ထိုင်းနိုင်ငံဟာ ဒီနှစ် ၂၄ ကြိမ်မြောက် ဆီးဂိမ်းကို ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်တော် ၈၀ ပြည့်မွေးနေ့ အထိမ်း အမှတ်ကာလနဲ့ တိုက်ဆိုင်နေလို့ ငွေကုန်ကြေးကျများစွာ ကုန်ကျခံပြီး အထူးစည်းကားသိုက်မြိုက်စွာ ကျင်းပပေးနေတာ တွေ့ရတယ်။ အာဆီယံ ဒေသအတွင်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သမိုင်းတစ်လျှောက် အိမ်ရှင်အဖြစ် အကြိမ်အများဆုံး လက်ခံကျင်းပနိုင်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ ၆ ကြိမ်မြောက် အိမ်ရှင် လုပ်ခဲ့တဲ့ ဒီနှစ်ဆီးဂိမ်းကို ခါတိုင်းနှစ်တွေနဲ့မတူအောင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ပြီး ခမ်းနား ထည်ဝါစွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဆီးဂိမ်းအမှတ်တံဆိပ်
တခြားနိုင်ငံများထက် တိုးတက်မှုရှိကြောင်း ပြသခြင်း
လက်ရှိအနေအထားမှာ ထိုင်းနိုင်ငံဟာ အာဆီယံဒေသအတွင်း နိုင်ငံတွေထဲမှာ အလွန် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်နေပြီး ဒီနှစ်ဆီးဂိမ်းကို သူတို့ရဲ့မြို့တော် ဘန် ကောက်မှာ အားကစားနည်းအနည်းအကျဉ်းလောက်ပဲ လက်ခံ ကျင်းပခဲ့ပြီး ခိုရက်လို့ ခေါ်တဲ့ နာခွန်ရက်ချာစီမာမြို့မှာ Home Town သဘောမျိုး သတ်မှတ်ပြီး အားကစား နည်း အကုန်နီးပါး လက်ခံကျင်းပခဲ့တာကိုကြည့်ရင် သူတို့နိုင်ငံဟာ အခြား အာဆီယံ နိုင်ငံ တွေထက် အားကစား အခြေခံအဆောက်အဦးတွေ ပေါကြွယ်ဝမှု ပိုရှိတယ် ဆိုတာနဲ့ နိုင်ငံရေး၊ စီးပွားရေးအရလည်း သာလွန်မှုရှိနေတာကို သွယ်ဝိုက်တဲ့နည်းနဲ့ ထုတ်ဖော် ပြသလိုက်တာပဲ ဖြစ်တယ်။ ဘာကြောင့် လည်းဆိုတော့ တခြားနိုင်ငံတွေက ဆီးဂိမ်း အိမ်ရှင်ဘက်ကို သူတို့ရဲ့ မြို့တော်တွေမှာပဲ လက်ခံကျင်းပလေ့ရှိပြီး အခြားမျိုးတွေမှာ ဆီးဂိမ်းပြိုင်ပွဲကြီးကို လက်ခံကျင်းပနိုင်တဲ့ အခြေအနေနဲ့ အနေအထားမျိုး ရှိမနေသေး တာကို ထုတ်ဖော်ပြသတဲ့ အနေနဲ့ ခုလို မြို့တော်မဟုတ်တဲ့ တခြားမြို့တွေမှာ ဆီးဂိမ်း အားကစားပွဲကို Home Town အဖြစ် ကျင်းပပေးခဲ့တာ မဟုတ်ပါလား။ ၁၉၉၅ ခုနှစ် ၁၈ ကြိမ်မြောက်တည်းက ချင်းမိုင်မြို့ မှာ ကျင်းပခဲ့တယ် မဟုတ်လား။
