ်ရှင်လည်း ဖြစ်ပြီး ဒိုင်လူကြီးများ၏ မျက်နှာာပေးမှုကိုလည်း အနည်းငယ်ပိုရနိုင် သည့်အပြင် တစ်ဖက် အသင်းအပေါ် နည်းပရိယာယ်အပြည့်ဖြင့် “ဆွ” ကစားတတ်ခြင်းကြောင့် မြန်မာ ကစားသမား အားလုံး တည် တည်ငြိမ်ငြိမ်နဲ့ Foul Play သိပ်မရှိအောင် ကစားတတ်ဖို့လည်း လိုသေးသည်။ အထူးသဖြင့် ဘယ်ခြမ်းမှ ခင်မောင်လွင်သည် ရှေ့ပွဲများတွင် အမှားများခဲ့၍ ယခုပွဲတွင် ပိုတည်ငြိမ်အောင် ကစားတတ်မှ မြန်မာ အခြေအနေ ကောင်းနိုင်သည်။

(၃၄) နှစ်အတွင်း ပြန်ရတဲ့ ချန်ပီယံဆုဖြစ်မလား

သို့သော် မြန်မာအသင်း၏ စိတ်ဓာတ်ပိုင်းမှာ လက်ရှိအနေအထားတွင် အမြင့်ဆုံးဖြစ်နေပြီး အုပ်စုမှာ ရှုံးခဲ့သော ထိုင်းကို အတိုးရော၊ အရင်းပါ ပြန်ဆပ်ဖို့ စိတ်ဆန္ဒများ ပြင်းထန် နေနိုင်သည်။ အခြေအနေ အရပ်ရပ်တွင် ထိုင်းက နိုင်ချေအနည်းငယ် ပိုသာနေသော်လည်း မြန်မာအားကစားအဖွဲ့တွေ ရွှေတံဆိပ် (ဒီဇင်ဘာ ၁၁ ရက်နေ့ညအထိ) ၄ ခု သာရနေသေးသည့် တွန်းအား၊ ဘောလုံးအောင်မြင်မှုဟာ ပြိုင်ပွဲတစ်ခုလုံး အောင်မြင်မှု ဖြစ်နေစေသော သက်ရောက်မှု တွန်းအား၊ ထိုင်းနိုင်ငံရောက် မြန်မာပရိသတ်အများအပြားနှင့် ပြည်တွင်းက တခဲနက် အားပေး နေကြမည့် မြန်မာပရိသတ်အားလုံး၏ တွန်းအားများကြောင့် မြန်မာအသင်း ဗိုလ်မစွဲဟုလည်း ယခုအချိန်တွင် မည်သူမျှ မပြောနိုင်ပေ။

မြန်မာတွေအတွက် ဘောလုံးချန်ပီယံရွှေတံဆိပ်သည် အရာအားလုံးကို မေ့ပျောက်သွားလောက်အောင် လွမ်းမိုး နိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ယခုဗိုလ်လုပွဲမှာ မြန်မာလည်းမလွယ်၊ ထိုင်းလည်း မချောင်ပဲ ရီးယဲလ်နဲ့ ဘာကာ၊ အေစီနဲ့ အင်တာ၊ မန်ယူနဲ့ အာဆင်နယ်၊ လီဗာပူးနဲ့ ချယ်လ်ဆီး ပွဲတို့လိုပဲ အမှားနည်းနည်းပို လုပ်မိသည့် အသင်းက တန်ဖိုးကြီးကြီး ပေးဆပ် လိုက်ရမည်ဖြစ်သည်။ ကျွန်တော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာကိုပဲ မျှော်လင့် အားပေးရုံသာ ရှိတော့သည်။