ဒီနှစ် ယူအီးအက်ဖ်အေဖလားပြိုင်ပွဲဟာ အုပ်စုအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်။ ပထမ အဆင့်မှာ ခြေစစ်ပွဲအောင်လာတဲ့အသင်းပေါင်း ၄၀ ကို ၅ သင်းစီပါတဲ့ ၈ အုပ်စုခွဲထားရာမှာ အုပ်စုတိုင်းဟာ အသင်းကောင်းတွေပါနေပြီး မျှတမှုရှိတယ်လို့ဆိုရ မယ်။ ဒီနှစ်မှာ အုပ်စုအ ဆင့်ကို သူ့မြေကိုယ့်မြေပတ်လည်စနစ်နဲ့ ပွဲပြည့်ကစားရတာမျိုးမဟုတ်ဘဲ တစ်သင်းကို အိမ်ကွင်း ၂ ပွဲ၊ အဝေးကွင်း၂ ပွဲ၊ စုစုပေါင်း ၄ ပွဲစီသာ အတွဲလိုက်ကစားရမှာဖြစ်လို့ တစ်ပွဲ လောက်ခြေချော်ရုံနဲ့ အုပ်စုအဆင့်က ကျန်ခဲ့နိုင်တယ်။
ဒါပေမယ့် တစ်ခုရှိတာက ၅ သင်းမှာ အမှတ်အများဆုံး ၃သင်းစီ အုပ်စုတက်ခွင့်ရမှာဆို တော့ ပွဲရလဒ်ကို ထိန်းကစားတတ်တဲ့အသင်းတွေဟာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အ ရေးပိုရှိနိုင်တယ်။အထူးသဖြင့် အိမ်ကွင်းမှာကစားရတဲ့နှစ်ပွဲစလုံးကို ဂိုးပြတ်အနိုင်ရအောင် ကစားနိုင်တဲ့အသင်းဟာ အုပ်စုကကျွတ်ဖို့ မျှော်လင့်ချက်ပိုကောင်းနိုင်တယ်။ ကစားရမယ့် ၄ ပွဲမှာ အိမ်ကွင်း ၂ ပွဲနိုင်ပြီးအဝေးကွင်းမှာ တစ်ပွဲလောက်နိုင်အောင် ကစားနိုင်တဲ့အသင်း ဟာနောက်တစ်ဆင့်တက်ဖို့ နီးစပ်နိုင်တယ်။ ဒါကြောင့် ဒီနှစ်အုပ်စုအဆင့်ပွဲစဉ်တိုင်းဟာ တစ်သင်းနဲ့တစ်သင်း အမှားမခံဘဲသတိကြီးစွာနဲ့အားထည့်ကစားကြမှာဖြစ်လို့ ပွဲတိုင်းဟာ တစ်မျိုးစီစိတ်ဝင်စားစရာကောင်းနေတယ်။

ယူအီးအက်ဖ်အေ အမှတ်တံဆိပ်
ပြီးခဲ့တဲ့နှစ်ပတ်ကျော်က အုပ်စုအဖွင့်ပွဲစဉ်တွေကို ကစားသွားတဲ့အနေအထားအရ နာမည် ကြီးအသင်းအများစုဟာရလဒ်ကောင်းခဲ့တာတွေ့ရတယ်။ ဒါပေမယ့် ပွဲစဉ်တစ်ပွဲတည်း ရလဒ်ပိုင်းကိုကြည့်ပြီးတော့ ဘယ်အသင်းတွေနောက်တစ်ဆင့်တက်နိုင်သလဲဆိုတာခန့်မှန်း ဖို့ခက်နေသေးတယ်။ လက်ကျန် ၃ ပွဲမှာ အသင်းတိုင်းဟာမျှော်လင့်ချက်ကိုယ်စီနဲ့ အား ထည့်ကစားလာမှာဖြစ်လို့ ဒီတစ်ပတ်ပွဲစဉ် ၂ မှာ အသင်းတိုင်းဟာ ခြေကုန်ထုတ်ပြီးရလဒ် ကောင်းအောင် အပြိုင်ကြိုးစားတာကိုတွေ့ရနိုင်တယ်။