ခမ်းနားကြီးကျယ်စနစ်ကျနမှု
လက်ရှိအာဆီယံနိုင်ငံထဲမှာ ဆီးဂိမ်း(Sea Games လည်းအပါအ၀င်) ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အကြိမ်အများဆုံး သုံးနိုင်ခဲ့တဲ့နိုင်ငံပီပီ အခု ၆ ကြိမ်မြောက် အိမ်ရှင်လုပ်တဲ့ ဆီးဂိမ်းကိုလည်း အဘက်ဘက်မှ ဟာကွက်မရှိအောင် စနစ်တကျ ကြို တင်ပြင်ဆင်ပြီး ဆောင်ရွက်ခဲ့တာတွေ့ရတယ်။ ပင်မအားကစား ပြိုင်ပွဲတွေကို လက်ခံ ကျင်းပမယ့် နာခွန်ရက်ချက်ဆီမာ (ခိုရက်)မြို့မှာ အားကစားရွာကြီးတစ်ခုကို အဆင့် မီမီတည်ဆောက်ထားခဲ့ပြီး လိုအပ်တဲ့အခြေအခံ အဆောက်အဦးတွေကိုလည်း ငွေကုန် ကြေးကျများစွာ ကြိုတင် တည်ဆောက်ခဲ့တာ တွေ့ရတယ်။
ထိုင်းဘုရင်ရဲ့သက်တော် ၈၀ ပြည့်မွေးနေ့ရက်အပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားကိုလည်း အလွန်ခမ်းနားကြီးကျယ်စွာ စီစဉ်တကျကျင်းပသွားခဲ့တာကို အားကျဖွယ်ရာတွေ့ရတယ်။ သတင်းတွေရဲ့ အဆိုအရ ထိုင်းနိုင်ငံဟာ ဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားအတွက်ပဲ အမေရိကန်ဒေါ်လာ ၅ သန်းနီးပါး အသုံးပြုထားခဲ့တယ်လို့ သိရတယ်။ အားကစား အမျိုးအစားအလိုက် ပြိုင်ပွဲတွေကို သတ်မှတ်ချိန်ဇယားနဲ့ တိတိကျကျ ကျင်းပနိုင်အောင်လည်း ဟာကွက်၊ ပျော့ကွက်မရှိ အောင် စီစဉ်ထားနိုင်တာ အတုယူစရာကောင်းပါတယ်။
အခုအချိန်ထိ ပြိုင်ပွဲအားကစားသမား ၈၀၀၀ ကျော်ရဲ့ နေထိုင်သွားလာစား သောက်မှု နဲ့ပတ်သက်ပြီး ဟာကွက် သိပ်မရှိအောင် ဆောင်ရွက်ထားနိုင်သလို အရေးကြီး ဆုံးဖြစ်တဲ့ လုံခြုံရေးကိစ္စတွေကိုလည်း အားနည်းချက် တစ်စုံတစ်ရာမရှိအောင် စီမံ ဆောင်ရွက်ထား နိုင်တာတွေ့ရတယ်။ ဆီးဂိမ်းပြိုင်ပွဲသမိုင်း တစ်လျှောက်မှာ အားက စားနည်းအရေအတွက် အများဆုံးလက်ခံ ကျင်းပခဲ့တာ ဖြစ်ပေမယ့် ထည့်သွင်း ကျင်းပတဲ့ အားကစားနည်းတွေအလိုက် ကွင်းအခက်အခဲဖြစ်တာတို့၊ လေ့ကျင့်ရေး ကွင်းပြသာနာရှိတာတို့၊ ပြိုင်ပွဲကျင်းပရေးအတွက် အထောက်အကူပြု ပိုင်းဆိုင်ရာမှာ လိုအပ်ချက် မရှိတာကိုလည်း အားကျဖွယ်တွေ့ရှိရ မယ်။
အကျိုးကျေးဇူးများစွာရှိ
အားကစားပြိုင်ပွဲကြီးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့နိုင်ငံဟာ အဲဒီပြိုင်ပွဲ အတွက်ရင်းနှီးမြှုပ်နှံထားတဲ့ အထွေထွေကုန် ကျစရိတ်များစွာ ရှိနေနိုင်ပြီး တာဝန်ပိုင်း အရကြည့်ရင်လည်း အမှားအယွင်းမရှိအောင် ၀န်ထုပ်ဝန်ပိုးတွေ ရှိနေတတ်ပေမယ့် နိုင်ငံတိုင်းလိုလိုဟာ အထင်ကရ အားကစားပြိုင်ပွဲကြီးတွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရဖို့ အပြိုင်ကြိုးစားလေ့ရှိကြတာ အားကစားလောကကို လေ့လာတတ်တဲ့ သူတိုင်း သိရှိနိုင်ပါတယ်။ ကမ္ဘာ့ဖလား၊ ဥရောပဖလား၊ အာရှဖလားကဲ့သို့ ပြိုင်ပွဲ ကြီးတွေနဲ့ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲ၊ တိုက်အလိုက် အားကစားပြိုင်ပွဲကြီးတွေကို ဆိုင်ရာ နိုင်ငံတွေအနေနဲ့ အိမ်ရှင်အဖြစ်လုပ်ခွင့်ရဖို့ နှစ်ပေါင်းများ စွာကြိုတင်ပြီး ယှဉ်ပြိုင် နေကြရတာ အားလုံးအမြင်ပါပဲ။
ခု ဆီးဂိမ်းကိုလည်း နိုင်ငံတချို့ကလွဲရင် အရှေ့တောင်အာရှနိုင်ငံအများစုမှာ အိမ်ရှင် ဖြစ်ခွင့်ရဖို့ အပြိုင်အဆိုင် ကြိုးပမ်း လျက်ရှိကြပါတယ်။ အခု ၂၀၀၇ ဆီးဂိမ်းပြီးရင် ၂၀၀၉ ဆီးဂိမ်းကို လာအိုနိုင်ငံ အိမ်ရှင် လုပ်ခွင့် ကြိုတင်ရရှိထားအောင် ကြိုးစားနိုင်ပြီ ဖြစ်သလို ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ပြိုင်ပွဲတွေကိုလည်း အိမ်ရှင်လုပ်ခွင့်ရဖို့ အခုက တည်းက နိုင်ငံအချို့ဟာ ကြိုတင်ကြိုးစားနေ ကြတာကို အားရဖွယ်တွေ့ရှိရတယ်။
ထိုင်းနိုင်ငံအနေနဲ့ အခုဆီးဂိမ်းကို အိမ်ရှင်လုပ်ခွင့်ရတဲ့အတွက် အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ် ပါတယ်။ ပထမဆုံးအနေနဲ့ အိမ်ရှင်နိုင်ငံဖြစ်လို့ ကိုယ့်နိုင်ငံအတွက် ရွှေတံဆိပ်ရဖို့ သေချာနိုင်တဲ့ ရိုးရာအား ကစားနည်းတွေကို ပြိုင်ပွဲဝင် အားကစား နည်းအဖြစ် ထည့်သွင်းကျင်းပခွင့် ရရှိခဲ့သလို ပြိုင်ပွဲတော်တော်များများကိုလည်း အိမ်ရှင်အားသာချက်ယူပြီး ပွဲစဉ်ရေးဆွဲတာတို့၊ ပွဲချိန် သတ်မှတ်တာတို့၊ ကွင်းရွေးပြီး ကျင်းပတာတို့စတဲ့ အခွင့်အရေးတွေ ရရှိနေတာ တွေ့ရတယ်။ ဒီနှစ်ထည့်သွင်းကျင်းပတဲ့ အားကစား နည်းပေါင်း ၄၃ မျိုးထဲမှာ ထိုင်းအသင်းအနေနဲ့ သေချာပေါက်ရနိုင်တဲ့ အားကစားနည်းက ၃ ပုံ ၂ ပုံလောက်ရှိနေပြီး တခြားနိုင်ငံတွေ သိပ်မရင်းနှီးသေးတဲ့ အားကစားနည်းအချို့ကိုလည်း