ဒီနှစ် ယူအီးအက်ဖ်အေပြိုင်ပွဲမှာ လက်ရှိချန်ပီယံဆီဗီးလားအသင်းဟာ ချန်ပီယံလိဂ် တက်ကစားနေလို့ ထူးထူးခြားခြား လက်ရှိချန်ပီယံမပါဝင်သလို ဒီပြိုင်ပွဲသမိုင်းမှာ အအောင် မြင်ဆုံးနှစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းတွေလည်း မပါတဲ့ပြိုင်ပွဲဖြစ်နေ ပေမယ့် ဘိုင်ယန်မြူးနစ်၊ အန်ဒါးလက်ခ်ျ၊ ပါနာသီနိုင်းကော့စ်၊ အေအီးကေအေသင်၊ စပါတာပရပ်တို့လို ချန်ပီယံလိဂ်အတွေ့အကြုံများတဲ့ အသင်းကြီးတွေပါလာခဲ့သလို တော့တင်ဟမ်၊အက်သလက်တီကို၊ ဂါလာတာစာရေး၊ ဗီလာရီးယဲလ်၊ စပါးတပ်မော်စကို၊ စပါတာပရပ်၊ အယ်လ်ခမာတို့လို ဆိုင်ရာဥရောပလိဂ်ကထိပ်တန်းအသင်းတွေလည်း ပါနေလို့ ပြိုင်ပွဲအဆင့်အတန်းဟာဒီနှစ်မှာပိုပြီး မြင့်မားနေတယ်လို့တောင်ဆိုနိုင်ပါတယ်။
ဒီအုပ်စုအဆင့်ကိုကျော်ပြီး နောက်တစ်ဆင့်ရောက်ရင် ချန်ပီယံလိဂ်အုပ်စအဆင့်မှာ တတိယရတဲ့အသင်း ၈ သင်းနဲ့ပေါင်းပြီးအုပ်စုပြန်ဖွဲ့ကာ ကစားရမှာဖြစ်လို့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရည်မှန်းထားတဲ့ အသင်းတွေအနေနဲ့ ဒီအုပ်စုအဆင့်ကို ရလဒ်ကောင်းကောင်းနဲ့ ကျော်ဖြတ်နိုင်အောင် ကြိုးစားမှသာ နောက်တစ်ဆင့်မှာ အလားအလာကောင်းနိုင်မှာဖြစ် တယ်။ ဒါကြောင့် တစ်ပွဲစကစားပြီးသွားချိန်မှာ (အုပ်စုတစ်ခုစီမှာ လေးသင်းဟာ တစ်ပွဲစ ကစားခဲ့ပြီးဖြစ်သော်လည်း မကစားရသေးတဲ့တစ်သင်းစီတော ရှိနေသေးတယ်။) အုပ်စု တစ်ခုခြင်းအနေအထားကို သုံးသပ်ကြည့်ပြီး ဘယ်အသင်းတွေအလားအလာကောင်းနိုင် သလဲဆိုတာ ကြိုတင်တွေးကြည့်ရတာလဲ စိတ်ဝင်စားစရာကောင်းပါတယ်။
အဲဗာတန်အတွက် ထိုက်တန်တဲ့တစ်နေရာ
လက်ရှိအုပ်စု A မှာ တစ်ပွဲကစားပြီး နိုင်ပွဲစတင်ရရှိကာဇယားထိပ်မှာ ဦးဆောင်နေနိုင်တဲ့ အဲဗာတန်အသင်းအတွက် အုပ်စုအဆင့်ကကျော်ဖြတ်ဖို့ တစ်နေရာတော့ ထိုက်တန်နေပြီ လို့တစ်ဝက် လောက်ပြောရမလိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ နယ်သာလန်က နာမည်ကြီးကလပ် အယ်လ်ခမာဟာ ပွဲစဉ် ၁ မှာဇင်းနစ်အသင်းကို တစ်ဂိုးစီသရေကျခဲ့လို့ ဒီအုပ်စုမှာ အဲဗာတန်အနေနဲ့ အနိမ့်ဆုံးဒုတိယနေရာလောက်တော့ ရောက်နိုင်တယ်လို့ ခန့်မှန်းရတယ်။ ဂျာမန်ကလပ် နုရင်ဘာ့ဂ်ဟာ ဒီတစ်ပတ်မှပွဲစဉ် ၁ စကစားရမှာဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ထားလို့ရနိုင်သေးတယ်။ ဇယားအောက်ဆုံးက လာရီဆာကတောဒီပုံနဲ့ဆိုအခြေအနေသိပ်ကောင်းနိုင်ဖွယ်မရှိဘူး။ ဒီတစ်ပတ် လာရီဆာနဲ့ ဇင်းနစ်၊ နုရင်ဘာ့ဂ်နဲ့ အဲဗာတန်တို့ ကစားရမှာဖြစ်လို့ နှစ်ပွဲစလုံးအကြိတ်အနယ်ရှိနိုင်တယ်။ ဒီတစ်ပတ်မှာ အဲဗာတန်သရေလောက်ကစားနိုင်ရင်ဘဲ အလားအလာကောင်းနေနိုင်သေး တယ်။
သေချာသလောက်ရှိတဲ့ ဂရိကလပ်
အုပ်စု B ဂရိကလပ် ပါနာသီနိုင်းကော့စ်ဟာ ပွဲစဉ် ၁မှာ စကော့တလန်ကလပ်အဘာဒင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့နိုင်ခဲ့လို့ ဒီအုပ်စုမှာ အခြေအနေအကောင်းဆုံးဖြစ်နေတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာ တစ်ပွဲမှမကစားရသေးတဲ့ ကိုပင်ဟေဂင်ကိအဝေးကွင်းမှာ သွားရင် ဆိုင်ဖို့ရှိနေလို့ သတိတော့ထားရလိမ့်မယ်။ ဒီနှစ်မှာ ပြင်ဆင်မှုတွေ အတော်လေးလုပ်ထား တဲ့ အက်သလက်တီကိုကလည်း လိုကိုမိုးတစ်နဲ့ အဝေးကွင်းမှာကစားခဲ့ရတဲ့ ပထမပွဲမှာ ၃ ဂိုးစီသရေကျခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်နိုင်သေးတယ်။ လိုကိုမိုးတစ်ကတော့ ဒီတစ်ပတ်မှာ အဘာဒင်းကိုအဝေးကွင်းမှာ နိုင်အောင်ကစားနိုင်မှသာ အခြေအနေကောင်း နိုင်မယ်။ လက်ရှိအနေအထားအရဆိုရင်တော့ ပါနာသီနိုင်းကော့စ်ဟာ နောက်တစ်ဆင့် တက်လာဖို့များပြီး ကျန် ၂ နေရာအတွက် အက်သလက်တီကို၊ လိုကိုမိုးတစ်နဲ့ ကိုပင်ဟေဂင်တို့ အပြိုင်လုရမယ့်သဘောရှိတယ်။
အကြိတ်အနယ်အရှိဆုံးအုပ်စု
အုပ်စု C ကတော့ ပထမပွဲနှစ်ပွဲစလုံး တစ်ဂိုးစီသရေကျခဲ့လို့ အကြိတ်အနယ်ရှိနေဆဲဖြစ် တယ်။ အသင်းငယ်လေး ဘိုလီဆလပ်အနေနဲ့ တစ်ပွဲမှမကစားရသေးလို့ မျှော်လင့်ချက်ပို ရှိနိုင်ပေမယ့်ကစားသမားပါဝင်မှုအနေအထား၊ ပြိုင်ပွဲအတွေ့အကြုံနဲ့ အသင်းလိုက်ခြေစွမ်း အရတော့ ဒီအုပ်စုမှာ အေအီးကေ၊ ဖီအိုရင်တီးနား၊ ဗီလာရီးယဲလ်တို့ လေးသင်းပဲအပြိုင် လုရမယ့်အနေအထားရှိတယ်။ဒါပေမယ့် ဒီလေးသင်းစလုံး တစ်မှတ်စီပဲရနေသေးလို့ ဘယ်
အသင်းတွေ နောက်တစ်ဆင့်တက်နိုင်မလဲဆိုတာ ဒီအပတ်ပွဲစဉ်တွေပြီးမှပဲ အနီးစပ်ဆုံး ခန့်မှန်းလို့ရမယ်။ ဒါကြောင့် ဒီအုပ်စုဟာအကြိတ်အနယ်အရှိဆုံးအုပ်စုလို့တောင်ဆိုရမယ်။
ဘရန်း မသေချာတော့
အုပ်စု D မှာ ဘေဆဲလ်နဲ့ ဟမ်းဘာ့ဂ်တို့ဟာ ၃ မှတ်စီရနေလို့နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းနိုင်တယ်။ အထူးသဖြင့် ဟမ်းဘာ့ဂ်ဟာ အဝေးကွင်းမှာ ဘရန်းကို အနိုင်ရခဲ့လို့အခြေအနေပိုကောင်းနေတယ်။ ဒီတစ်ပတ်မှာ ဟမ်းဘာ့ဂ်ကစားဖို့ပွဲမရှိပေမယ့် ကျန်တဲ့အသင်းတွေရဲ့ပွဲမှာ တစ်ပွဲလောက်သရေကျခဲ့ရင် ဟမ်းဘာ့ဂ်အတွက် အခွင့်အရေး