ထည့်သွင်းကျင်းပမှာဖြစ်လို့ ထိုင်းနိုင်ငံအနေနဲ့ ရွှေတံဆိပ်အရေအတွက် ပိုရနိုင်မယ့် အခွင့်အရေးကောင်းတွေ ရှိနေတာ တွေ့ရတယ်။ ဒါ့အပြင် လူသိပ်မသိသေးတဲ့ အားကစားနည်းတချို့ကိုလည်း အိမ်ရှင်နိုင်ငံရဲ့ မိတ်ဆက် အားကစားနည်း အဖြစ် ထည့်သွင်းကျင်းပခဲ့တဲ့အပြင် ထိုင်းနိုင်ငံဟာ အားကစား အဖွဲ့ဝင်ပေါင်း ၁၀၀၀ ကျော်နဲ့ အရေအတွက်အများဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့လို့ ရွှေတံ ဆိပ်ရဖို့ အခွင့်အရေးတွေ ရှိနေခဲ့တယ်။ ပြိုင်ပွဲတစ်ခု တည်းမှာပဲ ပါဝင်တဲ့ကစားသမား ၆ ယောက်လောက်ထဲမှာ ထိုင်းကစားသမား ၃ ဦးလောက် ၀င်ပြိုင်တာ မျိုးရှိလို့ ထိုင်းနိုင်ငံအနေနဲ့ ပြိုင်ပွဲ ၅ ပွဲလောက်မှာ အနိမ့်ဆုံး ရွှေတံဆိပ် ၃ ခုလောက် မျှော် မှန်းနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်။
အိမ်ရှင်အခွင့်အရေး အားသာချက်ကို အသိသာဆုံးယူထားတဲ့ အချက်ကတော့ ဘောလုံးပြိုင်ပွဲ ၄ ပွဲပါပဲ။ အဲဒီ ၄ ပွဲကတော့ ကွင်းကြီးမှာကစားရတဲ့ ဘောလုံးပြိုင်ပွဲနဲ့ ရုံတွင်းမှာကစားရတဲ့ ဖူဆယ်ဘောလုံး ပြိုင်ပွဲတို့ပဲဖြစ်တယ်။ အဲဒီပြိုင်ပွဲ ၄ ပွဲမှာ ထိုင်းအသင်းဟာ သူတို့အသင်းကို အားသာချက်အများကြီးရှိစေနိုင်တဲ့ အုပ်စုမျိုး၊ ပွဲစဉ်ဇယားမျိုး ရေးဆွဲထားတာ တွေ့ရတယ်။ ဒါကို သက်ဆိုင်ရာ နိုင်ငံတွေကလည်း ထိထိရောက်ရောက် မကန့်ကွက်နိုင်ကြတော့ ဒီပြိုင်ပွဲ ၄ ပွဲစလုံးမှာ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံးဖြစ်နေ တယ်။ အမျိုးသားဘောလုံးပြိုင်ပွဲမှာ ထိုင်းဟာ အုပ်စုမဲနှိုက်ပြီး ပွဲစဉ်ရေးဆွဲခဲ့တာလို့ဆိုပေမယ့် အုပ်စု က မှာ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့နဲ့ကျနေပြီး အုပ်ခု ခ မှာတော့ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့ကျနေတယ်။ ထိုင်းအသင်းဟာ ပွဲစဉ်အကုန်လုံးကို နောက်ကျပွဲ အဖြစ်ပါ ကစားရပြီး အုပ်စု က အဆုံးအဖြတ် နောက်ဆုံးပွဲစဉ်ကိုလည်း ဖီဖာရဲ့ Fair Play သဘောအရ ပွဲစဉ် ၂ ပွဲစလုံး တစ်ချိန် တည်း ကစားရမှာဖြစ်ပေမယ့် မြန်မာ - ကမ္ဘောဒီးယားက နေ့လည် ၂ နာရီမှာကစားပြီး ထိုင်း - အင်ဒိုပွဲကိုတော့ ည ၇း၁၅ မှာ ကစားစေတာဟာ အိမ်ရှင်အခွင့်အရေးကို ပေါ်တင်ကြီး အသာစီးယူ ရေးဆွဲထားတဲ့ သဘောပါပဲ။ အမျိုးသားဖူဆယ်ပြိုင်ပွဲမှာလည်း ဒီလိုပဲ ထိုင်းဟာ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်တို့နဲ့ တစ်အုပ်စုတည်းကျအောင် မဲနှိုက်ထားပြီး အရေးပါတဲ့ နောက်ဆုံး ပွဲစဉ်ကို ဖိလစ်ပိုင်-မြန်မာပွဲစဉ်ပြီးမှ ညနေ ၅း၃၀ မှာ ထိုင်း - မလေးရှားပွဲစဉ်ကို ကစားခဲ့တယ်။ အမျိုးသမီး ဖူဆယ်ပွဲစဉ်ကိုလည်း ထိုင်းပွဲစဉ်က ဒုတိယပွဲစဉ်တွေချည်းပဲ ဖြစ်နေတာကိုကြည့်ရင် ထိုင်းဟာ ဒီဘောလုံးပြိုင်ပွဲ ၄ ခုလုံးကို မဖြစ်မနေ ရွှေရ အောင်ယူဖို့ ကြိုတင်စီမံထားတဲ့ သဘောပါပဲ။
တခြားအားကစားပြိုင်ပွဲတွေမှာလည်း ဒီလိုပါပဲ။ ထိုင်းနိုင်ငံဟာ သူတို့အသင်း အသာရ စေမယ့် ပွဲချိန် ဇယားတွေကို စိတ်ကြိုက် ရေးဆွဲထားတာ တွေ့ရတယ်။
ဒီပြိုင်ပွဲကြီးကို ပြိုင်ပွဲဝင်အားကစားအဖွဲ့ကြီး သက်သက် လူ ၈၀၀၀ ကျော်လောက် လာရောက်ယှဉ် ပြိုင်မှာဖြစ်တဲ့အပြင် ဒီပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်က လာကြည့်မယ့် နိုင်ငံခြားသား ဧည့်သည်တွေကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေး ၀င်ငွေအကျိုးအမြတ်ဟာ တည်းခိုနေထိုင်၊ သွားလာ၊ စားသောက်လုပ်ငန်းများသာ မကဘဲ တခြားရောင်း ၀ယ်ရေးလုပ်ငန်းများမှာပါ ၀င်ငွေများစွာရရှိမယ့် အကျိုးကျေးဇူးများစွာ ခံစားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ စပွန်ဆာကြေးတွေ၊ ရုပ်သံမီဒီယာနဲ့ ဆက်သွယ်ရေး ၀န်ဆောင် ခတွေ ကလည်း ၀င်ငွေတွေ များစွာရရှိဦးမှာ ဖြစ်ပါတယ်
လိုတာထက်ပိုပြီး အခွင့်အရေးယူထား
ထိုင်းနိုင်ငံဟာ အာဆီယံဒေသထဲမှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆီးဂိမ်းကို လည်း အကြိမ်အများဆုံးလက်ခံကျင်းပပေးနိုင်တဲ့ နိုင်ငံဆိုတဲ့ အရှိန်အ၀ါနဲ့ ဒီနှစ်ဆီး ဂိမ်းပြိုင်ပွဲကို အိမ်ရှင်အခွင့်အရေးအဖြစ် လိုအပ်တာထက်ပိုပြီး အသားစီးယူခဲ့တာတွေ့ရ တယ်။ အထက်မှာပြောခဲ့သလို သူတို့ရွှေရဖို့များတဲ့အား ကစားနည်းတွေ ထည့်သွင်း ကျင်းပတာတို့၊ ပြိုင်ပွဲတိုင်းမှာ အားကစားသမားအရေအတွက် ပိုမိုထည့်သွင်း ယှဉ်ပြိုင် စေတာတို့၊ သူတို့အသင်းကို အသာရစေမယ့် အုပ်စုခွဲတာတွေနဲ့ ပွဲစဉ်ရေးဆွဲတာတို့ စတဲ့ အချက်တွေကြောင့် သိသိသာသာ အသာစီးယူထားသလို တခြားက@ တွေမှာလည်း အသားစီးယူထားတာ တွေ့ရတယ်။ ရုပ်သံထုတ်လွှင့်မှု အပိုင်းမှာလည်း သူတို့အသင်းကစားတဲ့ ပွဲစဉ်ကိုသာ အဓိကထား တိုက်ရိုက်ထုတ်လွှင့်ပြီး တခြား အသင်းတွေကစားတဲ့ ပွဲစဉ်ဆိုရင် ပရိသတ်အားပေးမှု သိပ်မရစေအောင် အချိန်အ ပြောင်းအလဲ ထုတ်လွှင့်တာတို့၊ delay ပြတာတို့၊ တိုက်ရိုက်ထုတ်လွင့် နေတဲ့အချိန်မှာ တခြားအားကစားပြိုင်ပွဲတွေကို ပြောင်းပြတာတို့စတဲ့ အပိုင်းတွေမှာလည်း အသားစီး ယူထားသလို အားကစားသတင်းတွေနဲ့ ပတ်သက်လို့လည်း သူတို့နိုင်ငံအသင်း ကစားတဲ့ ပွဲစဉ်ရလဒ်နဲ့ ပြိုင်ပွဲဝင်တဲ့ဓာတ်ပုံတွေကိုတောင် အင်တာနက်ဝက်ဘ် ဆိုက် များမှာ အချိန်နဲ့တပြေးညီမြှင့်တင်ပြီး တခြားနိုင်ငံရဲ့အားကစားသတင်းတွေကို အနည်း ငယ်လောက်ပဲ လွှင့်တင်ပေးနေတာမျိုး လည်း ရှိပါတယ်။
ထိုင်းပဲ ဗိုလ်စွဲမှာသေချာ
၏ဒီလိုအဖက်ဖက်က အိမ်ရှင်အခွင့်အရေးကို သိသိသာသ အသာစီးယူထားလို့ လက်ရှိအချိန်မှာလည်း ထိုင်းနိုင်ငံက ရွှေတံဆိပ် အများဆုံးရရှိနေပြီး ပြိုင်ပွဲပြီးချိန် မှာလည်း သူတို့ပဲ ဗိုလ်စွဲမှာ သေချာသလောက်ပဲ။ ဒါဟာ တခြားနိုင်ငံတွေအတွက် ခံပြင်းစရာ၊ မကျေနပ်စရာဖြစ်နေပေမယ့် သူတို့လို အိမ်ရှင်အခွင့်အရေး ရချင်ရင် သူတို့လို ဆီးဂိမ်းပြိုင်ပွဲကို များများလက်ခံကျင်းပနိုင်အောင် ကြိုးစားရုံပဲရှိပါတယ်။ ဆီးဂိမ်းပွဲကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနိုင်ခြင်းမရှိသေးတဲ့ နိုင်ငံတွေအတွက်က ဒီလိုတစ်ဘက်သက်အသာ စီးယူမှုတွေ ရင်ဆိုင်ကြုံတွေ့နေရဦးမှာ ဖြစ်ပါတယ်။
နှစ်အလိုက် SEAP/SEA GAMES အိမ်ရှင်လုပ်ခဲ့သည့် နိုင်ငံများ
၁၉၅၉ ထိုင်း
၁၉၆၁၊ မြန်မာ
၁၉၆၅၊ မလေးရှား
၁၉၆၇၊ ထိုင်း
၁၉၆၉၊ မြန်မာ
၁၉၇၁၊ မလေးရှား
၁၉၇၃၊ စင်္ကာပူ
၁၉၇၅၊ ထိုင်း
၁၉၇၇၊ မလေးရှား
၁၉၇၉၊ အင်ဒိုနီးရှား
၁၉၈၁၊ ဖိလစ်ပိုင်
၁၉၈၃၊ စင်္ကာပူ
၁၉၈၅၊ ထိုင်း
၁၉၈၇၊ အင်ဒိုနီးရှား
၁၉၈၉၊ မလေးရှား
၁၉၉၁၊ ဖိလစ်ပိုင်
၁၉၉၃၊ စင်္ကာပူ
၁၉၉၅၊ ထိုင်း
၁၉၉၇၊ အင်ဒိုနီးရှား
၁၉၉၉၊ ဘရူနိုင်း
၂၀၀၁၊ မလေးရှား
၂၀၀၃၊ ဗီယက်နမ်
၂၀၀၅၊ ဖိလစ်ပိုင်
၂၀၀၇၊ ထိုင်း
|