ပိုကောင်းသွားနိုင်တယ်။ လက်ရှိအသင်းလိုက်အနေအထားအရတော့ ဘရန်းဟာ အုပ်စု တက်ဖို့ မသေချာတော့တဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒီတစ်ပတ်မှာ တစ်မှတ်မှမရသေး တဲ့ ရန်းနက်စ်နဲ့ ဘရန်းတို့တွေ့မယ့်ပွဲက တစ်မျိုးစိတ်ဝင်စားစရာကောင်းနေသလို ဒိုင်နမိုဇာဂရက်စ်ကွင်းမှာဘေဆဲလ်အသင်း ဘယ်လိုရလဒ်မျိုးရအောင် လုပ်ပြသွားမလဲဆို တာလည်း စောင့်ကြည့်ရလိမ့်မယ်။
မထင်မှတ်ဘဲ အလားအလာကောင်းနေတဲ့ ဇူးရစ်
လီဗာကူဆင်၊ စပါးတပ်မော်စကို၊ စပါတာပရပ်စတဲ့ အစဉ်အလာရှိတဲ့ အသင်းကြီးတွေပါတဲ့ အုပ်စု E မှာ ရုရှားကလပ်ဇူးရစ်ဟာ ပွဲဦးထွက်မှာ စပါတာပရပ်ကို ချက်မြေမှာ ၁-၂ နဲ့ အနိုင် ရပြီးမထင်မှတ်ဘဲ အလားအလာအကောင်းဆုံးဖြစ်နေတယ်။ ဒါကြောင့် လက်ကျန်ပွဲစဉ် တိုင်းဟာ အသင်းကြီးတွေအတွက် အမှားမခံတော့လို့ ဒီအုပ်စုပွဲစဉ်တွေဟာလည်း အကြိတ်အနယ်ရှိလာနိုင်တယ်။ ဒီတစ်ပတ်ပွဲစဉ်မှာ ရုရှားမြေမှာတွေ့မယ့် စပါးတပ်နဲ့ လီဗာကူဆင်တို့ပွဲဟာ နောက်တစ်ဆင့်တက်ဖို့ အသင်းတစ်သင်း အမည်စာရင်းထွက်လာ မယ့်ပွဲဖြစ်နိုင်သလို အမှတ်မရသေးတဲ့ဇယားအောက်က တူလုစ်နဲ့ စပါတာပရပ်တို့တွေ့ မယ့်ပွဲကလည်းအကြိတ်အနယ်ရှိပြီး ပရိသတ်ကို တစ်မျိုးတစ်ဖုံရသမျိုးပေးသွားနိုင်တယ်။
ပရီးမီးယားလိဂ်သိက္ခာဆယ်ပြရတော့မယ့် ဘော်လ်တန်
အုပ်စု F မှာ ဘိုင်ယန်မြူးနစ်လို နာမည်ကြီးထိပ်တန်းအသင်းနိုင်ပွဲစပြီးဦးဆောင်နေတာ သိပ်အဆန်းမဟုတ်ပေမယ့် ဘော်လ်တန်အသင်းရဲ့အနေအထားကတော့ ပရီးမီးယားလိဂ် မှာသာမကဘူး၊ ဒီပြိုင်ပွဲမှာပါ အားမရစရာဖြစ်နေသေးတယ်၊ နည်းပြသစ်မက်ဆန်အနေနဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းအောင် မလုပ်နိုင်ဘူးဆိုရင်တောင် ပုံစံကွဲပြားတဲ့ဒီပြိုင်ပွဲမှာ တော့ အုပ်စုအဆင့်ကကျော်အောင်လုပ်ပြီး သူတို့အသင်းဂုဏ်သိက္ခာာကို မြင့်တင်ပြသင့် တယ်။ ခက်တာက ဒီတစ်ပတ်မှာ သူတို့အသင်းဟာ ဘိုင်ယန်ကိုဂျာမန်မြေမှာ သွားရင်ဆိုင် ရမယ့်အချက်ပဲ။ ဘိုင်ယန်အနေနဲ့လည်း ဒီတစ်ပတ်ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲစဉ်မှာ သရေ ကျခဲ့လို့ ဒီပွဲမှာရလဒ်ကောင်းအောင်လုပ်ပြီး သိက၊ာပြန်ဆယ်မယ့်အနေအထားရှိတော့ ဘော်လ်တန်အတွက် ဒီပွဲဟာခက်ခဲမှုအများကြီးရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အနေအထားအရ ဘိုင်ယန်မြူးနစ်ကတော့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်း နိုင်ပြီးကျန် ၂ နေရာကတော့ ဘောလ်တန်နဲ့ ကျန် ၃ သင်းပဲအပြိုင်ကြဲရနိုင်တယ်။
လက်ရှိချန်ပီယံရာမို့စ်ကို စောင့်ကြည့်ရမယ်
အုပ်စု G မှာ အန်ဒါးလက်ခ်ျနဲ့ ဂီတာဖေးတို့ သုံးမှတ်စီနဲ့ အလားအလာကောင်းနေချိန်မှာ ပရီးမီးယားလိဂ်က နာမည်ကြီးတော့တင်ဟမ်ကတော့ စိတ်ပျက်စရာအနေအထားမျိုးကနေ ရုန်းမထွက်နိုင်သေးဘူး။ ဂီတာဖေးကို အိမ်ကွင်းမှာရှုံးပြီး မာတင်ဂျိုးလ်ထွက်လိုက်ရပြီး သူ့နေရာကိုရောက်လာတဲ့သူကလည်း အခြားလူမဟုတ်ဘဲ လက်ရှိယူအီးအက်ဖ်အေ ချန်ပီယံ ဆီးဗီးလားရဲ့နည်းပြရာမို့စ်ဖြစ်နေတယ်။ ရာမို့စ်ဟာ ဆီဗီးလားကို ဒီပြိုင်ပွဲမှာ နှစ်နှစ်ဆက်တိုက်ဗိုလ်စွဲအောင် ထူးထူးခြားခြား စွမ်းဆောင်ပေးခဲ့သူဖြစ်လို့ တော့တင်ဟမ် အသင်းကို သူ့အစွမ်းအစနဲ့ ဘယ်လိုဆွဲတင်သွားမလဲဆိုတာ သေချာစောင့်ကြည့်ရမယ်။
တကယ်တော့ တော့တင်ဟမ်အသင်းမှာ ကစားသမားအင်အားအရ ပြိုင်ဘက်အသင်းတွေ ကို ကောင်းကောင်းယှဉ်နိုင်လို့ နည်းပြသစ်ရာမို့စ်ရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ စကားပြော နေတယ်လို့ဆိုရမယ်။ ရာမို့စ်ကိုယ်တိုင်ကလည်း သူ့လက်ထက်မှာ အသင်းကို အရင်ကစား ပုံနဲ့ ခြေစွမ်းမျိုးလုံးဝပြောင်းလဲသွားစေရမယ်လို့ ကြွေးကြော်ပြီး အသင်းကိုတင်းတင်း ကျပ်ကျပ်ကိုင်တွယ်နေလို့ တော့တင်ဟမ်အသင်းအနေနဲ့ ခြေစွမ်းပိုင်းပြန်တက်လာနိုင် တယ်လို့ မျှော်လင့်ရတယ်။ဒါပေမယ့် အသင်းရဲ့ရလဒ်ပိုင်းကတော့ သိသိသာသာ တိုးတက် မှုမရှိသေးဘူးဆိုတာ ပြီးခဲ့တဲ့စနေနေ့က မစ်ဒယ်ဘရော့နဲ့ ကစားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်ဂိုးစီသရေပဲကစားနိုင်ခဲ့သေးတော့ ရာမို့စ်လက်ထဲမှာ အသင်းအနေအထား သိသိသာ သာတက်လာပြီလို့ပြောဖို့ခက်နေသေးတယ်။
သူကိုယ်တိုင်ကလည်း အခုမှ အင်္ဂလိပ်စကား ပြောပြန်သင်နေပြီး အင်္ဂလိပ် ဘောလုံး လောကကိုလည်း စလေ့လာနေရတော့ အသင်းကို အကောင်းဆုံးအနေ အထားချက်ချင်းရ အောင် လုပ်နိုင်ဖို့တော့အသင်းကို အကောင်းဆုံးအနေအထား ချက်ချင်းရအောင် လုပ်နိုင်ဖို့တော့ မျှော်လင့်ထားလို့ မရသေးဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆီဗီး လားလို အသင်းမျိုးကိုတောင် ဒီပြိုင်ပွဲမှာ ၂ နှစ်ဆက်ချန်ပီယံဖြစ်အောင် လုပ်ထားနိုင်ခဲ့တဲ့ သူ့စွမ်းရည်ကိုတော့ အထင်သေးလို့မရဘူး။ ဒါကြောင့် တော့တင်ဟမ်အသင်းကို ဒီတစ်ပတ်ပွဲစဉ်မှာ သေချာစောင့်ကြည့်ရလိမ့်မယ်။
အဆိပ်ကုန်သွားပြီလား ဂါလာတာစာရေး
အရင်ကဆို ဂါလာတာစာရေးဟာ ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာတောင် အသင်းကြီးတွေကို မထင်မှတ်ဘဲ ဒုက္ခပေးတတ်တဲ့ ဂါလာတာစာရေးအသင်းဟာ ဒီနှစ်ယူအီးအက်ဖ်အေပြိုင် ပွဲမှာတောင် အစွမ်းပျောက်နေတာတွေ့ရတယ်။ တကယ်လို့ ဒီတစ်ပတ် ဟယ်ဆင်ဘာ့ဂ်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲမှာသာ ရလဒ်မကောင်းခဲ့ရင်တော့ ဂါလာတာစာရေးမှာ အဆိပ် တွေကုန်သွားပြီလို့တောင်ဆိုရပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန်အထိ ဒီအုပ်စုမှာ အသင်း တိုင်းမျှော်လင့်ချက်ထားလို့ရနေသေးလို့ ဒီတစ်ပတ်ပွဲစဉ်ဟာ အကြိတ်အနယ်ရှိဦးမှာသေ ချာတယ်။
ချန်ပီယံလိဂ်အပြောင်းအလဲဖြစ်လာမလား
ဒီပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အီတလီနဲ့ အင်္ဂလန်အသင်းတွေက အများဆုံး အောင်မြင်မှု ရခဲ့သလို ပြီးခဲ့တဲ့ နှစ်ပြိုင်ပွဲတွေမှာတော့ စပိန်အသင်းတွေ တစ်ကျော့ပြန်ခေါင်းမော့ဦး ဆောင်လာခဲ့ပြန်တယ်။ ဒီနှစ်မှာ အီတလီ၊ အင်္ဂလန်၊ စပိန် အသင်းတွေထဲကပဲ ချန်ပီယံ ထပ်ဖြစ်လာဦးမလား၊ ဒါမှမဟုတ် ဂျာမနီ(သို့)အခြားကလပ်အသစ်တစ်ခုကပဲ ထိုးဖောက် ဗိုလ်စွဲသွားနိုင်မလားဆိုတာစောင့်ကြည့်ရမယ်။ လက်ရှိအုပ်စုအဆင့်မှာရောက်နေတဲ့ အသင်းတွေထဲမှာတော့ ကစားသမားအင်အား၊ ပြိုင်ပွဲအတွေ့အကြုံနဲ့ အသင်းအရှိန်အ၀ါ အရ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ မျှော်လင့်ချင်စရာအကောင်းဆုံးဖြစ်နေ တယ်။ ဒါပေမယ့် ဒီနှစ်ဗိုလ်လုပွဲဟာ အင်္ဂလန်မြေ မန်စီးတီးရဲ့ကွင်းမှာ ကျင်းပမှာဖြစ်လို့ အင်္ဂလန်အသင်းတွေရဲ့ အားထုတ်မှုကိုလည်း လျှော့တွက်ထားလို့တော့မဖြစ်သေးပါဘူး။ အခုအချိန်ထိလည်း အုပ်စုအဆင့်ကနေ ဘယ်အသင်းတွေတက်လာမလဲဆိုတာ အတိအ ကျခန့်မှန်းလို့မရသေးတော့ ဒီနှစ်ယူအီးအက်ဖ်အေဖလားပွဲဟာ အရင်နှစ်တွေထက် အဆင့် အတန်းနဲ့ အားပြိုင်မှုမနိမ့်ကျပဲ အကြိတ်အနယ်ရှိနေသေးတာတော့ သေချာနေတဲ့ အချက် ပဲမဟုတ်ပါလား။
|